ကိုဗန်
တရုတ်က မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးအားလုံးနီးပါး တားဆီးပိတ်ပင်လိုက်တဲ့ သတင်းဟာ ကြီးကြီးမားမား ပေါ်ထွက်လာခဲ့တယ်။
ကချင်ဒေသ ကန်ပိုက်တီနဲ့ ပန်ဝါမြို့တို့ကို ကေအိုင်အေက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်က နယ်စပ်ကုန်သွယ်ရေးတွေကို အကုန်ပိတ်လိုက်တာ ဖြစ်တယ်။
တရုတ်ဟာ ကိုးကန့်အပေါ် ကုန်သွယ်ရေး ပြုလုပ်တာတွေကို ပိတ်ပင်ခဲ့တာ ၁၀၂၇ ဒုတိယပိုင်းကတည်းကပါ။
နောက်ပိုင်း ရှမ်းမြောက်ဒေသမှာ တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေးလုပ်နိုင်တာ စစ်ကောင်စီ လက်ကျန် ထိန်းချုပ်နေတဲ့ မူဆယ်မြို့ပဲ ရှိပါတော့တယ်။
သို့သော်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့က စတင်ပြီး တရုတ်ဟာ မြန်မာနဲ့ နယ်စပ်ကုန်သွယ်မှု အားလုံးကို ရပ်တန့်လိုက်ပြီး ရှမ်းအရှေ့ဒေသက မိုင်းလားနဲ့ ကုန်သွယ်မှုပါ ပါဝင်နေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံထဲကို တရုတ်ကနေ စားစရာအပြင် မည်သည့် ကုန်ပစ္စည်းအားလုံးကိုမဆို တင်သွင်းခွင့် မပြုတော့တာကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအားလုံး ရပ်သွားပြီ လို့ ဆိုနိုင်တယ်။
ကေအိုင်အေက ပန်ဝါဒေသတခုလုံးကို ထိန်းချုပ်ပြီးနောက်ပိုင်း မြေရှားသတ္တု တူးဖော်ထုတ်လုပ်နေမှုတို့ကို ရပ်တန့်ခိုင်းတဲ့ သတင်းပေါ်လာပြီးနောက် တွေ့ကြုံလာရတာပါ။
တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်ခိုင်းလိုက်ခြင်းဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားနယ်မြေတွေထဲ ကုန်စည် မစီးဆင်းနိုင်အောင် လုပ်ဆောင်လိုခြင်း ဖြစ်တယ်။
မြန်မာဖက်ခြမ်းကနေလည်း စစ်ကောင်စီက ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက်ထားတာမို့ နှစ်ဖက်ညပ် ပိတ်ပင်တဲ့ အခြေအနေမျိုးပါ။
ဒါအပြင် မိုင်းလား နဲ့ ဝတို့လို ဒေသတွေကနေလည်း စီးထွက် မသွားအောင် နယ်စပ်ကုန်သွယ်ရေးအားလုံးကို ပိတ်ချလိုက်ပုံပါ။
တရုတ်ရဲ့ ပြုမှုပုံက မြန်မာနဲ့ ကုန်သွယ်လိုရင် ရေကြောင်းကနေတဆင့် ရန်ကုန်ဆိပ်ကမ်းကနေပဲ ကုန်သွယ်မယ် ဆိုတဲ့ သဘော ဖြစ်တယ်။
မြန်မာ့ကုန်သွယ်ရေးကဏ္ဍမှာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးက (၈၀)ရာခိုင်နှုန်း ပါဝင်နေပြီး နယ်စပ်ကုန်သွယ်ရေးကတော့(၂၀)ရာခိုင်နှုန်း ရှိပါတယ်။
