၂၂၊ ဩဂုတ်လ၊ ၂၀၂၄
Zalen
မီဇိုရမ်အခြေစိုက် ဇိုးပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organisation – ZORO) ရဲ့ဦးစီးဦးဆောင်မှုဖြင့် မနေ့ဩဂုတ်လ ၂၁ ရက်နေ့မှာ အိုင်ဇောလ်မြို့ရှိ ZORO ရုံးချုပ်မှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်နဲ့ ZORO တို့တွေ့ဆုံခဲ့ပြီးလက်ရှိ ချင်းပြည်အရေးကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်မှာရှိတဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်/ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ – ICNCC တို့ကြား သဘောထားကွဲလွဲပြီးနှစ်ဖက်ပစ်ခတ်မှုအထိဖြစ်ပွားတာကို ZORO က အလိုမရှိတာကြောင့် သူတို့နှစ်ဖွဲ့ကြား သဘောထား မကွဲလွဲဘဲ စည်လုံးနိုင်အောင် ကြားကနေ ကိုယ်စား လှယ်အနေနဲ့ အကျိုးဆောင်ပေးနေတာလို့ ZORO က ထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့တွေဟာ ညီအကိုတွေဖြစ်ကြတာကြောင့် ပိုင်းခြားလို့မရသလို အချင်းချင်းတိုက်ခိုက်လို့ လည်းမရဘူးဆိုတာကို ကောင်းစွာသဘောပေါက်ဖို့လိုတယ်။ ဆင်းသက်လာရာတူညီတဲ့ ညီအကိုတွေ ဖြစ်ကြတာကြောင့် တစ်နေ့နေ့ မှာ ဘုရားသခင်က ကျွန်တော်တို့တွေကို တစ်နေရာထဲမှာ ပြန်စုလိမ့်မယ် လို့ကျွန်တော်တို့ယုံကြည်တယ်။ ကျွန်တော်တို့ဟာ အချင်းချင်းတိုက်ခိုက်လို့မဖြစ်သလို စည်းလုံးညီညွတ် မှုရှိဖို့လိုတယ်ဆိုတာဟာ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဖြစ်သလို အခုလို ငြိမ်းချမ်း ရေးအကျိုးဆောင် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်နေတာလည်းဖြစ်တယ်။”လို့ ZORO ရဲ့အထွေထွေ အတွင်းရေးမှူး ပူးအဲလ်ရမ်ဒင်လျန်နာ (Pu L. Ramdinliana) က ဆိုပါတယ်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဦးဆောင်သူ ဆလိုင်းလျန်လွယ်က ယခုလို ချင်းလူမျိုးအချင်းချင်းကြား စည်းလုံးညီညွတ်မှုရှိေစရန်ရည်ရွယ်ချက်ဖြင့် ZORO ရဲ့လုပ်ဆောင်ချက်ဟာ အလွန်ကောင်းမွန်ကြောင်း၊ ZORO အနေနဲ့ ချင်းလူမျိုးတွေစည်းလုံးဖို့ကိုစိတ်ရင်းနဲ့လိုချင်တာကိုလည်း တွေ့ရှိကြောင်း နဲ့ နောက်နောင်မှာလည်း ယခုလိုလုပ်ရပ်မျိုးကို ဆက်လက်လုပ်ဆောင်ပေးဖို့ ပြောကြား ထားပါတယ်။
တွေ့ဆုံပွဲကိုတက်ရောက်တဲ့ ချင်းညီနောင် ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းတီမီ ကလည်း “ ဒီကနေ့ တွေ့ဆုံမှုဟ အစပထမဖြစ်ပြီး ချင်းလူမျိုးများအကြား စည်းလုံးညီညွတ်မှုရှိဖို့ဟာ ကျွန်တော်တို့လိုချင်တဲ့ အရာဖြစ်တယ်။ကျွန်တော်တို့က စည်းလုံးမှုကိုလိုချင်တာကြောင့် ကျွန်တော်တို့ကိုလာတိုက်တဲ့ လူတွေကိုတောင်မှ ပြန်မတိုက်ဘူး။အချင်းချင်းကြားမှာ စည်းလုံးမှုရှိစေဖို့ ဆိုရင်ကျွန်တော်တို့တွေရဲ့ လက်ရှိရာထူးတွေကို အကုန်ဖျက်ဆီးပြီးတော့ အစကနေပြန်စဖို့တောင် ကျွန်တော်တို့လိုချင်တယ်။”လို့ ပြောပါတယ်။
ZORO ဟာ လက်ရှိ ချင်းပြည်ကောင်စီ နဲ့ ချင်းညီနောင်/ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့ကြား သဘောထားကွဲလွဲတဲ့ကိစ္စပြေလည်နိုင်ဖို့အတွက် ဆက်လက် လုပ်ဆောင် သွားမှာဖြစ်ပြီး အဆင်ပြေလာတဲ့တစ်နေ့မှာ ငြိမ်းချမ်းရေးစားပွဲဝိုင်းအတွင်းဆွေးနွေးနိုင်ဖို့ လုပ်ဆောင် သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – Grace