ကန့်သတ်မှုမျိုးစုံနဲ့ ကြံတွေ့နေရတဲ့ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ဘဝ

အယိုက်လင်း ရေးသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရောက် ချင်းစစ်ဘေးရှောင်တွေဟာ ဒေသခံတွေ၊ အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်အဖွဲ့တွေရဲ့ အိမ်ငှားရမ်းတာ၊ စျေးရောင်းချတာ၊ ယာဥ်၊ ဆိုင်ကယ် မောင်းနင်းခွင့် ကန့်သတ်တာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံသားတွေထဲက မူးယစ်ဆေးဝါးတင်သွင်းမှုများလာခြင်း၊ စီးပွားရေးအဖြစ် စျေးရောင်းချသူတွေ များလာခြင်း၊ မတော်တဆ ယာဥ်တိုက်မှုများလာတာတွေကြောင့် ဒေသခံတွေ၊ အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်အဖွဲ့တွေက အခုလို ကန့်သက်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်က ဆိုက်ဟားခရိုင်မှာရှိတဲ့ ချင်းစစ်ဘေးရှောင် စခန်းတွေကို ကျေးရွာအာဏာပိုင် (VCP) နဲ့ မရာလူငယ်အသင်းမှ တာဝန်ရှိသူတွေက လာရောက်ပြီး ဈေးရောင်းခွင့်မပြုတော့ဘဲ ဆိုင်တွေကို အတင်းအဓမ္မ ဖျက်သိမ်းခိုင်းပါတယ်။

အလားတူပဲ တခြားခရိုင်တွေမှာရှိတဲ့ မြန်မာစစ်ဘေးရှောင်တွေကိုလည်း ဒေသတွင်း အာဏာပိုင်တွေက စျေးရောင်းချခွင့်ကို လုံးဝ ပိတ်ပင်ထားပါတယ်။

စစ်ဘေးရှောင်တွေဟာ မိသားစုစားဝတ်နေရေးနဲ့ အထွေထွေကိစ္စရပ်တွေ ဖြေရှင်းဖို့အတွက် အိမ်စျေးဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တို့ကို တစ်နိုင်တစ်ပိုင် စီးပွားအဖြစ် ရောင်းချပေးမယ့် အခုအခါ အာဏာပိုင်အဖွဲ့တွေရဲ့ကန့်သတ်ချက်ကြောင့် စျေးဆိုင်တွေရောင်းချခွင့်မရတော့အတွက် စားဝတ်နေရေး ပိုမိုကြပ်တည်းနေပါတယ်။

“နိုင်ငံခြားသားတွေ စျေးရောင်းချခွင့် မရှိဘူးဆိုပြီး စျေးဆိုင်တွေ ပိတ်သိမ်းခိုင်းပါတယ်။ ကျတော်တို့က အိမ်စျေးဆိုင်သေးလေး ဖွင့်တာပါ။ ဆိုင်ကရတဲ့အမြတ်ငွေနဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ကလေးတွေပညာရေးတွေကို ဖြေရှင်းနေရတာပါ။ အခုစျေးရောင်းလို့မရတော့ အလုပ်အကိုင်ကလည်းမရှိတော့ အထွေထွေကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေပါတယ်။”လို့ ပလက်ဝမြို့နယ်မှ အသက် ၃၀ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

အရင်က အဲဒီ စစ်ဘေးရှောင်တွေကို ဒေသခံတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက နားလည်မှုသဘောနဲ့ စျေးရောင်းချခွင့်ပြုထားပါတယ်။

စစ်ဘေးရှောင်တွေ စားဝတ်နေရေးနဲ့ပတ်သက်ပြီး မီဇိုစကားဝိုင်းတွေမှာ စစ်ဘေးရှောင်တွေ ဝမ်းစာရှာဖွေခွင့် ပေးထားပေမယ့်လည်း စျေးရောင်းချခွင့်ကို ဒေသတွင်း အာဏာပိုင်တွေ ခွင့်ပြုမထားဘဲ ပိတ်ပင်ထားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူတွေဆီက သိရပါတယ်။