နယ်စပ်ကုန်သွယ်ရေးကဏ္ဍာမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးဟာ အကြီးဆုံး ဖြစ်ပြီး ကိုဗစ်မတိုင်မှီကာလကဆို တစ်ရက်ကို အမေရိကန်ဒေါ်လာ(၁၀)သန်းထက် မနည်း ရှိနေပါတယ်။
မူဆယ် နယ်စပ်ကုန်သွယ်ရေးတခုတည်းတင် တစ်ရက်ကုန်သွယ်ရေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ(၅)သန်းကျော် ရှိနေတာပါ။
စစ်ကောင်စီဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသကို လက်လွတ်လိုက်ရပြီးနောက် ကုန်သွယ်ရေးတွေကို ရေကြောင်း ဆိပ်ကမ်းကနေတဆင့် လုပ်ဆောင်နိုင်ဖို့ ဆိုင်းပြင်းခဲ့တယ်။ ယခင် နယ်စပ်ကနေ တင်ပို့နေတဲ့ ပို့ကုန်အမယ်တွေကို ရေကြောင်းကနေတဆင့် တင်ပို့ဆောင်ရွက်နေတာပါ။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ကုန်သွယ်မှု ကဏ္ဍတခုလုံးရဲ့ (၁၀)ရာခိုင်နှုန်းကျော်မှာ ရှိနေပြီး တရုတ်သွင်းကုန်အများစုဟာ နယ်စပ်ကနေ ဝင်ရောက်နေတာပါ။
စားသောက်ကုန်ပစ္စည်းတွေ၊အလှကုန်ပစ္စည်း၊လျှပ်စစ်ပစ္စည်းတွေကစလို့ ဖုန်း၊ကြိုး၊ဆိုလာ၊စက်ပစ္စည်းတွေအထိ ပြည်တွင်းမှာ အသုံးများတဲ့ဘတရုတ်ထုတ်ကုန်တွေကို နယ်စပ်ကနေ အများဆုံးသွင်းတာပါ။
မြန်မာပြည်က ပို့ကုန်အများစုကို ရေကြောင်းကနေ တဆင့် တင်ပို့လို့ ရနိုင်ပေမယ့် တရုတ်ကနေ သွင်းကုန်တွေကို ပင်လယ်ရေကြောင်းကနေ သွင်းဖို့ ခက်ပါတယ်။
နယ်စပ် တရုတ်သွင်းကုန်အများစုဟာ တရုတ်ဘက်မှာ တရားဝင်ဖြစ်ပေမယ့် မြန်မာဘက်ခြမ်းမှာတော့ မှောင်ခို ဖြစ်ပြီး ဈေးနှုန်း ပိုသက်သာပါတယ်။
တကယ်လို့ ရေကြောင်းကနေ သွင်းမယ်ဆိုရင် တရားဝင်လမ်းကြောင်းကနေ ဝင်ရမှာ ဖြစ်သလို စစ်ကောင်စီရဲ့ သွင်းကုန်မူဝါဒတွေကြောင့် သွင်းနိုင်ဖို့ မလွယ်ကူပါဘူး။
သွင်းကုန်ပါမစ်လျှောက်ထားရတာ၊တရားဝင်မို့ အခွန်အများအပြားဆောင်ရတာ၊ သယ်ယူပို့ဆောင်ရေးကြာမြင့်တာတွေကြောင့် ဈေးပိုတက်လာဖို့ပဲ ရှိပါတယ်။
ပင်လယ်ရေကြောင်းကနေတဆင့် တင်သွင်းတာထက် နယ်စပ်ကနေ တင်သွင်းတာက ဈေးနှုန်းအများကြီး ကွာခြားသွားစေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သယ်ယူပို့ဆောင်ရေးလမ်းတလျှောက် ဝါးတားဂိတ်ပေါင်းစုံ တိုးလာတဲ့အတွက် ဈေးနှုန်းတွေပါ မြင့်တက်လာခဲ့တယ်။
လက်ရှိ တရုတ်က နယ်စပ်ကုန်သွယ်ရေးတွေကို ပိတ်လိုက်မယ် ဆိုရင်တော့ မြန်မာပြည်တွင်းမှာ တရုတ်သွင်းကုန်တွေ ဈေးပိုမြင့်တက်လာမယ့် သဘောပါ။
တရုတ်ကော စစ်ကောင်စီပါ ယူဆထားကြတာက နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်လိုက်ရင် တိုင်းရင်းသား ထိန်းချုပ်နယ်မြေတွေ အထိနာလိမ့်မယ် လို့ ရှုမြင်ကြပုံပါ။
ဒါပေမယ့် တကယ်တမ်းအထိနာမှာက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေပြည်တော်၊ရန်ကုန် နဲ့ မန္တလေးတို့လို လူနေထူထပ်တဲ့ မြို့တော်တွေပါ။
မြန်မာဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်တာကြောင့် ဈေးပေါပြီး အရည်အသွေးမကောင်းတဲ့ တရုတ် သွင်းကုန်တွေကို မှီခိုနေရပြီး ထိုင်းကုန်စည်တွေတောင် ဝယ်နိုင်စွမ်း နည်းပါတယ်။
တရုတ်ထုတ် ကုန်စည်အများစုကို နယ်စပ်ကနေ ဈေးပေါပေါ သွင်းလာပြီး ပြည်တွင်းမှာ သုံးစွဲနေကြရတဲ့ အခြေအနေပါ။
စစ်ကောင်စီဟာ ပြည်တွင်းဖြစ်တွေ တိုးတက်ဖို့ လုပ်ဆောင်မယ် ကြွေးကြော်နေပေမယ့် လက်တွေ့မှာ မြန်မာပြည်ဟာ တရုတ်သွင်းကုန်ကို မှီခိုနေကြရတာပါ။
စိုက်ပျိုးရေးကဏ္ဍကနေ စလို့ အခြေခံလူသုံးကုန်အထိ တရုတ်ထုတ်တွေကို မှီခိုနေရပြီး တရုတ်ကလည်း ယူနန်နယ်စပ်တလျှောက်မှာ စက်ရုံတွေ ထောင်ပြီး ကုန်သွယ်နေခဲ့တာပါ။
လက်ရှိ တရုတ်ရဲ့ နယ်စပ်ပိတ်ပင်မှုကြောင့် ယူနန်ပြည်နယ်က တရုတ်လုပ်ငန်းရှင်တွေလည်း အထိနာမယ့် သဘောပါ။
ဆင်းရဲနွမ်းပါးလာလို့ ကွာလတီကောင်းတဲ့ ပစ္စည်းထက် အဖြစ်ရှိရုံ တရုတ်ထုတ်ပစ္စည်းတွေကို မှီခိုနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း ကုန်စည်ရှားပါးလာတာကို ရင်ဆိုင်လာရမှာပါ။
ရေကြောင်းကနေ သွင်းလာရင်တောင် အခွန်အခတွေ၊လိုင်စင်ကြန့်ကြာမှုတွေကြောင့် ဈေးပိုမြင့်တက်လာပြီး ဝယ်ယူနိုင်တော့မှာ မဟုက်ပါဘူး။
တကယ်တော့ တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ပင်လိုက်တာဟာ တရုတ်ကိုလည်း အထိနာစေတဲ့ လုပ်ရပ် ဖြစ်တယ်။
နှစ်စဉ် တရုတ်-မြန်မာကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ဘီလီယံချီတဲ့ စီးပွားရေးဖြစ်ပြီး ယူနန်ပြည်နယ် နယ်စပ်တလျှောက်မှာ တရုတ်စက်ရုံတွေ အလုပ်ဖြစ်စေပြီး အရည်အသွေးနှိမ့်တဲ့ ထုတ်ကုန်တွေနဲ့ ဝင်ငွေကောင်းကောင်းရှာနိုင်ခဲ့တာပါ။
မြန်မာဘက်ခြမ်းက ကျောက်စိမ်း၊မြေရှား ၊ကျွန်း၊သစ်မာတို့လို အဖိုးတန်ကုန်စည်ကနေ စားသောက်ကုန်၊စိုက်ပျိုးကုန်စည်တွေအထိ တင်သွင်းပြီး ကြီးပွားချမ်းသာနေတာဆိုလည်း မမှားဘူး။
ကိုဗစ်ကာလကနေ စလို့ နယ်စပ်ကုန်သွယ်ရေးဟာ အကန့်အသတ်ဖြစ်လာနေပြီး စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ တရုတ်အိမ်မက်တွေ ကျိုးပျက်ခဲ့ရတဲ့ အထိ ဖြစ်လာခဲ့တယ်။
ရှမ်းမြောက်တဝန်း စစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးအထိနာသွားချိန်မှာ တရုတ်အတွက် အကျိုးအမြတ် ဒေါ်လာဘီလီယံချီ ဆုံးရှုံးနစ်နာခဲ့တာပါ။
