ချင်းလူမျိုးများညီညွတ်ရေးနဲ့ ပတ်သက်ပြီး မီဇိုးကျောင်းသားများသမဂ္ဂနဲ့ ICNCC တို့တွေဆုံဆွေးနွေး

၉၊ဩဂုတ်၊၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့အခြေစိုက် မီဇိုးကျောင်းသားများသမဂ္ဂ (Mizo Zirlai Pawl – MZP) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ – ICNCC တို့ဩဂုတ်လ ၇ ရက်တွင် တွေ့ဆုံခဲ့ကြပြီး ချင်း လူမျိုးများ ညီညွတ်ရေးကိစ္စဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုကို အိုင်ဇောလ်မြို့ရှိ MZP ရုံးမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ချင်းမျိုးနွယ်စု တွေအကုန်လုံးကြား စည်းလုံးမှုနဲ့ တစ်သားတည်းရှိစေရန် အဓိကဆွေးနွေးခဲ့ကြတာဖြစ်ကာ ICNCC ဘက်က ကိုယ်စားလှယ် ၇ ဦးတက်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။

“အဓိကထား ဆွေးနွေးကြတာကတော့ ချင်းလူမျိုးညီအစ်ကိုတွေကြားမှာ နိုင်ငံရေးအရ အမြင်မတူကွဲပြားနေ တဲ့ အပြင် လက်နက်နဲ့ တိုက်ခိုက်တဲ့အဆင့်ထိ ကျွန်တော်တို့ရောက်နေတာကို အဓိက ပြေလည်စေချင်တဲ့ သဘော နဲ့ လုပ်ပေးတာဖြစ်တယ်။ ICNCC နဲ့တွေ့ပြီးနောက် ချင်းလဲန်းကောင်စီ (CC) ဘက်နဲ့လည်းတွေ့ဖို့ စီစဉ်ထားတယ်။ ပြီးတော့ CYMA နဲ့ရောပေါ့။ သူတို့အနေနဲ့ တွေ့သင့်တဲ့ လူတွေနဲ့တွေ့ပြီးရင် နောက်တစ်ခါ ICNCC နဲ့ CC နှစ်ဖွဲ့စလုံးနဲ့တွေ့ပြီးတော့ နိုင်ငံရေးအမြင်မတူတာကြောင့် အချင်းချင်းကြားပစ်ခတ်မှုမလုပ်ကြဖို့ ညှိနှိုင်းပေးမယ်လို့ MZP ဘက်က စဉ်းစားထားတယ်။”လို့ နာမည်မဖော်လိုတဲ့ ယင်းအစည်းအဝေးကိုတက် ရောက်သူတစ်ဦးက Zalen ကိုပြောပါတယ်။

ICNCC နဲ့ CC ဆိုတဲ့ချင်းအဖွဲ့အစည်းနှစ်ခုစလုံးမှာ အမှားလုပ်ထားတာတွေရှိနေလို့ ဒီလိုဖြစ်လာတာ ပြည်သူ လူထုအသိဖြစ်တယ်။ ဒါကို နှစ်ဖွဲ့စလုံးက ကိုယ့်ရဲ့အမှားကိုဝန်ခံပြုပြင်နိုင်တဲ့ သတ္တိမျိုးရှိပြီးတော့ အချင်းချင်း တွေ့ဆုံညှိနှိုင်းကြရင်တော့ အခုလို ကြားဝင်ညှိနှိုင်းပေးဖို့လည်း လိုမှာမဟုတ်ဘူး။ လက်ရှိချင်းအရေးကို မီဇိုရမ်ဘက်က ZORO ဖြစ်ဖြစ်၊ MZP ဖြစ်ဖြစ်ညှိနှိုင်းပေးကြတာဟာ NGO တွေအနေနဲ့ လုပ်ပေးကြတာဖြစ်လို့ ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မယ်ဆိုတာပြောလို့မရဘူး။အဓိကအနေနဲ့ ကျွန်တော်တို့ချင်းလူမျိုး တွေ ကွဲလို့မရဘူးဆိုတာရယ်၊ ကိုယ့်အမှားကို ဝန်ခံဖို့သတ္တိရှိကြဖို့ရယ် ကျွန်တော်တို့ဘုံရန်သူကိုသာ တိုက်ခိုက် ကြမယ်ဆိုတဲ့ အချက်တွေ သဘောတူနိုင်ရင်တော့ ပြန်မစည်းလုံးနိုင်စရာ မရှိဘူးလို့မြင်ပါတယ် လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

MZP အနေဖြင့် ချင်းလူမျိုးအချင်းချင်းကြား သဘောထားကွဲလွဲမှုနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ရန်ဆောင်နေမှုကို မလိုလားကြောင်း၊အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရှိစေရန်အတွက် အခုလို ICNCC ကိုတွေ့ဆုံခဲ့တာဖြစ်ပြီး အကြာမီမှာ ချင်းလဲန်းကောင်စီ၊ ချင်းညီနောင်နဲ့ တစ်ခြားသောအဖွဲ့များကိုလည်းတွေ့ဆုံသွားမယ်လို့ MZP က ဆိုပါတယ်။

အခုလိုမျိုး ချင်းလူမျိုးညီအစ်ကိုအချင်းချင်းကြား စည်းလုံးမှုရှိစေရန်အတွက်လုပ်ဆောင်တာဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ ယူဆကြောင်း MZP က ဆိုကာ ချင်းညီကိုတွေကြား မူဝါဒမတူညီကြရင်တောင်  လက်နက်နဲ့ ဖြေရှင်းတဲ့လမ်းစဉ်ကိုမရွေးကြဖို့၊ပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေးအောင်မြင်ပြီးတော့ အရပ်သားအစိုးရပေါ်ပေါက်လာတဲ့အထိ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ MZP က ထုတ်ပြန်ထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်