ဘာကြောင့် AA က ချင်းညီနောင်နဲ့ ဘာနိုင်ငံရေးစာချုပ်စာတမ်းမလုပ်ဘဲ ကူညီတာလဲ

ဆလိုင်း ဟားခါးသား

ဒီစာကို ရခိုင်ပြည်သူတစ်ဦး၊ ချင်းပြည်သူတစ်ဦး၊ ဗမာပြည်သူတစ်ဦးအနေနဲ့ ဖတ်ရှုပါက ယုံကြည်နိုင်ဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ သို့သော် ဒီစာဖတ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ရခိုင်တော်လှန်ရေးကို ဦးဆောင်နေသူ ခေါင်းဆောင်တစ်ဦးအနေနဲ့ ခံယူကာ ဖတ်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ကြောင်း ဦးစွာ ပြောလိုပါတယ်။

ကဲစရအောင် ဆိုတော့ ULA/AA က ဘာလို့ ချင်းညီနောင်ကို ဘာအနှောင်အဖွဲ့မှ မပါဘဲ ကူညီသလဲဆိုတာကို နားလည်ဖို့က ဦးစွာ ULA/AA စစ်ရေးလှုပ်ရှားမှု အခြေအနေနှင့် ရခိုင်ပြည်နိုင်ငံရေး အခြေအနေကို အရင်နားလည်ဖို့ လိုပါတယ်။ အားလုံး နားလည်ကြသလို ULA/AA ဟာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်လာသော လက်နက်ကိုင်များ ကလွဲပြီး ဝါအနုဆုံး တိုင်းရင်းသား လက်နက်ကိုင်ဟု ဆိုနိုင်မှာဖြစ်ပါတယ်။ သို့သော် ULA/AA ခေါင်းဆောင်တွေ ကတော့ သူတို့စစ်သားတွေကို တိုက်ပွဲအတွေ့အကြုံရရှိအောင် ၂၀၁၁ မှ ပြန်လည်စတင်သော ကချင်ပြည် တကျော့ပြန်စစ်ပွဲ၊ ၂၀၁၅ မှာဖြစ်ပွားသော ကိုးကန့်တိုက်ပွဲအပါအဝင် ရှမ်းမြောက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများစွာမှာ ပါဝင်စေခြင်းဖြင့် စစ်ရေးအတွေ့အကြုံကို သင်ယူစေ ခဲ့ကြပါတယ်။