စစ်ကောင်စီကို ပံ့ပိုးလိုသည့် ရည်ရွယ်ချက်တွေနဲ့ တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်လိုက်တာဟာ ဖြတ်လေးဖြတ် စနစ်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလုပ်ရပ်ဟာ စစ်ကောင်စီနဲ့ မြန်မာပြည်သူတွေကို အထိနာသွားစေမှာ ဖြစ်သလို ယိုင်နဲ့နဲ့ တရုတ်နယ်စပ် စီးပွားရေးကဏ္ဍအပေါ်မှာပါ အထိနာစေမှာပါ။
အားလုံးအကျိုးမရှိစေတဲ့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်လိုက်ခြင်းဟာ တရုတ်ဟာ စစ်ကောင်စီ ပြောဆိုမှုကို လိုက်နာနေတယ် ဆိုတဲ့ သဘောဖြစ်နေပါတယ်။
စစ်ကောင်စီဟာ နယ်စပ်တွေကနေ တရားမဝင်မှောင်ခိုကုန်စည်တွေ အများကြီး ဝင်ရောက်နေတယ် ဆိုတာနဲ့ တိုင်းရင်းသား ထိန်းချုပ်နယ်မြေတွေဟာ နယ်စပ် တရုတ်ကုန်သွယ်ရေးလမ်းကြောင်းက ရတဲ့ ရိက္ခာ၊ပစ္စည်းတွေနဲ့ အန်တုနေတယ် လို့ ယူဆထားပြီး တရုတ်ဘက်ကပါ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးခိုင်းတာပါ။
စစ်ကောင်စီဟာ ၎င်းထိန်းချုပ်ရာ နယ်မြေတွေကနေတဆင့် တိုင်းရင်းသားနယ်မြေတွေထဲကို စားနပ်ရိက္ခာတွေ၊ ကုန်စည်တွေ မစီးဆင်းစေဖို့ အဖက်ဖက်က ပိတ်ဆို့တားဆီးထားတာပါ။
ဒီလို တရုတ်ဘက်ကကော လုပ်ဆောင်ခြင်းအားဖြင့် စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံမှု အထမြောက်စေမယ်လို့ ယူဆထားကြတဲ့ ပုံပါ။
သို့သော် ပွင့်လင်းရာသီရောက်ပြီ ဖြစ်လို့ ဝယ်လိုအားများလာတဲ့ ကာလအရောက်မှာ ဆင်းရဲတဲ့ မြန်မာပြည်တွင်းနေ လူထုရဲ့မှီခိုရာ ကုန်စည်ကိုပါ ပြတ်တောက်သွားစေခဲ့တာပါ။
ပြောရရင် စစ်ကောင်စီကတော့ နယ်စပ်တိုင်းရင်းသားနယ်မြေတွေကို ဖြတ်လေးဖြတ် လုပ်ချင်တာ ဖြစ်သော်လည်း လက်တွေ့မှာ တရုတ်က မြန်မာတနိုင်ငံလုံးကို ဖြတ်လေးဖြတ်လုပ်သွားခဲ့တာပါ။
ဘယ်တော့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်မယ် ဆိုတာ မသိရသေးပေမယ့် အကျိုးတစုံတရာ ရှိလာတဲ့ အထိ ဖန်တီးလုပ်ဆောင်မယ့် ပုံပါ။
မြန်မာပြည်သူ အများစုသုံးနေကြတဲ့ တရုတ်ထုတ် အခြေခံကုန်စည်၊အဝတ်အထည်၊လူသုံးကုန်က စလို့ စက်ပစ္စည်းတွေအထိ နယ်စပ်လမ်းကြောင်းကနေသာ တနိုင်ငံလုံး မှီခိုနေကြရတာပါ။
မြေဩဇာ၊သံ နဲ့ သံမဏီ၊အထည်ချုပ်၊လောင်စာ နဲ့ EV စက်ပစ္စည်းတွေလောက်သာ ပင်လယ်ရေကြောင်းကနေ သယ်ယူပို့ဆောင်နိုင်တာဖြစ်တယ်။
တရုတ်အတွက် မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ တောင်တရုတ်ပင်လယ်နဲ့ မလက္ကာရေလက်ကြားကို ရှောင်လွဲနိုင်တဲ့အထိ အရေးပါတာမို့ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးစင်္ကြန် ဖြစ်အောင် ကြိုးစားခဲ့တာပါ။
