ဖေဖော်ဝါရီလ ၁၇ရက်၊ ၂၀၂၅ ခုနှစ်
Zalen
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဝက်မကန်းကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးအပါဝင် ချင်းလူမျိုး ၁၇ ဦးကို စစ်မှုထမ်းဖို့ အေအေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Thazin Chey အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၁၂ရက်နေ့က ရေးသားဖော်ပြထားပါတယ်။
Thanzin Chey ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ” ပလက်ဝမြို့၊ ဝက်မကန်ရွာရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး အပါအဝင် ချင်းလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော်
AA က ပေါ်တာဆွဲကာဖမ်းဆီးခေါ်ဆောင်သွားကြောင်း…သိရ..” လို့ ရေးသားဖော်ပြထားပါတယ်။
မူးရင်းသတင်းလင့်ခ်
အဲဒီသတင်းကို ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေထိ Reaction ပေးသူ ၁၅၈ ဦး၊ Comments ၈၈ ခု၊ Share ၂၈ ခုထိရှိပါတယ်။
စိစစ်တွေ့ရှိချက်
___________
Zalen Fact – Checking Team က စိစစ်ကြည့်တဲ့ခါ ပလက်ဝမြို့နယ်၊ ဝက်မကန်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးအပါဝင် ချင်းလူမျိုး ၁၇ ဦးကို အေအေက ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတာ မတွေ့ရှိရပါဘူး။
ပလက်ဝမြို့နယ်မှာ ဝက်မကန်ကျေးရွာ မရှိသလို ချင်းလူမျိုး ၁၇ ဦးကို အေအေက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်တာလည်းမရှိဘူးလို့ ပလက်ဝမြို့နယ် ဒေသခံ ချင်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“အဲ့သတင်းက ကောလဟာလ သတင်းအမှားတွေဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာ ဝက်မကန်ရွာဆိုတာ မရှိပါဘူး။ ပြီးတော့ အေအေတပ်ဖွဲ့ဝင်တွေကနေ ကိုယ်ဝန်ဆောင်၊ ကလေးတွေ စစ်မှုထမ်းဖို့ ချင်းလူမျိုး ၁၇ ယောက်ဖမ်းဆီးတဲ့ဖြစ်စဥ်ကလည်း မြေပြင်မှာ တကယ်မရှိပါဘူး။” လို့ သူက ပြောပါတယ်။
သတင်းအမှားတွေဖြစ်တာကြောင့် မယုံကြည်ကြဖို့ နောက်ထပ် ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက တိုက်တွန်းထားပါတယ်။
“ရွာနာမည်လည်း မဟုတ်မမှန်ရေးထားတယ်။ နေ့စွဲလည်း တိတိကျကျ ရေးသား ဖော်ပြထားတာမရှိတဲ့အတွက် ဒါဟာ သတင်းအမှားတွေပါ။ ကျွန်တော်တို့အပြင်မှာ အဲလိုတွေမကြားမိပါဘူး။ ဒါတစ်ယောက်ယောက်ကနေ ထင်ယောင်ထင်အမှား လုပ်ကြံဖန်တီးရေးသားထားတာပါ။”လို့ သူက ဆိုပါတယ်။
အဲ့ဒါနဲ့ပတ်သက်လို့ အေအေကလည်း တရားဝင် ထုတ်ပြန်ထားတာမရှိသလို ဒေသတွင်း ချင်းမီဒီယာတွေမှာလည်း ရေးသားဖော်ပြထားတာမရှိပါဘူး။
ရခိုင်အခြေစိုက်သတင်းဌာနဲ့ Ayeyarwaddy Times သတင်းဌာနမှာတော့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးနဲ့ မြိုအမျိုးသား ၁၇ဦးကို အေအေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်စဥ်ရှိပါတယ်။
Western Nwes
Ayeyarwady Times
သုံးသပ်ချက်
________
အထက်ပါဒေသခံတွေရဲ့ ပြောဆိုချက်အရ ပလက်ဝမြို့နယ်၊ ဝက်မကန်ကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးနှစ်ဦးအပါအဝင် ၁၇ ဦးကို အေအေက စစ်သင်တန်းတက်ရောက်ဖို့ ဖမ်းဆီးခေါ်ဆောင်ထားတာ မတွေ့ရပါဘူး။
Thazin Chay ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ အေအေနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေရေးသားထားတာ တွေ့ရှိရပြီး အခုသတင်းကလည်း အေအေနဲ့ ချင်းလူမျိုးကြားမှာလည်း ပဋိပက္ခတွေဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။