“မီဇိုစကားဝိုင်းတွေမှာ စစ်ဘေးရှောင်တွေ စားဝတ်နေရေး ကြပ်တည်းမှုဖြေရှင်းနိုင်ဖို့ ဝမ်းစာရှာဖွေခွင့် ပေးသင့်တယ်လို့ ဆွေးနွေးကြတယ်။ ဒါပေမယ့် စျေးရောင်းချပြီး ဝမ်းစာရှာဖွေနေတာကျတော့ သူတို့ပိတ်ပင်ထားတယ်။ အမှန်တော့ စျေးရောင်းချတာဟာ မိသားစုစားဝတ်နေရေးအတွက်ဖြစ်ပါတယ်။ ဒါကို သူတို့ ခွင့်ပြုပေးသင့်တယ်။” လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ပေးသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် မီဇိုရမ်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လုံလေမြို့က ချင်းစစ်ဘေးရှောင်တွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကမှစ၍ ဆိုင်ကယ်မောင်းနင်းခွင့် ပိတ်ပင်ထားပြီး စစ်ဘေးရှောင်တွေရဲ့ ဆိုင်ကယ်ဘီးတွေကို ဒေသခံတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက လာရောက်ဖြုတ်ယူ သိမ်းဆည်းသွားပါတယ်။

နိုင်ငံခြားသား စစ်ဘေးရှောင်တွေဟာ ယာဥ်၊ ဆိုင်ကယ် မောင်းနင်းခွင့်မရှိတာကြောင့် အခုလို ပိတ်ထားတာဖြစ်ပြီး ဆိုင်က်မောင်းနင်းခွင့် ပိတ်ထားတဲ့အတွက် အရေးပေါ် အခြေအနေမျိုးမှာ စစ်ဘေးရှောင်တွေဟာ အခက်ကြုံတွေ့နေရရပါတယ်။

“ညဘက် အရေးပေါ် ကျန်းမာရေး အခြေအနေမျိုးမှာ ဆိုင်ကယ်မောင်းနင်းခွင့် မပေးတော့ ဒုက္ခရောက်ရတာပေါ့။ ဒေသခံတွေကို အကူအညီတောင်းမယ်ဆိုလည်း ညဘက်ဆို အဆင်မပြေဘူးလေ။ လူမှုရေးကိစ္စဖြစ်ဖြစ်၊ စျေးဝယ်တာဖြစ်ဖြစ်၊ တခြားကိစ္စဖြစ်ဖြစ်ပေါ့လေ။ အရမ်းဒုက္ခရောက်ရတယ်။” လို့ ဟားခါးမြို့နယ်မှ အသက် ၄၀ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ငြိုငြင်စွာ လေသံနဲ ပြောပါတယ်။

အဲဒီ ဖြုတ်ယူသိမ်းဆည်းထားတဲ့ ဆိုင်ကယ်ဘီးပိုင်ရှင်တွေရဲ့ နာမည်စာရင်းနဲ့ လိပ်စာတွေကို ယူထားပြီး မှတ်တမ်းတင်ထားကာ မြန်မာဘက်ပြန်မယ့်အချိန် ရဲစခန်းမှာ ဘီးတွေကို ပိုင်ရှင်ကိုယ်တိုင် ပြန်လည်ထုတ်ယူရမယ်ဖြစ်ပါတယ်။

မြန်မာစစ်ဘေးရှောင်တွေအများဆုံးနေထိုင်တဲ့ ကျန်ဖိုင်ခရိုင်၊ ဇိုခေါ်သာရ်ရွာမှာတော့ 125 ဆိုင်ကယ်တွေကို ယာယီနံပတ်ထုတ်ပေးပြီး ဆိုင်ကယ်အင်ဂျင်နံပါတ်တွေမှတ်ကာ စီးနင်းအသုံးပြုခွင့်ပေးထားပါတယ်။