ဒီလိုနဲ့ MNDAA က ကိုးကန့်မှ စစ်ပွဲစတင်ကာ ULA/AA ကလည်း ရခိုက်ပြည်နယ်ဘက်ကို စတင်ဝင်ရောက်ဖို့ ကြိုးစားရင်း ချင်းပြည်နယ် ပလက်ဝမှာ တိုက်ပွဲ ဖြစ်လာခြင်းနှင့်ပတ်သက်ပြီး ဗမာစစ်တပ်နှင့် EAO ကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေး ညှိနှိုင်းပေးတဲ့ ပညာရှင်တစ်ဦးက “ULA/AA နှင့် MNDAA တိုက်ကို NCA လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ပြောဆိုရာမှာ ဗမာစစ်တပ်ဘက်က ULA/AA ကို သူတို့တပ်ဖွဲ့ဝင် ရခိုင်မှာ မရှိခြင်း၊ MNDAA မှာ တပ်အင်အား မရှိခြင်းကို အကြောင်းပြကာ ငြင်းပယ်ခဲ့တယ်။ ဒီတော့ NCA လက်မှတ်ထိုးတဲ့ ၂၀၁၅ ခုနှစ်မှာဘဲ တိုက်ဆိုင်စွာ  ဒီနှစ်ဖွဲ့က စစ်တပ်ကို စတင်တိုက်ခိုက်ကြတာပါ။ ဒါဟာ စစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် အထင်သေးခြင်းကြောင့် ခံပြင်းစိတ်နဲ့ ပေါ်လာတဲ့ တိုက်ပွဲတွေလို့ ခေါ်ရမယ်” ဟု သုံးသပ်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ ULA/AA ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စတင် အခြေချခဲ့ပါတယ်။ တချို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စေ့စပ်ညှိနှိုင်းပေးသူများ ပြောဆိုချက်အရ ULA/AA ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်လာနိုင်ရေး အတွက် ရခိုင်ပြည်နယ်မှာ လုံးဝစခန်း ချစရာနေရာ မရှိတာမို့ CNF/CNA ခေါင်းဆောင်များမှ သူတို့စခန်းဟောင်းကို ပြောပြကာ အင်အား ၂၀၀ ခန့်ကို ခေါ်လာပြီး ခြေချခိုင်းခြင်း ဖြစ်တယ်ဟု ပြောဆိုခဲ့ဖူးတာ ရှိပါတယ်။ သို့သော် ULA/AA ကော၊ CNF/CNA ကော နှစ်ဘက်စလုံးက တာဝန်ရှိသူများ ကိုယ်တိုင် ထွက်ဆိုချက်မဟုတ်တာမို့ ယုံကြည်ရ ခက်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှာ ULA/AA အခြေချခြင်းကြောင့် မကြာခဏတိုက်ပွဲဖြစ်တာမို့ ချင်းလူမျိုးတွေက ULA/AA အပေါ်မကျေမနပ် ဖြစ်လာမှုလည်း ရှိလာပါတယ်။ နောက်ဆုံး ရန်ကုန်မြို့မှာတောင် ULA/AA နှင့် ဗမာစစ်တပ်ရဲ့ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲကို ချင်းလူမျိုးတွေ ဆန့်ကျင်ခဲ့ကြသည်အထိ ဖြစ်လာပါတယ်။ တစပ်တည်းမှာဘဲ CNF/CNA ကို အားမလို အားမရဖြစ်ကာ မေးခွန်းထုတ်မှုများလည်း ရှိလာပါတယ်။ ပြီးတော့ ချင်းပြည်နယ်မှာ AA နှင့် ဗမာစစ်တပ်ကြောင့် ဖြစ်ပွားတဲ့ ပြဿနာကို ဖြေရှင်းဖို့ CNF/CNA ထံ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။ ဒီလို အခြေအနေများကြောင့် နောက်ဆုံးတော့ CNF/CNA ခေါင်းဆောင်များမှ ULA/AA တွေ ပလက်ဝမှာ အခြေမချနိုင်ရေး နည်းလမ်းပေါင်းစုံသုံးကာ ဆောင်ရွက်မယ် စစ်ရေးလည်းလိုအပ်ရင် သုံးမယ်ဟု ထုတ်ပြောလာကြပါတယ်။

တချို့ ချင်းခေါင်းဆောင်တွေကလည်း “ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်ရေး ကော်မတီနှင့် ချင်းအမျိူးသားတပ်ဦး (CNF) တို့ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အပိုဒ် (၈)(ဂ) ပါရှိသော “ချင်းပြည်နယ်အတွင်း၊ မြန်မာ့တပ်မတော်၊ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ချင်းအမျိူးသားတပ်မတော် (CNA) တို့သာ နေရာချထားခွင့်ပြုရန်သဘောတူ” ဆိုတဲ့အချက်ကို အသုံးချကာ လိုအပ်ပါက အမြန်ဆုံး ULA/AA ကို ပလက်ဝကနေ ထွက်ခွါစေဖို့ တိုက်တွန်းမှုတွေလည်း ရှိလာပါတယ်။

ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဆလိုင်းထက်နီက “အစိုးရက ကျနော်တို့ကို ဘယ်ဒေသမဆို နေလို့ရတယ်။ ပလက်ဝဒေသမှာ ကျနော်တို့ တပ်ကို နေခွင့်မပေးဘူး။ တကယ်လို့သာ ကျနော်တို့ကိုသာ ပလက်ဝဒေသမှာ နေခွင့်ပြုရင် ဒီလိုအခြေအနေဆိုးထိ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျနော်တို့က ထင်တယ်။ အခုကတော့ ဖြစ်လာပြီဆိုတော့ AA ခြေကုပ်မယူ နိုင်အောင် အကောင်းဆုံး နည်းလမ်းရှာပြီး ကျနော်တို့ကတော့ လုပ်ရမှာပဲ” ဟု ဧရာဝတီသို့ ပြောခဲ့ ဖူးပါတယ်။

