ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၅
Zalen
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ကြတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာနေကြပြီလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
စစ်ကောင်စီကင်းစင်သွားပြီး တိုက်ပွဲတွေမရှိတော့တာကြောင့် စစ်ဘေးရှောင်တွေဟာ ဇန်နဝါရီလ ၁ရက်နေကစလို့ မတူပီမြို့နယ်ကို ပြန်လာကြတာဖြစ်ပါတယ်။
“မိသားစုအလိုက် ပြန်လာကြတဲ့သူတွေရှိတယ်။ နောက်ထပ်ပြန်လာကြမယ့်သူတွေလည်းရှိတယ်။ မီဇိုရမ်ဘက်မှာလည်း အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး အဆင်မပြေကြဘူးလေ။”လို့ လောက်တလိုင်ခရိုင်က မတူပီစစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။
မတူပီမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြားဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်နေတာကြောင့် စစ်ဘေးရှောင်တချို့ကတော့ နေရပ် ပြန်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
“တချို့က အိမ်သန့်ရှင်းရေးတွေလုပ်သွားတယ်။ အခြေအနေကို စောင့်ကြတယ်။ အကုန်လုံးက ပြန်လာချင်ကြပါပြီ။ စစ်တပ်ဘက် ဗုံးကြဲမလား။ အချင်းချင်းတွေ ဘာတွေဖြစ်မလဲပေါ့။ စိုးရိမ်နေကြတယ်။ မီဇိုရမ်မှာက စားဝတ်နေရေးအဆင်မပြေပေမဲ့ အသက်လုံခြုံတယ်လေ။”လို့ နောက်ထပ် မတူပီစစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။
မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်တပ်တွေဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံအများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ ထွက်ပြေးစစ်ဘေးရှောင်နေကြရပါတယ်။
မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့မှာ သိမ်းပိုက်ရရှိထားပေမဲ့ စစ်ဘေးရှောင်အများဟာ ဒီကနေ့ထိ ပြန်လာနိုင်ခြင်းမရှိသေးပါ။
သတင်း-အောက်ချင်း