မလေးရှားမှာ မင်းတပ်မြို့နယ်ဒေသခံ ချင်းအမျိုးသားတစ်ဦး ကျားဆွဲခံရပြီး သေဆုံး

အောက်တိုဘာ ၁၇ရက်၊ ၂၀၂၄

Zalen

မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ဂျလီခရိုင်ထဲက စိုက်ပျိုးရေးတစ်နေရာမှာ ချင်းအမျိုးသားတစ်ဦး ကျားဆွဲခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၈နှစ် ဝန်းကျင် ဆလိုင်းဟုန်ရှိန်းဖေ လို့သိရပြီး ၎င်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာ ဇာတိဖြစ်တယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာ ၁၆ ရက် ည ၈း၁၅ နာရီဝန်းကျင်မှာ ကျားဆွဲခံရတာဖြစ်ပြီး ရုပ်အလောင်းကို ဒီနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြန်တွေ့တယ်လို့ သိရပါတယ်။

“အလုပ်ကနေအပြန် ထမင်း၊ ဟင်းချက်ဖို့ ပြင်ဆင်နေတုန်း ကျားဆွဲခံရတာဖြစ်တယ်။ ကျွန်တော်တို့လည်း ဘာအသံမှလည်း မကြားရဘူး။ ချက်ချင်းရှာပေမဲ့ မတွေ့ဘူး။အလောင်းကို ဒီနေ့မနက်မှာ ပြန်တွေ့တယ်။”လို့ ၎င်းနဲ့နီးစပ်သူက ဆိုပါတယ်။

သေဆုံးသူ ဆလိုင်းဟုန်ဖေရှိန်းရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက်မှာ ခြေနှစ်ဖက်စလုံး ကျားကိုက်ဒဏ်ရာနဲ့ တောတွင်းတနေရာမှာ ပြန်လည်တွေ့ရှိတယ်လို့ သိရပါတယ်။

ကလန်တန်ပြည်နယ်ဟာ ကျား၊ ဆင်ရိုင်း အလွန်ပေါတဲ့ နေရာဖြစ်ပြီး စိုက်ပျိုးရေးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂရုစိုက်ဖို့ ချင်းအမျိုးသားတစ်ဦးက တိုက်တွန်းထားပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်