ဒါပေမယ့် မေးခွန်းတစ်ခုက လက်နက်ကိုင်တော်လှန်ရေး လုပ်တာကို ဗမာစစ်တပ်က ဒီမှာနေပါ၊ ဟိုမှာနေပါ ခွင့်ပြုမှ နေတာမျိုးက ကျိုးကြောင်းမညီလှသလို ခိုင်မာတဲ့ အကြောင်းပြချက် မဖြစ်ခဲ့ပါဘူး။ ဒီလို ဖြစ်စဉ်တွေနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း ULA/AA အခြေချရခြင်းနှင့် ပတ်သက်ပြီး Chin Cable Network Channel နဲ့ ရက္ခိုင်စစ်တပ် ULA/AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ရဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကျနော်တို့က စစ်ရေးကို ရခိုင်ပြည်တကွက်ထဲ လုပ်လို့မရဘူး။ ဒါသေရေရှင်ရေးကိစ္စ ဖြစ်တယ်။ ကျနော်တို့ ဝင်ချင်သည်ဖြစ်စေ၊ မဝင်ချင် သည်ဖြစ်စေ ဒါသေရေးရှင်ရေးကိစ္စမို့ ဝင်ရတယ်။ စစ်ပွဲ တပွဲ ဖြစ်လာရင် နိုင်အောင် တိုက်ဖို့အတွက်က ဒါက ရှောင်လွှဲလို့ မရပါဘူး။ ချင်းနဲ့ ရခိုင်ပြည်နယ်က ဆက်စပ်နေတော့ သူ့နယ်နမိတ်၊ ကိုယ့်နယ်နမိတ်လို့ ခွဲခြားပြီး ပြောနေပေမယ့် တကယ်ဆိုရင်တော့ လူမူဘဝတွေက ခွဲခြားလို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့ ဆက်စပ်ပြီး လှုပ်ရှားရတာဖြစ်ပါတယ်” ဟု ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

 ဒါကို ကြည့်ခြင်းအားဖြင့် ULA/AA နှင့် CNF ကြား ဆက်ဆံရေး လုံးဝမကောင်းမှုကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်မှာ ဗမာစစ်တပ်ကသာ အာဏာမသိမ်းရင် ဗမာစစ်တပ်နှင့် CNF/CNA ပူးပေါင်းပြီး ULA/AA ကို ပလက်ဝမှ မောင်းထုတ်ရင်း ရက္ခိတအိမ်မက်တစ်ခုလုံးပါ ပျက်သုန်းသွားတာမျိုးလည်း ဖြစ်နိုင်ခြေ ရှိခဲ့ပါတယ်။ ဒီတော့ ULA/AA ဘက်ကလည်း သေရေးရှင်ရေးကိစ္စမှာ CNF/CNA ဟာ အိမ်နီးချင်းကောင်း မပီသဘူးဆိုတဲ့ အမြင်မျိုးလည်း ဝင်နေခဲ့မှာ သေချာပါတယ်။ ဖြစ်သင့်တာကလည်း စစ်ရေးနဲ့သာ တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်ဖို့ ရည်ရွယ်ချက် တူတွေဖြစ်ခဲ့ကြရင် ရှမ်းမြောက်မှာ နယ်နမိတ်ထိစပ်တဲ့ EAO တွေ မဟာမိတ်ဖွဲ့ကြသလို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာဆိုရင်လည်း ရခိုင်နှင့် ချင်းဟာ မဟာမိတ်ဖြစ်သင့်ကြတာကို လက်နက်ကိုင် လမ်းစဉ် ကိုင်ဆောင်တဲ့ တော်လှန်ရေး ဦးဆောင်သူတိုင်း သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ သို့သော် ဘာကြောင့် ULA/AA နှင့် CNF/CNA တို့က ဒီလောက် ဆက်ဆံရေး ဆိုးခဲ့ကြသလဲဆိုတာကိုမူ သက်ဆိုင်ရာ ခေါင်းဆောင်သာ အသိဆုံး ဖြစ်ကြမှာပါ။

