၂၈၊ အောက်တိုဘာ၊ ၂၀၂၄
Zalen
စစ်ကောင်စီတပ်ဟာ ကလေးမြို့အပြင်ဘက် ဆည်ကြီးတံတားနားမှာ စစ်ဆေးရေးဂိတ်လုပ်ပြီး ယာဉ်အသွားအလာရော၊ ကုန်ပစ္စည်းသယ်ယူမှုကိုပါ တင်းကျပ်ထားတာလို့ ဒေသခံတွေ အခက်အခဲဖြစ်နေလို့ သိရပါတယ်။
အောက်တိုဘာလလယ်ပိုင်းကစပြီး ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီ ကန့်သတ်ထားတာဖြစ်ပြီး အဲဒီတံတားပေါ်ကို ဆိုင်တွဲနဲ့ ကားတွေ ဖြတ်သန်းခွင့် မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကုန်စည်တွေကို တံတားဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်အထိ စစ်ကောင်စီက ပြုလုပ်ထားတဲ့ တွန်းလှည်းနဲ့သာ သယ်ယူခွင့်ပေးပြီး တွန်းလှည်း အသုံးပြုခကို ငါးသောင်းအထိ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” သူတို့ တနေ့ကို သုံး၊ လေးချိန်ပဲ ဖွင့်တာ။ မဖွင့်ခင်ကို တန်းစီစောင့်ရတယ်။ တံတားပေါ်ကို ကုန်သယ်လို့မရဘူး။ သူတို့လုပ်ထားတဲ့ လက်တွန်းလှည်းနဲ့ သယ်ရတယ်၊ အဲတာအတွက် တစ်ခေါက်ကို ငါးသောင်းလောက် ပေးရတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်နဲ့ လူသွားလူလာ ဖြတ်သန်းခွင့်ပေးပေမယ့် အချိန်အကန့်အသတ်၊ အရေအတွက် အကန့်အသတ်နဲ့သာ ဖြတ်သန်းခွင့်ပေးတာကြောင့် ဒေသခံတွေ တန်းစီစောင့်ဆိုင်းနေရတာမျိုးတွေလည်း ရှိနေပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့မနက်ကလည်း မြို့ထဲကိုအလုပ်သွားလုပ်ဖို့ ဂိတ်ဖွင့်ချိန်စောင့်နေတဲ့ ဒေသခံ အမျိုးသား တစ်ဦး ဆည်ကြီးဂိတ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ- မြန်မာ တရားဝင်နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် တမူးနဲ့ ခမ်းပတ်မြို့က ဒေသခံတွေဟာ ကလေးမြို့က ကုန်စည်တွေကိုပဲ အဓိက ထား၀ယ်ယူနေရပါတယ်။
ကလေးမြို့ကနေ ကုန်စည်သယ်ခွင့် ကန့်သတ်ထားတာကြောင့် ကုန်ဈေးနှုန်းကြီးမှုအပြင် ကုန်ပစ္စည်းရှားပါးမှုနဲ့ပါ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေညို