အောက်တိုဘာ ၁၈၊ ၂၀၂၅။
Zalen
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ရှိ ဒေသခံပြည်သူအချို့ဟာ စစ်ကောင်စီရဲ့ အင်အားသုံး စစ်ကြောင်း ထိုးမှုကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံများကပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့နဲ့ ၁၇ရက်နေ့မှာ စစ်ကောင်စီတပ်က ကလေးမြို့ကနေ အင်အားအလွန်အကျွံအသုံးပြုပြီး ကလေး-ခမ်းပါတ်လမ်းကြောင်းကို ထိုးစစ်ဆင်လာတာကြောင့် ခမ်းပါတ်မြို့နယ်နဲ့ မြို့ပေါ်က ဒေသခံအချို့ဟာ ယနေ့ အောက်တိုဘာ ၁၈ရက်နေ့ကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ကြရတာဖြစ်ပါတယ်။
” စစ်ကြောင်းက အင်အား ၁ထောင်ကျော်မယ်ဗျ။ မနေ့ညက ရာဇဂြိုလ်မှာတိုက်ပွဲဖြစ်တယ်။ အိမ်တွေလည်းမီးရှို့လိုက်ကြပြီ။ ဒီမနက် စော်ဘွားရေရှင်ရောက်နေကြပြီ။ သိမ်မလုံခြုံတော့ ထွက်ပြေးကြရတော့တာ။ လုံခြုံတဲ့နေရာတချို့နဲ့ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးကြရတာပါ” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်က အင်းသုံးစစ်ကြောင်းထိုးနေတဲ့ လမ်းကြောင်းများတွင် ပိတ်မိနေတဲ့ ဒေသခံပြည်သူအချို့ရှိနေသလို ပစ္စည်းပြန်ယူတဲ့ပြည်သူအချို့ရှိခဲ့ပြီး စစ်ကောင်စီတပ်များရဲ့အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြက်ခြင်းကို ခံနေရတာကြောင့် ခမ်းပတ်မြို့အနီး ကျေးရွာအချို့က ပြည်သူတွေနဲ့ မြို့ပေါ်ရှိပြည်သူအချို့ အခုလို ဘေးလွတ်ရာကို ထွက်ပြေတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊တမူး-ကလေးလမ်းကြောင်းကို ဒီဇင်ဘာလ ရွေးကောက်ပွဲ မတိုင်မှီ အပြီးသတ် ရှင်းလင်းပြီး တမူးမြို့မှာ တပ်မတစ်ခုအထိုင်ချထားမယ်လို့ စစ်ကောင်စီ ကြွေးကြော်ထားတယ်လို့လည်း သိရပါတယ်။
” စစ်တပ်က သူတို့လုပ်မဲ့အတုအယောင် ရွေးကောက်ပွဲအောင်မြင်အောင်လုပ်ဆောင်တဲ့သဘောဖြစ်မယ်။ ဒါပေမယ့် အခုလိုအကြမ်းပဒမ်း အင်အားသုံးစစ်ကြောင်းထိုးတိုက်ခိုက်တော့ ပြည်သူတွေကသူတို့ကိုပိုကြောက်ပြီး ထွက်ပြေးကုန်မှာပဲ။ တမူးမြို့ပေါ်တောင် ရွေးကောက်ပွဲ မသေချာဘူးဗျ” လို့ ဒေသခံတစ်ဦးကလည်းပြောပါတယ်။
စစ်ကောင်စီတပ်က တမူးခရိုင်အတွင်း နယ်မြေရှင်းလင်းပြီး ရွေးကောက်ပွဲကျင်ပမယ်လို့စီစဉ်ထားပေမယ့် ဒေသခံပြည်သူအများအပြား ထွက်ပြေတိမ်းရှောင်နေရမှာဖြစ်တဲ့ အတွက် မဲပေးနိုင်သူပိုမိုလျော့နည်းနိုင်တယ်လို့ ဒေသခံများကပြောဆိုနေကြပါတယ်။
သတင်း – စနေသား
ပုံစာ – ခမ်းပါတ်မြို့ဈေးအားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်။