ဒီတော့ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနှင့်အတူ ULA/AA ရဲ့ ရက္ခိတလမ်းစဉ်ဟာ အသက်ရှူ ချောင်လာပါတော့တယ်။ အကြောင်းရင်းမှာ နေရာအနှံ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ကို ထိုးစစ်ဆင် ထိုးဖောက်နိုင်ရေးဟာ လွယ်ကူလာပြီး ပလက်ဝကို ULA/AA မှ ထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။  ပလက်ဝကို ULA/AA မှ စတင်ဦးစားပေး ထိန်းချုပ်ခြင်း အကြောင်းရင်းလည်း ရခိုင်ပြည်နယ်မှာ နိုင်ငံခြားနယ်နမိတ် ထိစပ်မှုဟာ ရေကြောင်းများ သာရှိသောကြောင့် တိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်း စတဲ့ နည်းလမ်းပေါင်းစုံနှင့် ဖြတ်လေးဖြတ်လုပ်လာပါက ရခိုင်ပြည်သူများ လုံးဝစစ်ဒဏ်ခံနိုင်မှာ မဟုတ်တာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့-အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နယ်စပ်လမ်းကြောင်းကို အသုံးပြုကာ ဗမာစစ်တပ်ရဲ့ ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်း ဖြတ်လေးဖြတ်ကို ရခိုင်တွေ ခုခံနိုင်ရေး လုပ်ဆောင်ခြင်းဟု ဆိုရမယ် ဖြစ်ပါတယ်။

သို့သော် ULA/AA တာဝန်ရှိသူများကမူ လုံခြုံရေး အခြေအနေကြောင့် သိမ်းထားကြောင်းသာ ထွက်ဆိုကာ တိကျတဲ့ ဖြေရှင်းချက်မျိုး မပေးခဲ့ပါဘူး။ ဒီတော့ ပလက်ဝဟာ ရက္ခိတလမ်းစဉ် အောင်မြင်ဖို့ အသက်သွေးကြော ဖြစ်တယ်ဟု မှတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ ULA/AA က ပလက်ဝကို မသိမ်းနိုင်မီမှာ ရခိုင်ပြည်နယ်အတွင်း ULA/AA ဖော်ဆောင်တဲ့ စစ်ပွဲတိုင်းကို လူသားချင်း စာနာထောက်ထားမှု အကြောင်းပြကာ မကြာခဏပြန်လည် ရပ်တန့်လေ့ရှိပြီး ပလက်ဝကို ULA/AA အပြီးသိမ်းနိုင်မှသာ ရခိုင်ပြည်အတွင်း ထိုးစစ်ကိုလည်း ULA/AA ကစနစ်တကျ ဖော်‌ဆောင်နိုင်တာ ကြည့်ခြင်းအားဖြင့် ပလက်ဝဟာ ရခိုင်တွေအတွက် စစ်ဗျူဟာအရ ဘယ်လောက် အရေးပါသလဲဆိုတာ အလွန်သိသာနေပါတယ်။  ဒီတော့ ဘာဖြစ်လို့ ပလက်ဝကို ရခိုင်ပြည် မသွင်းဘူးဟု ပြောနိုင်သလဲ ၊ ချင်းလက်နက်ကိုင် မအပ်သေးတာလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

 ဘာဖြစ်လို့ ချင်းပြည်နယ်၊ ပလက်ဝကို ရခိုင်ပိုင်ဟု ULA/AA မှ လုံးဝ မကြေငြာသင့်သလဲ၊ မကြေငြာရဲတာလဲ ဆိုတဲ့မေးခွန်းအတွက် အဖြေကတော့ ရခိုင်ပြည်နယ်မှာ ချင်းလူမျိုးလူဦးရေ သိန်းချီရှိနေခြင်း၊ မူစလင်ဘာသာဝင်လူဦးရေ သန်းချီရှိနေခြင်း၊ ဗမာလူဦးရေ သန်းချီရှိနေခြင်းတို့ကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်ကို တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်ထူထောင်နိုင်ဖို့ စိန်ခေါ်မှုကြီးလှပြီဖြစ်ကာ ပလက်ဝကြောင့် နောက်ထပ် ရခိုင်အတွက် စိန်ခေါ်မှု ထပ်တိုးပါက ပလက်ဝကို အတင်းသိမ်းယူခြင်းရလဒ်နှင့် အကျိုးဆက်ဟာ ရခိုင်တွေအတွက် မတန်ဘူးဟု ပွင့်လင်စွာ ပြောရမှာပါ။ ဒီတော့ ရခိုင်မှာ ရှိတဲ့ မူစလင်အသိုင်းအဝန်း၊ ချင်းအသိုင်းဝန်း၊ ဗမာ အသိုင်းအဝန်း ကပင် ရခိုင်ပြည်နယ်အစိုးရကို နိုင်ငံရေး၊ စစ်ရေးအရ ပြင်းပြင်းထန်ထန် ကန့်ကွက်ကာ တော်လှန်လာပါက ပြည်နယ် တည်ငြိမ်ရေးကို များစွာထိခိုက်နိုင်တဲ့ အင်အားရှိကြတာကြောင့် ရခိုင်ခေါင်းဆောင်များ အနေဖြင့် ချင်းကို ဝမ်းနည်းအောင် လုပ်မရသလို၊ ဗမာနှင့် မူစလင် အသိုင်းအဝိုင်းကိုလည်း ဖိနှိပ်လို့မရတာ လက်ရှိရခိုင်အတွင်း မတူကွဲပြားတဲ့ လူဦးရေ အချိုးအစားတွေက သက်သေပြနေပါတယ်။

