ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅။
Zalen
မလေးရှားနိုင်ငံမှာ တော်လှန်ရေးအလှူငွေ မထည့်ဟုဆိုကာ မြန်မာလုပ်သား ၈ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထောက်ခံသူတွေက ပြန်ပေးဆွဲ မှုဖြစ်ပွားတယ်လို့ မှိုင်းဝေအမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က သတင်းရေးသားဖြန်ချီပါတယ်။
မှိုင်းဝေအမည်ရှိ တယ်လီဂရမ်ချန်နယ်က”မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၈ ဦးကို NUG ထောက်ခံသူတွေက တော်လှန်ရေးအလှူငွေ မထည့်သည့်အတွက်ဟုဆိုကာ ပြန်ပြေးဆွဲမှုဖြစ်ပွား။”လို့ သတင်းရေးသားဖြန့်ချီထားပါတယ်။
မူရင်းရေးသားဖြန့်ချီထားတဲ့ သတင်းလင့်ခ်
အဲ့ဒီသတင်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ဖတ်ရှူသူ ၄၂,၅၀၀ ကျော် နဲ့ Reaction ပေးသူ ၅၈၀ ကျော်ရှိပါတယ်။
စိစစ်တွေ့ရှိချက်
___________
Zalen Fact -Checking Team က စိစစ်ကြည့်တဲ့အခါ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၈ ဦးကို NUG ထောက်ခံသူတွေက တော်လှန်ရေးအလှူငွေ မထည့်သည့်အတွက်ဟုဆိုကာ ပြန်ပေးဆွဲမှုဖြစ်ပွားတယ်ဆိုတာ မတွေ့ရှိရပါ။
NUG ထောက်ခံသူတွေက တော်လှန်ရေးအလှူငွေ မထောက်ပံ့တဲ့အတွက် မြန်မာလုပ်သား ၈ ဦးကို ပြန်ပြေးဆွဲမဟုတ်ဘဲ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားနိုင်ငံသားပွဲစားတွေက ပြန်ပြေးဆွဲတာဖြစ်တယ်လို့ မလေးရှားအခြေအစိုက် မြန်မာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခူမီးဒုက္ခသည်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အဲ့ဒီပြဿနာက အလုပ်ရှိတယ်ဆိုပြီး မလေးရှားနိုင်ငံသား ပွဲစားတွေက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအပါအဝင် အထောက်ထားမရှိတဲ့ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲကြတာဖြစ်ပါတယ်။” လို့ သူက ဆိုပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတွေ လူဦးရေးနဲ့တွက်ရင် တော်လှန်ရေးမှာ ပါဝင်တာ အရမ်းနည်းပေမဲ့ ဒီကနေ့အချိန်ထိ အလှူငွေကို အတင်းအဓမ္မ ကောက်ခံတာတွေ လုံးဝ မရှိဘူးလို့ မလေးရှားရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သလို ထောက်ပို့တစ်ဦးလည်းဖြစ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
“အဲသတင်းက မဟုတ်မမှန်သတင်းဆိုတာ မလေးရှားရောက်တဲ့ ပြည်သူတွေ သိပါတယ်။ စကစက တမင် ဝါဒဖြန့်နေကြတာပါ။ မလေးရှားမှာ တော်လှန်ရေးတွက် အလှူငွေ အတင်းအဓမ္မကောက်ခံတာ တော်လှန်ရေးအစကနေ ယနေ့ထိ မရှိပါဘူး။ မိမိဆန္ဒအရ လှူဒါန်းတာပဲ ရှိတယ်။ အဲဒါတောင် မလေးရှားရောက် လူဉီးရေနဲ့ တွက်ရင် တော်လှန်ရေးမှာ ပါဝင်တာ လူဦးရေ ရာခိုင်နှုန်း အရမ်းနည်းပါတယ်။ ယခု ပျံ့နှံ့နေတဲ့ သတင်း မမှန်ကန်ကြောင်း ကျွန်တော် အသက်နဲ့အမျှ တာဝန်ယူပြီး အတည်ပြုပါတယ်။” လို့ သူက ဆိုပါတယ်။
NUG ထောက်ခံသူတွေက အလှူငွေမထည့်ဟုဆိုကာ ပြန်ပေးဆွဲတာမဟုတ်ဘဲ မြန်မာပွဲစားတချို့က အလုပ်ရမည်ဟုဆိုပြီး မြန်မာနိုင်ငံသားအချင်းချင်း ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ် မလေးရှားရောက် မြန်မာနိုင်ငံတစ်ဦးက ပြောပါတယ်။
“ဇန်နဝါရီလ ၃၁ ရက်နေ့က မြန်မာနိုင်ငံသားအချင်းချင်း ပြန်ပေးဆွဲမှု ဖြစ်စဥ်ပါ။ အဲ့ဒီဖြစ်စဥ်အပေါ် စစ်ကောင်စီ ထောက်ခံအားပေးသူတွေက အခြေခံပြီး ထင်ယောင်ထင်မှားတွေ သတင်းအမှားတွေ ဖြန့်ဝေတာဖြစ်ပါတယ်။ မလေးရှားမှာ ပွဲစားတွေက အလုပ်ရမည်ဆိုပြီး အခုလိုမျိုး ပြန်ပေးဆွဲမူတွေ မကြာခဏကြုံတွေ့ရပါတယ်။ NUG ထောက်ခံသူတွေက အလှူငွေမထည့်တဲ့ မြန်မာလုပ်သားတွေကို ပြန်ပေးဆွဲတာ လုံးဝ မဟုတ်ပါဘူး။” လို့ သူက ဆိုပါတယ်။
Ayeyarwady Times၊ BBC Burmese၊ Chin World စတဲ့မြန်မာသတင်းဌာတွေမှာ မလေးရှားနိုင်ငံတွင် မြန်မာပွဲစားတွေက ငွေညှစ် ပြန်ပေးဆွဲခံရတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ချင်းအဖွဲ့အစည်းနဲ့ မလေးရှားရဲတပ်ဖွဲ့တွေက ကယ်ထုတ်ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
Ayeyarwady Times မှာ ဖော်ပြတဲ့ သတင်းလင့်ခ်
Chin world မှာ ဖော်ပြတဲ့ သတင်းလင့်ခ်
BBC Burmese မှာ ဖော်ပြတဲ့ သတင်းလင့်ခ်
သုံးသက်ချက်
_________
အထက်ပါ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာအဖွဲ့အစည်း တာဝန်ရှိသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ပြောဆိုချက်အရ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၈ ဦးကို NUG ထောက်ခံသူတွေက တော်လှန်ရေးအလှူငွေ မထည့်သည့်အတွက်ဟုဆိုကာ ပြန်ပြေးဆွဲမူဖြစ်ပွားတယ်ဆိုတာ မတွေ့ရှိရဘဲ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။
မှိုင်းဝေအမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ စစ်ကောင်စီထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်ပြီး တော်လှန်ရေးပတ်သက်ပြီး မဟုတ်မမှန်ရေးသားဖြန့်ချိနေတာဖြစ်ပါတယ်။
သတင်းအမှားဖြစ်ကြောင်း စိစစ်ထားတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဖတ်ရှူ့နိုင်ပါတယ်။
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။