၂၀၊ ဩဂုတ်လ၊၂၀၂၄
Zalen
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောင်ထန်းတလန်ကျေးရွာအတွင်းရှိ အသင်းတော်များကြား သဘာထား မတိုက်ဆိုင်တာကြောင့် Assemblies of God – AG အသင်းသူ၊သားများ အဆိုပါရွာကနေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှာ နှင်ထုတ်ခံခဲ့ရတယ် လို့သိရပါတယ်။
အဆိုပါကျေးရွာဟာ လောက်တူနယ်မြေမှာ ရှိတာဖြစ်ပြီး ကျေးရွာအတွင်းရှိ နှစ်ခြင်းအသင်းတော် နဲ့ AG အသင်းတော်ကြားက ညှိနှိုင်းလို့မရတော့တဲ့ပြဿနာကြောင့်ယခုလို AG အသင်းသားများရွာကနေထွက်ခွါရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ လောင်ထန်းတလန်ကျေးရွာရဲ့ မူအရရွာအတွင်းရှိပြီးသားအသင်းတော်သုံးပါးအပြင်တစ်ခြားသော အသင်းတော်တည်ထောင်ခွင့်မရှိပါ။ အဲဒီအပြင်နောက်ထက် အသင်းတော် တည်ထောင်သူများရှိပါက ရွာကနေနှင်ထုတ်ခံရမယ်ဆိုတဲ့မူရှိခဲ့ကြတာဖြစ်ပါတယ်။ ကျေးရွာအတွင်းနှစ်ခြင်းအသင်းတော်၊ ကတ်သလစ် အသင်းတော် နဲ့ Mara Evangelical Church – MEC စတဲ့အသင်းတော်တွေရှိပါတယ်။
အဲဒီအသင်းတော်သုံးခုများအနက် MEC ဟာအကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ရပ်တည်ဖို့မဖြစ်နိုင်တော့ တာကြောင့် MEC အသင်းသားများအနေနဲ့ နှစ်ခြင်းအသင်းတော်မှာ ပူးပေါင်းမလာ၊ AG အသင်းတော်အဖြစ် သီးသန့်ရပ်တည်မလာဆိုပြီး ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြရာ အများစုက AG အသင်းတော်ဖွဲ့စည်းဖို့ သဘောတူတာကြောင့် အရင်က MEC အသင်းတော်ဝင်များက AG အနေနဲ့ ရပ်တည်လာ ခဲ့ကြတာဖြစ်ပါတယ်။
ဒီလိုလုပ်တာဟာ အသင်းတော်အသစ်ထူထောင်တာမဟုတ်ဘဲ MEC ကို AG အနေနဲ့ ရပ်တည်ခြင်းသာဖြစ်တာ ကြောင့် ရွာရဲ့ဥပဒနဲ့မကိုက်ညီတာမရှိဘူးလို့ အဆိုပါ AG အသင်းတော်ကိုဦးဆောင်သူ တစ်ဦးကဆိုပါတယ်။
အဲလိုနဲ့ အသင်းတော်အသစ်ဖွဲ့စည်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်မှာ နှစ်ခြင်းအသင်းတော်များက မိမိတို့ အသင်းတော်ထဲကိုပူးပေါင်းဖို့ကမ်းလှမ်းလာခဲ့ရာ ၎င်းတို့အနေနဲ့ မဝင်ချင်ဘဲသီးသန့်ရပ်တည်ဖို့ကို သာရွေးချယ်ခဲ့ကြတာကြောင့်အဲဒီအချိန်ကနေစပြီး AG ဘုရားကျောင်းကိုရွာလူကြီးများနဲ့ နှစ်ခြင်းအသင်း တော်လူကြီးများက ချိတ်ပိတ်ပေးခဲ့ကြတာဖြစ်ပါတယ်။
AG အသင်းသားများဟာ ဘုရားကျောင်းချိတ်ပိတ်ခံခဲ့ရပြီးနောက် ရွာထဲကနေအိမ်တွေမှာ ဆက်လက်ပြီး ဝတ်ပြုကိုးကွယ်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပြီး ၄ လ မြောက် ဩဂုတ်လ ၉ ရက်နေ့မှာ နှစ်ခြင်းအသင်း တော်က နောက်တစ်ခေါက် စည်းရုံးလာခဲ့ကြပေမယ့် နှစ်ခြင်းအသင်းတော်ထဲဝင်ရောက်ပူးပေါင်းဖို့ သဘောမတူနိုင်ကြတာကြောင့် AG အသင်းတော်ဝင်များအနေနဲ့ရွာကနေထွက်ခွါရမယ်လို့ အသိပေးလာခဲ့ကြ တာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာ လောင်ထန်းတလန်ရွာအုပ်ချုပ်ရေးမှူးက AG အသင်းတော်ဝင်များရဲ့ နေအိမ်နဲ့ ခြံများကို သိမ်းဆည်းပြီဖြစ်ကြောင်းနဲ့ ရွာကနေ ဩဂုတ်လ ၁၉ ရက်နေ့နောက်ဆုံးထားပြီးထွက်ခွာရန် သတိပေးစာ ပေးပို့လာခဲ့ရာ လောင်ထန်းတလန် AG အသင်းတော်ဝင်များက နှာဟရိန်မြို့ရှိ AG အသင်းတော်ကိုဆက်သွယ် ကာ နှာရိန် AG အသင်းတော်က ကား ၄ စီးနဲ့ ဆိုင်ကယ် ၂၅ စီးတို့ဖြင့် ဩဂုတ်လ ၁၅ ရက်မှာသွားကြိုခဲ့ကြတာ ဖြစ်ပါတယ်။
လောင်ထန်းတလန်ကျေးရွာကနေ နှဟရိန်မြို့ကိုရောက်ရှိလာကြတဲ့ AG အသင်းတော်ဝင်များဟာ အိမ်ထောင် စု ၁၀ စုဖြစ်ပြီး လူဦးရေ ၅၀ ကျော်ရှိပါတယ်။
ဒီကိစ္စတွေနဲ့ပက်သက်ပြီး လောင်ထန်းတလန်ရွာဒေသခံတစ်ဦးကတော့ “ကျွန်တော်တို့ရွာမှာ ရှိပြီးသား အသင်းတော် ၃ ပါးအပြင်နောက်ထပ် အသင်းတော်မတည်ထောင်ဖို့၊ တည်ထောင်သူရှိလာပါက ရွာကနေနှင် ထုတ်ခံရမယ်ဆိုတာအကုန်သိပြီးသားပါ။ ဒီလိုပြဿနာဖြစ်လာတာဟာ AG သင်းအုပ်ဆရာတစ်ဦးက မလိုအပ် ဘဲ လာရောက်စည်းရုံးသိမ်းသွင်းတာကြောင့် ဖြစ်တယ်။”လို့ ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထား ပါတယ်။
ဒီကိစ္စတွေနဲ့ပက်သက်ပြီး ရွာခံ အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူများကို Zalen အနေနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအခက်အခဲတို့ကြောင့် အဆက်အသွယ်မရရှိနိုင်သေးပါ။
သတင်း – Mickey