၂၈၊ အောက်တိုဘာ၊ ၂၀၂၅။
Zalen
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စိုက်ခင်းလုပ်တဲ့ အမျိုးသား ၂ဦးကို စစ်ကောင်စီ လက်အောက်ခံများက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ရက်နေ့က မင်းသာကျေးရွာအနောက်ဘက် စိုက်ခင်းတစ်နေရာမှာ စိုက်ခင်းလုပ်ကိုင်နေတဲ့ မင်းသာကျေးရွာသား ကိုဖိုင်းထောင် (၅၈) နှစ်နဲ့ ကိုကျော်လွင်ဦး (၄၀) ကျော်တို့ကို ကျွန်းပင်သာအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး၊ SNA၊ ကသည်းလက်နက်ကိုင်များက အကြောင်းမဲ့သွားရောက်ဖမ်းဆီးခဲ့ပြီး ကိုဖိုးထောင်ရဲ့ တဲကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
” အဲနေ့ကမနက် ၃ နာရီလောက်မှာ စိုက်ခင်းတဲမီးလောင်တာလှမ်းမြင်ရတာ။ မနက်ကျတော့ သွာကြည့်ကြတာပေါ့။ ကိုဖိုးထောင်တဲကတော့ ပြာကျသွားတယ် ကိုကျော်လွင်ဦးတဲကရှို့ထားတယ်။ မီးမဆွဲတာ။ သူတို့နှစ်ယောက်လည်း မရှိတော့ ခြေရာခံလိုက်ကြတော့ လမ်းမှာ ဖိနပ်နဲ့ လွယ်အိတ်တွေ့ တယ်။ သူတို့သွားတဲ့ခြေရာက ကျွန်းပင်သာကိုဝင်သွားတဲ့ လမ်းကြောင်းဆိုတော့ ကျွန်တော်တို့လည်း ကြောက်လို့ ပြန်လှည့်လာကြတယ်” လို့ ဒေသခံတစ်ဦးက Zalen က်ုပြောပါတယ်။
အခုလိုပျောက်ဆုံးသွားတဲ့ ကိုဖိုးထောင်နဲ့ ကိုကျော်လွင်ဦးအား မင်းသာ စခန်းကို ဆက်သွယ်စုံစမ်းပေမယ့် သူတို့နှစ်ဦးကို ဖမ်းဆီးထားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
” စခန်းကိုဆက်သွယ်တယ်။ မဖမ်းထားဘူးလို့ငြင်းတယ်ဗျ။ ဒါပေမယ့် အဲဒီဒေသမှာက သူတို့လှုပ်ရှားနေတာ။ အရင်ကလဲ နွားကျောင်းတဲ့ သူတွေကိုလည်းဖမ်းတယ်။ နွားတွေလည်းလိုက်ပစ်ကြတာသူတို့ပဲ” လို့နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။
အဲဒီလို ဖမ်းဆီးခံရတဲ့ ကိုဖိုးထောင်နဲ့ ကိုကျော်လွင်ဦး ရဲ့ မိသားစုများကတော့ သူတို့ ပြန်လွတ်လာမယ့်နေ့ကိုမျော်လင့်နေကြပြီး စိတ်ပူဆွေးနေကြတယ်လို့လည်း ဆိုပါတယ်။
တမူးမြို့နယ် မင်းသာကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ ပျူစောထီး၊ SNA၊ ကသည်း လက်နက်ကိုင်များ အခိုင်အမာတပ်ဆွဲထားပြီး အနီးနားတောစပ်က ဒေသခံများရဲ့ ကျွဲ၊ နွားများကို မကြာခဏ ပစ်သတ်ခိုးယူ စားသောက်နေကြတာဖြစ်ပါတယ်။
သတင်း – စနေသား


