အလားတူ လုံလေခရိုင်၊ Electric Veng ရပ်ကွက်မှာနေထိုင်တဲ့ ချင်းစစ်ဘေးရှောင်တွေရဲ့ မှတ်ပုံတင်တွေကိုလည်း ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ရပ်ကွက်တာဝန်ရှိသူတွေက လာရောက် ယာယီ သိမ်းယူ သိမ်းဆည်းသွားပါတယ်။

ချင်းစစ်ဘေးရှောင်များအနေနဲ့ မြန်မာပြည်နဲ့ လုံလေမြို့ကို အချိန်မရွေးခရီးသွားတာ သွားလာလှုပ်ရှားတာ မပြုလုပ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက စစ်ဘေးရှောင်တွေရဲ့ မှတ်ပုံတင်တွေကို ယာယီသိမ်းယူသွားတာလို့ ဆိုပါတယ်။

ဒါပေမယ့် သိမ်းယူထားတဲ့ ချင်းစစ်ဘေးရှောင်တွေရဲ့ မှတ်ပုံတင်တွေကို အရေးကြီး လိုအပ်သူတွေ ရှိလာပါ ပြန်လည်ထုတ်ပေးသွားမယ်ဖြစ်ပါတယ်။

အခုလို စစ်ဘေးရှောင်တွေရဲ့ မှတ်ပုံတင် သိမ်းဆည်းထားတာဟာ လူ့အခွင့်ရေး ချိုးဖောက်မှုမြောက်တယ်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင်တွေ သုံးသပ်ထားပါတယ်။

နိုင်ငံတကာဥပဒေပညာရှင်တစ်ဦးက “UN ကဒ်တွေပေးတယ်ဆိုရင်အောင် ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားမှတ်ပုံတင်ကိုသိမ်းလို့မရဘူး။ အခု သူတို့လုပ်တာက UN ကဒ်လို အာမခံချက်တစ်ခုခုရှိတဲ့ကဒ်တစ်ခုထုတ်ပေးမှာမို့လို့ ကျနော်တို့ နည်းနည်းစဉ်းစားလို့ရသေးတယ်။ အခုကျတော့ တခြားကဒ်တစ်ခုခုထုတ်မပေးနိုင်ဘဲနဲ့ နိုင်ငံသားမှတ်ပုံတင်သိမ်းတယ်ဆိုတာ ဒါ လူ့အခွင့်ရေးချိုးဖောက်မှုမြောက်တယ်လို့ပြောလို့ရတယ်။ တကယ်လို့ ကျမတို့ပြန်သွားခဲ့မယ်၊ အခုဆို မီဇိုရမ်က ကျမတို့ကို နှင်ထုတ်နေတာပဲလေးနော်။ အဲ့ကြားထဲ မှတ်ပုံတင်တွေသိမ်းနေတာက ဘာလဲပေါ့နော်။ မေးခွန်းထုတ်စရာဖြစ်တယ်။ သူတို့က ကျမတို့ကို နိုင်ငံသားကဲ့သို့သော ကဒ်တစ်ခုခုမပေးဘဲ ဒီလို ကျနော်တို့ မှတ်ပုံတင်ကိုသိမ်းတာက ဘယ်ဥပဒေနဲ့လုပ်နေတာလဲ။ ဥပမာ မြန်မာနိုင်ငံသားတွေက တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေမို့လို့ နိုင်ငံခြားအက်ဥပဒေနဲ့ သက်ဆိုင်ရာ မှတ်ပုံတင်ကဒ်ကိုသိမ်းတယ်ဆိုရင်တော့တမျိုးပေါ့။ အခုကျတော့ အဲ့လိုလည်းမဟုတ်ပြန်ဘူး။ ဒီလို မှတ်ပုံတင်သိမ်းလိုက်ခြင်းအားဖြင့် သူတို့ပြန်မပေးတော့ဘူး၊ ကဒ်ပျောက်ခိုင်းတယ်ဆိုရင် ကျနော်တို့ဟာ နိုင်ငံမဲ့ဖြစ်သွားနိုင်တဲ့အလားအလာများတယ်” လို့သုံးသပ်ပြောဆိုထားပါတယ်။

