ဇွန် ၁၀၊ ၂၀၂၆
Zalen
မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ တွေ့ဆုံသွားမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ မာရီယာ သီရီဆာ လာဇာရို က ဇွန်လ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ နစ်ကေး (Nikkei) ဖိုရမ်မှာ ၎င်းက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး မြေပြင်အခြေအနေကို သိရှိဖို့နဲ့ ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် တွေ့ဆုံဖို့ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်နေရာမှာ တွေ့ဆုံမလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားတာဖြစ်ပြီး၊ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ဝန်ကြီး လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်တဲ့ အစည်းအဝေးတစ်ခုကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ တော်လှန်ရေးအဖွဲ့တွေ မဟာမိတ်ဖွဲ့ကာ တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။
အဲဒီကာလအတွင်း အာဆီယံအနေနဲ့ စစ်ကောင်စီခေါင်းဆောင်ပိုင်းကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အစိုးရအသစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။
သမ္မတ ရာထူးကို ယူထားတဲ့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကလည်း သူ့ရဲ့အစိုးရသစ်အနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းသွားမယ်လို့ ပြောကြားထားပါတယ်။
အရပ်သားအစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံကိုယ်စားလှယ်၊ အိန္ဒိယဝန်ကြီးချုပ်တို့ အပါအဝင် ဒေသတွင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ခပ်စိပ်စိပ် ပြုလုပ်လာနေပါတယ်။
ကိုးကား- The Straits Times
သတင်း-ဆလိုင်း


