နောက်ပြီး ပထဝီနယ်မြေနှင့် ပြည်နယ်အတွင်း သဘာဝသယံဇာတ ပေါကြွယ်ဝမှုကြောင့် ရခိုင်ပြည်နယ်ကို ဗမာစစ်တပ်၊ ဗမာနိုင်ငံရေး အင်အားစုတွေက အလွယ်တကူ လက်လွှတ်မှာ မဟုတ်တာမို့ ရခိုင်တွေ ကိုယ့်ကိုယ်ကို အပြည့်အဝ ကာကွယ်ကာ ရက္ခတလမ်းစဉ် ရေရှည်အောင်မြင်ဖို့ ရခိုင်ဟာ အချိန်များစွာ အင်အားတည်ဆောက်ရန် လိုအပ်နေပါတယ်။ ဒီတော့ ရခိုင်ပြည် ထူထောင်နိုင်ဖို့အတွက် ပလက်ဝကို ချင်းတွေလက်ထဲက လုပြီး ရခိုင်ပြည်ကြေညာလိုက်ရင် ရခိုင်တွေ ရင်ဆိုင်မယ့် ရန်သူဟာများလွန်းမှာဖြစ်ပြီး ဘယ်တော့မှ ရက္ခိတအိမ်မက်ကို ကြာရှည်ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရခိုင်ခေါင်းဆောင်တွေဟာ ရန်သူနည်းပြီး မိတ်ဆွေများဖို့ကို အခိုင်အမာမူဝါဒချထားမှန်း သိသာပါတယ်။ ဘာဖြစ်လို့လဲဆို တိုင်းရင်းသား လက်နက်ကိုင် အားလုံးနီးပါးနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားပြီး CNF/CNA ကလွဲပြီး ULA/AA ကို ရန်မူတဲ့ တိုင်းရင်းသားလက်နက်ကိုင် လုံးဝမရှိခြင်းမှာ ရခိုင် ခေါင်းဆောင်များရဲ့ ရေတိုရေရှည် နိုင်ငံရေး အမျှော်အမြင် ရှိမှုဖြစ်ပါတယ်။ ဒီတော့ ရခိုင်ပြည်တစ်ခုလုံးအား သိမ်းပိုက်နိုင်ဖို့ နီးစပ်နေတဲ့ ULA/AA ခေါင်းဆောင်များဟာ အခုချိန်မှာ အလိုအပ်ဆုံးမှာ သူတို့အား မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းအဖြစ် လက်ခံပေးတဲ့ တော်လှန်ရေးအဖွဲ့တွေနှင့် ဗမာမှာ ULA/AA အား မိတ်ဆွေကောင်းအဖြစ် လက်ခံတဲ့ အင်အားစုတွေ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ထို့အပြင် ULA/AA ခေါင်းဆောင်တွေကလည်း ရခိုင်ပြည်နယ်နှင့် တိုက်ရိုက်ထိစပ်တဲ့ နယ်မြေမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေကို ကူညီပေးကာ ရန်သူ ဗမာစစ်တပ် (သို့မဟုတ်) ရက္ခိတလမ်းစဉ်ကို အနာဂတ်မှာ ခြိမ်းခြောက် လာနိုင်တဲ့ အင်အားစုတွေနှင့် ရခိုင်ပြည်နယ်ကြားမှာ ရခိုင်နှင့်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ တော်လှန်ရေး/ နိုင်ငံရေး အင်အားစုကြားခံ ရှိလာနိုင်ရေး ကြိုးပမ်း နေပါတယ်။ ဒီဟာ ULA/AA ရဲ့ ရက္ခိတလမ်းစဉ် ကြားရှည် ခံရေးအတွက် အထူးပင်လိုအပ်ချက်ကို ULA/AA ခေါင်းဆောင်တွေ ကောင်းကောင်းမွန်မွန် နားလည်ကာ အကောင်းဆုံး ကြိုတင်ပြင်ဆင် နေမှုကို ပြသနေတာပါ။

