မီဇိုရမ်၊ Lamsial Puk ဂူမှ လူအရိုးများဟာ အေဒီ ၁၇၂၉ မှ ၁၇၈၉ ကြားကဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

ဇူလိုင် ၈၊ ၂၀၂၆
Zalen

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် ဖရ်းကောန် (Farkawn) ကျေးရွာအနီးရှိ Lamsial Puk ဂူအတွင်း တွေ့ရှိထားတဲ့ လူအရိုးနမူနာတခုကို သိပ္ပံနည်းကျ စစ်ဆေးခဲ့ရာ အေဒီ ၁၇၂၉ ခုနှစ်မှ ၁၇၈၉ ခုနှစ်အတွင်း နေထိုင်ခဲ့သူများရဲ့ အရိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ Mizo Archaeological Society (MAS) က ထုတ်ပြန်ပါတယ်။

MAS ဟာ Lamsial Puk ဂူအတွင်းရှိ လူအရိုးနမူနာတခုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ရှိ Beta Analytics သို့ ပေးပို့ကာ Radiocarbon (Carbon-14) Dating နည်းလမ်းဖြင့် သက်တမ်းသတ်မှတ် စစ်ဆေးစေခဲ့ခြင်းဖြစ်ပြီး၊ ရရှိလာတဲ့ရလဒ်အရ အဆိုပါအရိုးစုများဟာ အေဒီ ၁၇၂၉ ခုနှစ်မှ ၁၇၈၉ ခုနှစ်အတွင်းက ဖြစ်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဂူအတွင်းမှာလူအရိုးအများအပြား တွေ့ရှိထားပေမယ့် ယခုစစ်ဆေးထားတာက နမူနာတခုတည်းသာ ဖြစ်သဖြင့် ဂူအတွင်းရှိ အရိုးအားလုံးဟာ အလားတူကာလက ဖြစ်တယ်လို့ မဆိုလိုကြောင်း MAS က ရှင်းလင်းထားပါတယ်။

Zalen ad

Carbon-14 Dating စစ်ဆေးမှုအတွက် ကုန်ကျစရိတ်အဖြစ် ၂၀၂၃ ခုနှစ်တွင် မီဇိုရမ်အစိုးရရဲ့ Art & Culture Department ထံမှ အိန္ဒိယရူပီး ၁ သိန်း ၅ သောင်း (₹၁,၅၀,၀၀၀) ထောက်ပံ့ငွေ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

Mizo Archaeological Society ဟာ မီဇိုလူမျိုးတို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို သိပ္ပံနည်းကျ လေ့လာသုတေသနပြုနေတဲ့ ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး၊ မီဇိုရမ်ပြည်နယ်အတွင်း တွေ့ရှိလာတဲ့ ရှေးဟောင်းအရိုးများနဲ့ရှေးဟောင်းပစ္စည်းများကို ဆက်လက်စုဆောင်း လေ့လာလျက်ရှိကြောင်း သိရပါတယ်။

သတင်း – Mickey

#မီဇိုရမ်ပြည်နယ် #ကျန်ဖိုင်းခရိုင် #Farkawnကျေးရွာ #LamsialPukဂူ #လူအရိုးနမူနာတွေ့ #Zalen

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်