အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ရှိဒုက္ခသည်များနဲ့ နေရပ်စွန့်ခွာသူများအတွက် ရူပီး ၅ ကုဋေတန်ဖိုးရှိ ဆန်အကူအညီ ထပ်ပေးမယ်

ဇွန် ၉၊၂၀၂၆
Zalen

အိန္ဒိယဗဟိုအစိုးရဟာ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေထိုင်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသူတွေနဲ့ မဏိပူရ်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို ထောက်ပံ့ဖို့ ရူပီး ၅ ကုဋေခန့်တန်ဖိုးရှိတဲ့ ဆန်အကူအညီကို ထပ်မံခွင့်ပြုပေးလိုက်ပါတယ်။

ဒီအစီအစဉ်ကနေ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ၃၁,၃၀၀ ကျော်နဲ့ မဏိပူရ်ပြည်နယ်က နေရပ်စွန့်ခွာလာသူ ၇,၀၀၀ ကျော် အကျိုးခံစားခွင့်ရရှိမှာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဆန်ထောက်ပံ့မှုအတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ရန်ပုံငွေထောက်ပံ့ထားတာဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အလားတူ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်အပြီး ဒုတိယအကြိမ်မြောက် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

Zalen ad

ဆန်ဖြန့်ဝေဖို့အတွက် မီဇိုရမ်ပြည်နယ် စားသောက်ကုန်နှင့် စားသုံးသူရေးရာဌာနက အိန္ဒိယအစားအသောက် ကော်ပိုရေးရှင်းကနေ ဆန် မက်ထရစ်တန်ချိန် ၁,၂၉၁ ဒသမ ၃ တန်ကို ဝယ်ယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကို သတ်မှတ်ထားတဲ့ ဆန်ပမာဏတွေကို ထုတ်ယူပြီး အကျိုးခံစားခွင့်ရှိသူတွေထံ အမြန်ဆုံးဖြန့်ဝေဖို့ ညွှန်ကြားထားပါတယ်။ ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် ဆန်ထုတ်ယူမှုအားလုံး အပြီးသတ်ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ လောင်တလိုင်ခရိုင်ဟာ ဒီအစီအစဉ်ရဲ့ အဓိက အကျိုးခံစားရမယ့် ဒေသတွေထဲက တခုဖြစ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး Donny Lalruatsanga က လောင်တလိုင်ခရိုင်အတွက် ဆန် ကွင်တယ် ၂,၈၅၀ ခွဲဝေပေးထားပြီး၊ လာမယ့် တနင်္လာနေ့ကစပြီး ဖြန့်ဝေသွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာ လောင်တလိုင်ခရိုင်အတွင်း မြန်မာဒုက္ခသည် ၆,၃၂၈ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် ၁,၃၅၃ ဦး နေထိုင်နေပြီး၊ မဏိပူရ်က နေရပ်စွန့်ခွာလာတဲ့ မိသားစုအချို့လည်း ခိုလှုံနေထိုင်နေပါတယ်။

မြန်မာဒုက္ခသည် အများဆုံး လက်ခံထားတဲ့ ကျန်ဖိုင်ခရိုင်အတွက်တော့ ဆန် ကွင်တယ် ၄,၄၆၀ ခွဲဝေပေးထားပါတယ်။ တရားဝင်စာရင်းတွေအရ ကျန်ဖိုင်ခရိုင်အတွင်း မြန်မာနိုင်ငံသား ၁၂,၀၈၃ ဦး ခိုလှုံနေထိုင်နေတယ်လို့ သိရပါတယ်။

အိုင်ဇောလ်ခရိုင်အတွက် ဆန် ကွင်တယ် ၂,၇၉၄ နဲ့ စီဟားခရိုင်အတွက် ဆန် ကွင်တယ် ၁,၁၁၈ ခွဲဝေပေးထားပြီး၊ ကျန်ရှိတဲ့ ဆန်ပမာဏတွေကိုလည်း ဒုက္ခသည်နဲ့ နေရပ်စွန့်ခွာသူ အရေအတွက်အလိုက် အခြားခရိုင်တွေကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်အဆင့် နေရပ်စွန့်ခွာသူများဆိုင်ရာ တာဝန်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထဲရေးဌာန အပိုဆောင်းအတွင်းရေးမှူး Andrew H. Vanlaldika က ဒီအခမဲ့ဆန်ထောက်ပံ့ရေး အစီအစဉ်ကို လူသားချင်းစာနာထောက်ထားမှု အစီအစဉ်တစ်ရပ်အဖြစ် ဗဟိုအစိုးရက ယခင်နှစ်ကတည်းက ခွင့်ပြုထားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အလားတူ ၂၀၂၃ ခုနှစ်ကစတင်ခဲ့တဲ့ မဏိပူရ်ပြည်နယ် လူမျိုးရေးပဋိပက္ခတွေကြောင့်လည်း မိသားစုအများအပြား မီဇိုရမ်ဘက်ကို ရွှေ့ပြောင်းလာခဲ့ကြရပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chittagong Hill Tracts ဒေသအတွင်း မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ Bawm လူမျိုးဝင်တွေကိုလည်း မီဇိုရမ်ပြည်နယ်က လက်ခံထားပါတယ်။

တာဝန်ရှိသူတွေကတော့ ယခုဆန်ထောက်ပံ့မှုဟာ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာသူတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်ပြီး၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း အားဖြည့်ပေးနိုင်မယ်လို့ ပြောဆိုထားပါတယ်။

ကိုးကား – The Assam Tribune
သတင်း – Mickey

နောက်ဆုံးရသတင်းများ

မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်း သူများကိုနှိမ်နင်းရန် အထူးတပ်ဖွဲ့ CoBRA တပ်ရင်း (၃) ရင်းစေလွတ်

ဇွန်  ၉၊  ၂၀၂၆ Zalen  အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများကိုနှိမ်နင်းရန် CRPF ညွန်းကြားရေးမှုချူပ်က အထူးတပ် CoBRA တပ်ဖွဲ့ တပ်ရင်း(၃) ရင်းကိုစေလွတ်ထားတယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။ အခုလို စေလွတ်ထားတဲ့ အထူးလှုပ်ရှားတပ် CoBRA တပ်ရင်း (၃) ...

ဆက်ဖတ်ရန်