ဇွန် ၁၁၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆွောင်းဇန်ရွာသားတစ်ဦးဖြစ်တဲ့ Pa Pau Ngaih Mang (ခေါ်) Pa Mang လုပ်ကြံသတ်ဖြတ်ခံရမှုဟာ မိမိတို့လက်ချက်မဟုတ်ကြောင်း တီးတိန်ခရိုင်အခြေစိုက် ဇိုမီးအမျိုးသားတပ်မတော် (ZNA) က ဇွန်လ ၁၀ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
Pa Mang ဟာ ဇွန်လ ၉ ရက်နေ့က ဆွောင်းဇန်ရွာကနေ တုန်းဇံရွာဆီ အလည်သွားပြီးအပြန် ညနေပိုင်းမှာ အမည်မသိအုပ်စုတခုရဲ့ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။
၎င်းရဲ့ရုပ်အလောင်းကိုတော့ ရွာသားတွေက ဇွန်လ ၁၀ ရက်နေ့ မနက် ၁ နာရီခန့်မှာ ဆွောင်းဇန်ရွာမှာရှိတဲ့ ၎င်းရဲ့နေအိမ်ဆီ သယ်ဆောင်လာခဲ့ကြတယ်လို့ သိရပါတယ်။

ZRA-EC ဘက်က Joshua Zomi ဆိုသူက ဒီလုပ်ကြံမှုကို ZNA က လုပ်တာဖြစ်တယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ZNA က အခုလို ပြန်လည်ရှင်းလင်းထားတာဖြစ်ပါတယ်။
ဖြစ်ပွားခဲ့တဲ့နေ့မှာ ZNA အဖွဲ့အနေနဲ့ ရှေ့တန်းထွက်တာ၊ စစ်ရေးလှုပ်ရှားတာတွေ လုံးဝမရှိဘဲ စခန်းမှာပဲ အနားယူနေတာဖြစ်လို့ ဒီလုပ်ကြံမှုဟာ မိမိတို့လက်ချက် လုံးဝမဟုတ်ကြောင်း ငြင်းဆိုပါတယ်။
ကွယ်လွန်သူ Pa Mang ဟာ ZRA-EC ကို အစဉ်တစိုက် အားပေးကူညီခဲ့သူဖြစ်ပြီး၊ ZNA မဖွဲ့စည်းခင်ကာလတွေတုန်းက အတူစား၊ အတူသွားခဲ့ဖူးတဲ့ မိတ်ဆွေကောင်းတဦး ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ မိတ်ဆွေအပေါ်မှာ အခုလိုမျိုး ခြေလွန်လက်လွန်လုပ်ဖို့ စိတ်ကူးပင်မရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Zomi National Army (ZNA) ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ကမှ ZRA-EC ခေါင်းဆောင်ပိုင်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားမရလို့ဆိုပြီး ဇိုဂမ်ဒေသကာကွယ်ရေးအတွက် သီးသန့်ခွဲထွက် ရပ်တည်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
လက်ရှိမှာတော့ ချင်းပြည်နယ်၊ တီးတိန်ခရိုင်အတွင်းမှာ အခြေပြု လှုပ်ရှားနေတာဖြစ်ပါတယ်။
Helen


