အာဏာသိမ်းခံရတဲ့ အရပ်သားအစိုးရလက်ထက်မှာ စီးပွားရေးစင်္ကြန်အတွက် သဘောတူညီမှု စာချုပ်တွေ အများအပြား လက်မှတ်ရေးထိုးခဲ့ကြတယ်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်သမ္မတ လာရောက်တဲ့အထိ ဆက်ဆံရေးအားကောင်းလာခဲ့ပေမယ့် ကိုဗစ်ကြောင့် နှောင့်နှေးခဲ့ရတယ်။
၂၀၂၁ ခုနှစ်ရောက်ပြန်တော့ စစ်အာဏာသိမ်းမှုကြောင့် တဖန် ရပ်နားသွားရပြန်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲတွေကြောင့် တရုတ်အိမ်မက် စီးပွားရေးစင်္ကြန်ဟာ ဖြစ်မလာတော့တဲ့ အထိပါ။
တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေချိန် မြန်မာပြည်ဟာ သူ့အတွက် အရေးပါတဲ့ ထောက်ပံရေးလမ်းကြောင်း ဖြစ်စေချင်ခဲ့တာပါ။
သို့သော် အရပ်သားအစိုးရလက်ထက်မှာ အဆင်ပြေခဲ့တဲ့ စီမံကိန်းတွေ အားလုံးနီးပါးဟာ စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်ဝန်းကျင်အတွင်း ပြန်စနိုင်တဲ့ အခြေအနေမှာ ရှိမနေတော့ဘူး။
တကွဲတပြားစီ ပိုဖြစ်လာတဲ့ မြန်မာနိုင်ငံရေးကြောင့် တရုတ်စီမံကိန်းတွေ နောက်ဆယ်စုနှစ်တွေအထိ နောက်ဆုတ်နေရမှုက တရုတ်အကျိုးစီးပွားကို အကြီးအကျယ်အထိနာစေခဲ့တယ်။
ဒါပေမယ့် တရုတ်ဟာ စစ်ကောင်စီနဲ့ ဆက်လက်တွဲချင်နေပြီး စစ်ကောင်စီအုပ်စုရဲ့ ယူဆချက်တွေကို လိုက်ဖြည့်ဆည်းပေးနေတာမို့ ပိုပြီးဆိုးဝါးလာစေတယ်။
အခုလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ပင်လိုက်ခြင်းက မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကို မီးလောင်ရာ လေပင့် ဖြစ်စေခဲ့ပြီး ကုန်စည်ရှားပါးမှုဒါဏ်ကို အကြီးအကျယ်ခံစားရလာနိုင်ပါတယ်။
မြန်မာအတွက် ပွင့်လင်းရာသီအစ ဖြစ်သလို ငွေကြေးဖောင်းပွမှု၊အလုပ်အကိုင်ရှားပါးမှု ၊ စက်ရုံတွေ အလုပ်ရုံတွေ နှိမ့်ကျသွားတာတွေကြောင့် သွင်းကုန်ပစ္စည်းတွေကို ပိုမှီခိုနေရတာပါ။
စစ်ကောင်စီဟာ ၎င်းတို့ နိုင်ငံခြားငွေကြေးလိုအပ်ချက်အရ သွင်းကုန်လိုင်စင်တွေ ကန့်သတ်ခဲ့တာ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့ကို ကန့်သတ်ခြင်းကြောင့် သွင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာနေတာ ကြာပါပြီ။
ရေကြောင်းကနေ တင်သွင်းရတဲ့ လူသုံးကုန်၊ဆေးဝါး နဲ့ စားသောက်ကုန်၊ကုန်စည်ပစ္စည်းတွေအထိ ပြတ်တောက်လာနေတာမို့ နယ်စပ်ကနေ တရုတ်ထုတ်ကုန်တွေကို မှိခိုနေကြရတာပါ။