ဒီလို ရခိုင်ဘက်က မိတ်ကောင်း၊ ဆွေကောင်းနှင့် ဝန်းရံထားတဲ့ တိုင်းပြည်တစ်ခုကို ထူထောင်ဖို့ ကြိုးပမ်းနေချိန်မှာ စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံမှာ CNF/CNA ရဲ့  အတင်း လက်အောက်ခံ သွတ်သွင်းရန် ကြိုးပမ်းမှုအား လက်မခံတဲ့ ချင်းညီနောင်အဖွဲ့ ပေါ်လာပြီး ULA/AA ထံ မဟာမိတ်အဖြစ် လက်ခံပေးရေး ကြိုးပမ်းကြမှုဟာ ရခိုင်ခေါင်းဆောင်များ အတွက် အခွင့်အလမ်းကောင်းဖြစ်လာပါတယ်။ ပြီးတော့ ချင်းမှာ ရခိုင်ကို အိမ်နီးချင်းကောင်းအဖြစ် မမြင်နိုင်တဲ့ ခေါင်းဆောင် မပေါ်ပေါက်ရေး အိမ်မက် ပြည့်စုံသွားဖို့ အခွင့်အလမ်းကြီး တစ်ရပ်ဖြစ်ပါတယ်။ ဒီတော့ ချင်းညီနောင်တွေကို ULA/AA အနေဖြင့် ကူညီခွင့်ရခြင်းကိုပင် ULA/AA အတွက် ဆုလဒ်ဖြစ်နေပြီဖြစ်ပြီး အနာဂတ်မှာ မဟာမိတ် ကောင်းနှင့် အိမ်နီးချင်းကောင်းအဖြစ် ရခိုင်-ချင်းအတူ ရပ်တည်နိုင်ရေးအတွက် လမ်းစ ပွင့်သွားပြီဟု မှတ်ယူကြမှာ ဖြစ်ပါတယ်။

