Zalen
မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို MRTV Nwes Channel တယ်လီဂရမ်ချန်နယ်က မတ်လ ၁၈ ရက်နေ့က ဖြန့်ချိထားပါတယ်။
Zalen ချင်းမီဒီယာမှာ မတ်လ ၁၆ရက်နေ့က ရေးသားဖော်ပြထားတဲ့ သတင်းကို Screenshots ယူပြီး MRTV Nwes Channel က မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိနေတယ်ဆိုပြီး ရေးသားဖြန်ချိနေတာဖြစ်ပါတယ်။
Subscriber ၁၇,၈၀၀ ကျော်ရှိတဲ့ MRTV Nwes Channel က ” ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် အဆောက်အအုံများ ပျက်စီးခဲ့ဟု မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ချိလျက်ရှိ”ဆိုပြီး ရုပ်သံနဲ့သတင်းဖြန့်ချိထားပါတယ်။
ဖြန့်ချိထားတဲ့ မူရင်းရုပ်သံသတင်းလင့်ခ်
သတင်းကို မတ်လ ၁၉ရက်နေ့ညနေထိ ကြည်ရှူ့သူ ၅၆၀ ကျော်နဲ့ Reaction ပေးသူ နှစ်ဦးရှိပါတယ်။
စိစစ်တွေ့ရှိချက်
=========
Zalen Fact – Checking Team က စိစစ်ကြည့်တဲ့ခါ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို မတ်လ ၁၆ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါဝင် လူနေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်ဆိုတာ တွေရှိရပါတယ်။
မတ်လ ၁၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်မှာ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါး ကားလမ်းပေါ်မှာရှိတဲ့ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် UPC ခရစ်ယာန်ဘုရားကျောင်းအပါအဝင် လူနေအိမ် ၆ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လေကြောင်း တိုက်ခိုက်တာ ဟုတ်ပါတယ်။ လူနေအိမ် ၄ လုံးလောက်က ပျက်စီးသွားပါတယ်။ ဘုရားကျောင်းရယ်၊ နောက်ထပ် လူနေအိမ် နှစ်လုံးလည်း အနည်းငယ်ပျက်စီးသွားပါတယ်။ လူအိပ်မော့ကျနေတဲ့အချိန် ဗုံးကြဲသွားတာပါ။ ရွာကလူတွေအတော်များများ တခြားကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ဘေးရှောင်ကြလို့ လူထိခိုက်မူတော့ မရှိဘူး။”လို့ သူမက ဆိုပါတယ်။
လွတ်လပ်တဲ့ ဒေသတွင်း ချင်းမီဒီယာတွေမှာလည်း မတ်လ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါဝင် လူနေအိမ် ပျက်စီးသွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Zalen ချင်းမီဒီယာမှာ ဖော်ပြထားတဲ့ သတင်းလင်ခ်
Chin World ချင်းမီဒီယာမှာ ရုပ်သံနဲ့တကွ ဖော်ပြထားတဲ့ သတင်းလင့်ခ်
သုံးသပ်ချက်
=======
အထက်ပါ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်နဲ့ ချင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို မတ်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါဝင် လူနေအိမ် ထိခိုက်ပျက်စီးသွားတယ်ဆိုတာ တွေ့ရှိရပြီး အဆိုပါ သတင်းကို မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ချိထားတဲ့သတင်းဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။ ဒါကြောင့် သတင်းအမှားဖြစ်ပါတယ်။
MRTV Nwes Channel တယ်လီဂရမ်ချန်ဟာ စစ်ကောင်စီလက်အောက်ခံ သတင်းချန်နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းအမှားတွေကို ရေးသားဖော်ပြနေတာ တွေ့ရှိရပါတယ်။
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။