အခုလို တရုတ်တားဆီးပိတ်ပင်မှုတွေက ပွင့်လင်းရာသီအစမှာ ဖြစ်တာကြောင့် အကျိုးဆက်ဟာ နောက်နှစ် နွေရာသီအထိ သက်ရောက်လာနိုင်ပါတယ်။
တရုတ်က တရုတ်နိုင်ငံကနေ မည်သည့်ကုန်စည်ကိုမဆို တင်ပို့ခွင့် ကန့်သတ်တာကြောင့် ကြက်သွန်၊အာလူးစတဲ့ စားသောက်ကုန်တွေ၊ မြေဩဇာ၊ဆေးဝါး စျေးနှုန်းတွေအထိ အကျိုးသက်ရောက်လာမှာပါ။
မြန်မာနိုင်ငံဟာ တရုတ်ထုတ်ကုန်စည်သုံးစွဲမှုတွေဟာ တခြားနိုင်ငံထုတ်ကုန်တွေထက် အဆပေါင်းများစွာ မြင့်မားပြီး အခြေခံလူတန်းစားကနေ လူလတ်တန်းစားအလွှာထိ မှီခိုနေကြတာပါ။
ဒါကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ ကုန်သွယ်ကဏ္ဍ တခုလုံးရဲ့ (၁၀)ရာခိုင်နှုန်းကျော်သာ ရှိပေမယ့် အခြေခံကုန်စည်၊လူသုံးကုန်တွေမှာ မြန်မာပြည်တွင်း သုံးစွဲမှုရဲ့ (၇၀)ရာခိုင်နှုန်းကျော်ကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ဝင်ရောက်နေတာပါ။
ထိုင်းထုတ်ကုန်စည်တွေ ရှိပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု၊ကုန် ဈေးနှုန်းအရ မြန်မာလူထု လက်လမ်းမမှီနိုင်တာကြောင့်ပါ။
တရုတ်နယ်စပ်ကုန်သွယ်ရေးပိတ်ပင်မှုတို့ဟာ အကျိုးစတင်သက်ရောက်လာတော့မှာ ဖြစ်သလို တရုတ်အတွက်လည်း အဖိုးတန် မြေရှား၊ကျောက်စိမ်း၊သစ်မာ နဲ့ စိုက်ပျိုးရေးထွက်ကုန် အများစုကို လက်လွတ်ဆုံးရှုံးခံရမှာ ဖြစ်ပါတယ်။
ဒါအပြင် ရေကြောင်းကုန်သွယ်ရေးသာ အားကောင်းလာခဲ့ရင်တောင် တရုတ်ထုတ်ကုန်အပေါ် ဝယ်လိုအား အတိုင်းအတာတခုထိ လျော့ကျနိုင်သလို နယ်စပ်ကုန်သွယ်ရေးကို မှီခိုမှု လျော့ကျနေခြင်းက နောင်တချိန် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှု ရှိနေစေမှာပါ။
သို့သော်လည်း တရုတ်ဟာ ဖြစ်လာမယ့် အကျိုးဆက်တွေကို ရင်းပြီး စစ်ကောင်စီနဲ့ လက်တွဲကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ပင်ကာ ကချင်နဲ့ ရှမ်းမြောက်ဒေသကို ဖိအားပေးနေတာကို အထင်အရှားတွေ့မြင်နေရတာပါ။
ဒီလိုဖိအားပေးသော်လည်း စစ်ကောင်စီနဲ့ ရေကြောင်းကုန်သွယ်ရေးကနေတဆင့် ကုန်သွယ်ရေးကို ဆက်လုပ်နိုင်မယ် လို့ တရုတ်က ယူဆထားပုံပါ။
မြန်မာအပါအဝင် အာဆီယံဒေသတခုလုံးကို တရုတ်အတွက် စိုက်ပျိုးရေး စားသောက်ကုန် ထွက်ရှိရာ နဲ့ ကုန်ကြမ်းပစ္စည်း ရယူရာ လို့ သတ်မှတ်ထားပြီး တရုတ်ထုတ်ကုန်စည်/ကုန်ချောတွေကို ဖြန့်ချီမယ့် နေရာအဖြစ် ဖန်တီးထားတာပါ။
တရုတ်ရဲ့ ပိတ်ပင်မှုဟာ ထိရောက်မလား၊ဆိုးကျိုးပိုဖြစ်လာစေမှာလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။