အခုလို ဒေသခံတွေ၊ အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ချင်းစစ်ဘေးရှောင်တွေအပေါ် ကန့်သတ်မှုမျိုးစုံနဲ့ ဖိအားတွေ ပေးလာတဲ့အတွက် စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး၊ နေထိုင်ရေး၊ စီးပွားရေး၊ ကလေးတွေ ပညာရေးတို့မှာ အရင်ကထက် ပိုမိုကြပ်တည်း ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

လက်ရှိ မြန်မာ – အိန္ဒိယနယ်စပ်မှာ မြန်မာနိုင်ငံသားတွေဆီက သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေ ရှိလာတဲ့အတွက် ချင်းစစ်ဘေးရှောင်တွေအပေါ် ရိုက်ခတ်လာပြီး နောက်ထပ် ကန့်သတ်ချက်တွေ လာမယ်ကို စစ်ဘေးရှောင်တွေဟာ စိုးရိမ်နေကြရပါတယ်။

မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်တွေကို ဒေသခံတွေက စောင့်ကြည့်နေတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့လည်း မိမိနေထိုင်တဲ့နေရာဒေသက ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ လိုက်နာကြဖို့၊ ဒေသခံတွေနဲ့အဆင်အောင်နေထိုင်ဖို့ အရေးကြီးတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

“ကန့်သတ်တာလည်း ကျတော်တို့ စစ်ဘေးရှောင်တွေနေထိုင်တဲ့အပေါ်မူတည်ပြီး တာဝန်ရှိသူတွေက လိုအပ်လာလို့ ကန့်သတ်တာဖြစ်ပါတယ်။ ဒါကြောင့် ကျတော်တို့က ပိုပြီး အနေအထိုင် ဆင်ခြင်ရမယ်။ ကန့်သတ်မှုတွေများလာလျင် ကျတော်တို့တွေပဲ အနေထိုင် ကြပ်တည်းလာမယ်။ ထိခိုက်နစ်နာလာမယ်ဖြစ်တယ်။”လို့ အသက် ၃၅ နှစ်အရွယ် လောင်တလိုင်ခရိုင် မတူပီမြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက ဆိုပါတယ်။

ချင်းစစ်ဘေးရှောင်တွေဟာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်လာတာ ကာလကြာလာသည်နဲ့အမျှ ကျေးရွာအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ကို လိုက်နာမှု အားနည်းလာပြီး မိမိကျေးရွာမှာနေထိုင်သလို နေထိုင်လာကြပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်တာဝန်ရှိသူတွေနဲ့ စစ်ဘေးရှောင်တွေဟာ မိမိနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းထဲကသူတွေကို ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်လာတာဖြစ်ပါတယ်။

မြန်မာပြည်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း ချင်းပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ထွက်ပြေးစစ်ဘေးရှောင်နေကြပါတယ်။

အခုအခါ ချင်းပြည်နယ်ရဲ့ မြို့နယ်၊ နယ်မြေအများကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပေမယ့် မီဇိုရမ်ရောက် ချင်းစစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အများစုဟာ နေရပ်ပြန်မလာရဲသေးဘဲ မိမိစစ်ဘေးရှောင်တဲ့နေရာတွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်ရောက် ချင်းစစ်ဘေးရှောင်တွေကို အရင်က ဒေသခံပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်အဖွဲ့တွေက ကူညီဖေးဖမကြပေမယ့် အခုအခါမှာ စစ်ဘေးရှောင်ဟာ အာဏာပိုင်နဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ ကန့်သတ်မှု မျိုးစုံတို့နဲ့ ကြုံတွေ့နေရတဲ့အတွက် အထွေထွေကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်