Zalen
မတ်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်
အိန္ဒိယနိုင်ငံနယ်စပ်မှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကူကီးချင်း Kuki National Army (Burma) စခန်းကို အိန္ဒိယစစ်တပ်က ဖျက်ဆီးပြီး လက်နက်ခဲယမ်းတွေကို အကုန်ဖမ်းဆီးဆိုပြီး သတင်းနှစ်ပုဒ်ကို Ko Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်က မတ်လ ၇ ရက်နေ့က သတင်းဖြန့်ချိထားပါတယ်။
Ko Thet အမည်ရှိ တယ်လီဂရမ်ချန်နယ်က ” အိန္ဒိယအာသံရိုင်ဖယ်တပ်ရင်းက ချင်း PDF တွေရဲ့ လက်နက်တွေကို အကုန်ဖမ်းဆီးနေပါတယ်။ အိန္ဒိယနယ်စပ်မှာ မြန်မာအစိုးရကို ပုန်ကန်နေတဲ့ ချင်း PDF ကူကီးသူပုန်တွေရဲ့စခန်းကို အိန္ဒိယစစ်တပ်က ဖျက်ဆီးပစ်။ အကြမ်းဖက်ဆို ဘယ်နိုင်ငံကမှ လက်မခံဘူးဆိုတာ သဘောပေါက်။” လို့ သတင်းဖြန့်ချိထားပါတယ်။
ဖြန့်ချိထားတဲ့ မူရင်းသတင်းလင့်ခ်
အဲ့ဒီသတင်းနှစ်ပုဒ်ကို ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ညနေ ၅နာရီအချိန်ထိ ဖတ်ရှုသူ ၅၈,၀၀၀ နဲ့ Reaction ပေးသူ ၁,၈၀၀ ကျော်ထိရှိပါတယ်။
စိစစ်တွေ့ရှိချက်
__________
Zalen Fact-Checking Team က စိစစ်ကြည့်ခါ အိန္ဒိယနယ်စပ်မှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ Kuki National Army (Burma) ရဲ့ လက်နက်ခဲယမ်းတွေကို အိန္ဒိယစစ်တပ်က ဖမ်းဆီးရမိပြီး စခန်းကို ဖျက်ဆီးတယ်ဆိုတာ မတွေ့ရှိရပါဘူး။
အိန္ဒိယနယ်စပ်က လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရပြီး စခန်းပါ ဖျက်ဆီးခံရတယ်ဆိုတာ မရှိသလို အိန္ဒိယနိုင်ငံထဲမှာ စခန်းချပြီး စစ်ရေးလှုပ်ရှားတာလည်း မရှိဘူးလို့ KNA (B) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျတော်တို့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူများနိုင်ငံထဲမှာ စခန်းချပြီး တော်လှန်တိုက်ခိုက်နေတာ မဟုတ်ဘဲ ကိုယ့်မြန်မာပြည်မှာ စခန်းချပြီး တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နိုင်ငံထဲမှာရှိတဲ့ တော်လှန်ရေးစခန်းတွေ၊ လက်နက်ခဲယမ်းတွေကို တခြားနိုင်ငံက စစ်သားတွေ လာရောက်ဖျက်ဆီး၊ ဖမ်းဆီးတယ်ဆိုတာ မဖြစ်နိုင်တဲ့ဟာကို သတင်းအမှားတွေဖြန့်နေကြတာပါ။ သူတို့သတင်းမှာ ကျတော် တံဆိပ်တွေ တွေ့ရပေမယ့် တမူးမြို့နယ် တိုက်ပွဲတွင်းကဟာတွေဖြစ်မှာပါ။”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံ တော်လှန်ရေးတပ်ဖွဲ့တွေဆီက လက်နက်ခဲယမ်းတွေ အိန္ဒိယစစ်တပ်က ဖမ်းဆီးပြီး စခန်းကို ဖျက်ဆီးခဲ့တယ်ဆိုတာ မရှိဘဲ သတင်းအမှားတွေဖြစ်တယ်လို့ အိန္ဒိယနယ်စပ်မှာ နေထိုင်တဲ့ တမူးမြို့နယ် မြန်မာစစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
“KNA B စခန်း ဖျက်ဆီးခံရတယ်။ လက်နက်ဖမ်းဆီးရတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ စစ်ကောင်စီလော်ဘီတွေက သတင်းအမှားတွေဖြန့်ဝေနေတာဖြစ်ပါတယ်။ သူတို့သတင်းမှာပါတဲ့ ဓာတ်ပုံတချို့ဟာ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ကူကီး-ဇိုနဲ့ ကသည်းလူမျိုးတို့ လူမျိုးရေးမဋိပက္ခတွေက အိန္ဒိယအစိုးရတပ်တွေဆီက လုယူသွားတဲ့သေနတ်တွေကို အရပ်သားတွေက ပြန်အပ်တဲ့ပုံတွေပါ။”လို့ သူက ဆိုပါတယ်။
Ko Thet တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတဲ့ ဓာတ်ပုံတချို့ကို Google Reverse Image Search နဲ့ ရှာဖွေကြည့်ရာမှာ တရားမဝင်လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိတဲ့ သတင်းခေါင်းစဥ်တွေနဲ့ မဏိပူရ်ပြည်နယ် လူမျိုးရေးပဋိပက္ခတွင်း အစိုးရဆီက ကသည်းလူမျိုးတွေလုယူသွားတဲ့ သေနတ်တွေပြန်အပ် သတင်းခေါင်းစဥ်နဲ့ အိန္ဒိယသတင်းဌာတွေမှာ ဖော်ပြထားတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။
အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းလင့်ခ်
သုံးသပ်ချက်
_________
အထက်ပါ KNA(B)တာဝန်ရှိသူနဲ့ ဒေသခံတို့ရဲ့ ပြောဆိုချက်တွေ သတင်းဌာနတွေနဲ့ ဖော်ပြချက်တွေအရ အိန္ဒိယနယ်စပ်မှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ Kuki National Army (Burma) ရဲ့ လက်နက်ခဲယမ်းတွေကို အိန္ဒိယစစ်တပ်က ဖမ်းဆီးပြီး စခန်းကိုဖျက်ဆီးဆိုတာ မတွေ့ရှိရပဲ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။
Ko Thet အမည်ရှိ တယ်လီဂရမ်ချန်ဟာ စစ်ကောင်စီတပ်ကို ထောက်ခံအားပေးသူဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို မဟုတ်မမှန်သတင်းအမှားတွေဖြန့်ချိရေးသားတဲ့ တယ်လီဂရမ်ချန်ဖြစ်ပါတယ်။
သတင်းအမှားဖြစ်ကြောင်း စိစစ်ထားတဲ့ လင့်ခ်
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။