ဒါဟာ ချင်းလူမျိုးများအတွက်လည်း လွတ်လပ်ရေးယူလိုပါက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ရေကြောင်း၊ လေကြောင်း ပြည်ပထွက်ပေါက်များ အခက်အခဲမရှိ ဖော်ဆောင် လာနိုင်ရေး လမ်းစဖြစ်သလို၊ ရခိုင်အတွက်လည်း ရက္ခိတအိမ်မက် ကြာရှည်ခံနိုင်ရေးအတွက် ရေရှည် စိတ်အေးနိုင်ရေး လမ်းစပွင့်သွားပြီ ဖြစ်ပါတယ်။ အကြောင်းရင်းမှာ CNF/CNA ခေါင်းဆောင်တွေဟာ ULA/AA အား စစ်ရေးအရ စတင်စိန်ခေါ်ဖို့ ကြိုးစားကြတဲ့အပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းရဲ့ အဓိက အသက်ရှုပေါက် ပလက်ဝ-အိန္ဒိယကားလမ်းကို အိန္ဒိယနိုင်ငံမှာရှိတဲ့ လူငယ်အဖွဲ့တစ်ခုအား လာဒ်ပေးကာ လမ်းပိတ်စေခဲ့မှုကြောင့် ချင်းပြည်တောင်ပိုင်းမှာ ချင်းပြည်သူများနှင့် ရခိုင်ပြည်သူများ ဒုက္ခမျိုးစုံ ကြုံတွေ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းများလည်းရှိနေပါတယ်။ ဒီတော့ လက်ရှိ ချင်းညီနောင်ဆက်ဆံရေးနှင့် ULA/AA ဆက်ဆံရေးဟာ ချင်း-ရခိုင် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး အိမ်မက်အတွက် နှစ်ဘက် အကျိုးပြုနိုင်တာမို့ ULA/AA အနေဖြင့် ဘယ်လောက်ဘဲ အကုန်အကျ များနေပါစေ၊ ဘယ်လောက်ဘဲ ဝေဖန်မှု များနေပါစေ၊ ဘယ်လောက်ဘဲ စိန်ခေါ်မှုကြီးနေပါစေ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်တာမို့ ဘာပေးအယူမှ မလိုအပ်ဘဲ ချင်းညီနောင်များကို ဆက်လက်ပံ့ပိုးနေအုံးမှာ ဖြစ်ပါတယ်။ အကြောင်းရင်းမှာ ရက္ခိတအိမ်မက်ကို CNF/CNA ကြောင့် အနာဂတ်မှာ အပြင်းအထန် ထိခိုက်လာနိုင်သလို၊ CNF/CNA ကြောင့် ချင်းညီနောင်အဖွဲ့များ ဟာလည်း ဖိနှိပ်မှုမျိုးစုံ ကြုံရလာနိုင်တာကြောင့် ရခိုင်-ချင်းအိမ်မက်အကျိုးပြုရေးအတွက် ဖြစ်စေ၊ အာဏာရ ရှိရေးကလွဲပြီး အချင်းချင်းလည်းမသိ၊ အိမ်နီးချင်းလည်းမသိ အကုန်ပတ်ပြဿနာရှာတဲ့ CNF/CNA ရန်ကို အတူတကွ ကာကွယ်ရေး အတွက်ဖြစ်စေ ULA/AA အနေဖြင့် ချင်းညီနောင်နှင့် ချင်းလူငယ်များဦးဆောင်တဲ့ လက်နက်ကိုင် Chin Army သစ်တစ်ခု ပေါ်လာတဲ့အထိ ကူညီပေးဖို့တောင် လိုအပ်နေတဲ့ အနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်။ ထို့နောက် ဘာကြောင့် ချင်းလက်နက်ကိုင် လက်ထဲကို ပလက်ဝမြို့နယ် မအပ်သေးသလဲ ဆိုတဲ့ အချက်အတွက်မူ ချင်းလူမျိုးလက်နက်ကိုင် အစိတ်စိတ် အမွှာမွှာဖြစ်နေမှုကြောင့် ဖြစ်ပြီး ဒီအားနည်းချက်ကို အမြန် ချင်းလူငယ်တွေအနေဖြင့် အဖြေရှာခြင်းဟာ ပလက်ဝကိစ္စအပါအဝင် ကိစ္စများစွာကို အဆုံးသတ်ဖြေရှင်းပြီးသား ဖြစ်စေမှာ ဖြစ်ပါတယ်။ ထိုသို့မဟုတ်ပါက စနစ်တကျ ရခိုင်တော်လှန်ရေးကို ပြောင်းပြန်ဖြစ်စေမယ့် ပလက်ဝကို အလွယ်တကူ ULA/AA အနေဖြင့် လွှဲပေးရန် ခက်ခဲနေမှာ သေချာနေပါတယ်။ ဒီတော့ တစ်ခု သတိထားရမှာ ကတော့ ချင်းညီနောင်များအနေဖြင့် ကိုယ့်အဖွဲ့အသီးသီးရဲ့ အကျိုးစီးပွားကို ကျော်ကာကြည့်ပြီး အနာဂတ်ချင်းအတွက်ဖြစ်စေ၊ အနာဂတ် ရခိုင်အပါအဝင် အိမ်နီးချင်းကောင်းများ တည်ဆောက်ထားကာ လိုအပ်ပါက တိုင်းပြည်သစ်ထူထောင်နိုင်ရေးအတွက် ဖြစ်စေ၊ ကွန်ဖက်ဒရိတ် တိုင်းပြည်ထူထောင်ရန် အတွက်ဖြစ်စေ၊ ဖက်ဒရယ်ပြည်နယ်ထူထောင်ရန်ဖြစ်စေ စစ်ရေး၊ နိုင်ငံရေး ကြိုတင် ပြင်ဆင်ထားကာ အနာဂတ် ချင်းပြည်မှာ အားကိုထိုက်သော တော်လှန်ရေးပါတီနှင့် Army တစ်ခု ပေါ်လာရေး စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်မယ်ဖြစ်ပါကြောင်း……………………….

နောက်ဆုံးရသတင်းများ

YLA က မီဇိုရမ်-ရခိုင်လမ်းကို ပိတ်ဆို့မှုကြောင့် ဘာတွေ ရိုက်ခတ်လာမလဲ?

R. Lakher Young Lai Association (YLA) သည် မကြာသေးမီက အိန္ဒိယနိုင်ငံ Act East Policy နှင့်ကုလားတန်-ဘက်စုံစီမံကိန်းများ  ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အင်ဒို-မြန်မာ အမျိုးသားအဝေးပြေးလမ်းမကြီးကို ဇွန်လ ၂၄ ရက်၊ ...

ဆက်ဖတ်ရန်