ပလက်ဝမြို့နယ်မှာ အေအေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားနှစ်ဦး ပြန်လွတ်လာ

သြဂုတ်လ ၂၉ ရက်၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဘောင်းဝီးကျေးရွာက အာရက္ခတပ်တော် (အေအေ) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားနှစ်ဦးကို နှစ်လကျော်ကြာမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အမျိုးသား နှစ်ဦးဟာ ယခုနှစ် မေလ ၂၇ ရက်နေ့က ဘောင်ဝီးကျေးရွာနဲ့ ဘောင်းကူးကျေးရွာမှ ကျောင်းဆရာ နှစ်ဦးအပါဝင် အမျိုးသား ၉ ဦးကို အေအေက အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ပြန်လွတ်မြောက်လာတဲ့ အရပ်သားနှစ်ဦးဟာ ဦးအောင်နန်းနဲ့ ဦးကျော်ဝင်းတို့ သိရပြီး သြဂုတ်လ ၂၆ ရက်နေ့က ပြန်လွတ်လာကြတာဖြစ်ပါတယ်။

“လွတ်လာတဲ့ နှစ်ယောက်က အိမ်ပြန်ရောက်ကြပါပြီ။ ဘာကြောင့်ဖမ်းတာလဲဆိုတာက အသေအချာ မသိရဘူး။ သူတို့ရဲ့ ကျန်းမာရေးအခြေနေတော့ လောလောဆယ် စောင့်ကြည့်ရမယ်။”လို့ ပလက်ဝမြို့နယ် တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ ပလက်ဝမြို့နယ်နယ်က ဘောင်ဝီးကျေးရွာမှ ၂ဦး၊ ဘောင်းကူးကျေးရွာမှ ၃ဦး၊ တမန်သားကျေးရွာနဲ့ တိန်းလက်ကျေးရွာမှ ၄ဦးနဲ့ ဆားချောင်းကျေးရွာမှ ၂ဦးတို့ကို အေအေက ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

အဲ့ဒီ အေအေ ဖမ်းဆီးထားဆဲ အရပ်သားစာရင်းတွေထဲမှာ အမျိုးသမီး၊ ကျောင်းသားတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့စည်း (KGO) ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ အေအေဖမ်းဆီးတဲ့ ပလက်ဝမြို့နယ်က အရပ်သားစာရင်းဟာ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ စုစုပေါင်း ၃၉ဦးထိရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်ကို အေအေက ထိန်းချုပ်ပြီးနောက် အရပ်သားတွေဟာ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရဘဲ ပျောက်ဆုံး၊ သေဆုံးတဲ့ အရပ်သားတွေ ရှိတယ်လို့ သိရပါတယ်။

ယခုနှစ် မေလတုန်းက ပလက်ချောင်းထဲက ကျေးရွာအချို့ကို အေအေ ဝင်ရောက်စစ်ဆေးမူတွေ လုပ်ဆောင်တဲ့အတွက် အရပ်သား တစ်ရာကျော်ဟာ ဆမီးမြို့က ကျေးရွာတွေမှာ ယနေ့ထိ ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အေအေအနေနဲ့ အရပ်သာတွေကို ဖမ်းဆီးမူတွေ မပြုလုပ်ဖို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့စည်း(KGO)နဲ့ ချင်းလဲန်းကောင်စီ(CC)တို့က ယခုနှစ် ဇွန်လက အသီးသီး ထုတ်ပြန်ထားပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

တီးတိန်မြို့အတွက် မတူပီမြို့က ပေးတဲ့ သင်ခန်းစာ 

Taawl ရေးသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်ဟာ လူမျိုးနွယ်စုအများဆုံး၊ ဘာသာစကားအများဆုံးနှင့် မတူညီတဲ့ ယဉ်ကျေးဓလေ့ထုံးတမ်း အများဆုံး ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလို မျိုးနွယ်စုများစွာ၊ မတူညီတဲ့ ဘာသာစကားများစွာရှိခြင်းဟာ အပြန်အလှန် အသိအမှတ်ပြုမှုများ ရှိပါက ခွန်အားတစ်ခု ဖြစ်လာနိုင်ပေမဲ့ ...

ဆက်ဖတ်ရန်