ဒီဇင်ဘာ ၂၇၊ ၂၀၂၅။
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းအရ သိရပါတယ်။
ဒီဇင်ဘာလ ၂၇ရက်ယနေ့ မနက် ၅နာရီခန့်က ကလေးမြို့နယ် တော်လှန်ရေးအင်အားစုများက ကလေးမြောက်ပိုင်း ကလေး-တမူးလမ်းက ၅၆ မိုင်စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
” မနက် ၅ နာရီလောက်က အကြီးသံတွေကြားရတယ်။ ၉နာရီ ၁၀နာရီလောက်မှာ ကလေးဘက်ကို သွားတဲ့ ခရီးသည်တင်ကားတွေ ပြန်လာကြတာ တွေ့ရတယ်။ လူငယ်တွေက ၅၆မိုင်နဲ့ အရှေ့ခုံသာကို ရပြီလို့ကြားတယ်” လို့ သတင်းအရင်းအမြစ်တစ်ခုက Zalen ကိုပြောပါတယ်။
အခုလို တိုက်ပွဲပြင်းထန်နေတဲ့ ၅၆ မိုင်ကို စခန်းကြီးမှာအခြေချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
” ၅၆မိုင်ကို စခန်းကြီးကနေလက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်။ လေယာဉ်နဲ့လည်း ဗုံးလာချတယ်လို့ကြားတယ်။ အသေးစိပ်တော့ မသိရသေးဘူး” လို့ နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက် မနက်ဖြန်မှာ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲတစ်ရက် အလိုမှာ ကလေးမြို့နယ်တော်လှန်ရေးအင်အားစုများက ကလေးမြောက်ပိုင်း ကလေး-တမူးလမ်းကိုရှိ ၅၆ မိုင် စစ်ကောင်စီစခန်းကို အခုလိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သတင်း – အမေ့သား



















