ဇန်နဝါရီ ၂၁၊ ၂၀၂၆။
Zalen
စစ်ကိုင်းတိုင်း၊ တမူးခရိုင်မှာ ရပ်ရွာလုံခြုံရေးအတွက်ဆိုကာ တော်လှန်ရေးတပ်ဖွဲ့များက တအိမ်တယောက်မဝင်မနေရ စာရင်းကောက်ခံနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ယခုလ ၁၄ ရက်နေ့ကစပြီး တော်လှန်ရေးတပ်များက တမူးခရိုင် မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာရှိတဲ့ ကျေးရွာအုပ်ချူပ်ရေးမှူးများကနေတဆင့် အခုလို တပ်သားသစ် စုဆောင်းဖို့ အသက် ၁၈နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားများကို စာရင်းကောက်ခံခိုင်းတာ ဖြစ်ပါတယ်။
” ၁၄ ရက်နေ့က အစည်းဝေးခေါ်တယ်ဥက္ကဌ အိမ်မှာ။ ၁၁ ရက်နေ့ကတည်းက အဲ့သတင်းကြားတော့ တချို့လူငယ်ကထွက်ပြေးနေကြတော့တာ။ သူတို့က ရပ်ရွာလုံခြုံရေးအတွက်လို့တော့ပြောဘဲဗျ။ စာရင်းထဲမှာက အမျိုးသမီးမွေးခါနီးတွေရဲ့အမျိုးသားတွေနဲ့ အသက် ၄၀ကျော်အမျိုးသားတွေလည်းထည့်ထားတယ်။ ရွာထဲမှာတော့ ပေါ်တာဆွဲတာတော့မကြားသေးဘူး အခင်းဘက်မှာတော့ ဆွဲတယ်လို့ပြောကြတယ်။ အခုစားရင်ထဲမှာက အယောက် ၇၀ကျော် ပါသွားပြီ” လို့ တမူးခရိုင်တောင်ပိုင်း စွန်လည်ဒေသခံတဦးက Zalen ကိုပြောပါတယ်။
တမူးခရိုင်တောင်ပိုင်း စွန်လည်ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲများက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ရပ်ရွာလုံခြုံရေးအတွက် တပ်သားသစ်စုဆောင်းဖို့ သွားရောက်အသိပေးခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ အစည်းဝေးခေါ်ကာ ကျေရွာအုပ်ချုပ်ရေးမှူးကနေ တဆင့် စာရင်းကောက်ခိုင်းတာလို့ သိရပါတယ်။
တမူးခရိုင် မြောက်ပိုင်းမြို့သစ်မြို့နယ် အောင်ဇေယျကျေးရွာမှာလည်း အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် အစည်းဝေးခေါ်ပြီး ရပ်ရွာလုံခြုံရေးအတွက် တအိမ်တယောက်မဝင်မနေရ စာရင်းကောက်ဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
” ဟုတ်ပါတယ် ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး အုပ်ချူပ်ရေးမူးအိမ်မှာ အစည်းအဝေးလာလုပ်သွားတာပါ။ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတွေ တအိမ်တယောက်မဝင်မနေရလို့ ပြောတယ်။ စာရင်းက အုပ်ချူပ်ရေးမှူးကို ကောက်ဖို့တာဝန်ပေးထားတယ်။ မိအို၊ ဖအိုရှိတဲ့အိမ်နဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကိုတော့ ချန်ခဲ့မယ်။ လောလောဆယ်တော့ ရွာထဲမှာ အတင်းအဓ္ဓမပေါ်တာဆွဲတာမရှိသေးဘူး။ အေးဆေးခေါ်လို့မလိုက်ရင် အကြမ်းနည်းသုံးရလိပ့်မယ်လို့ ပြောသွားတယ်” လို့ အစည်းဝေးတွင် ပါဝင်ခဲ့တဲ့ ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် တမူးခရိုင်မြို့သစ်မြို့နယ် လှည်းဆိပ်၊ ထုံကတင် ၊ နောင်ကတ်ကျေးရွာတွေမှာလည်း ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စာရင်းလိုက်ကောက်နေပြီး တချို့မိဘတွေက ရပ်ဝေးရောက်နေတဲ့သားသမီးများကို ပြန်မခေါ်နိုင်တာကြောင့် ကိုယ်စားဝင်ပေးနေရပြီး ဒေသမှာရှိတဲ့ပြည်သူများရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း လုံခြုံရေးအရ သိမ်ဆည်းပေးထားကြတယ်လို့ သိရပါတယ်။
အခုလို တော်လှန်ရေးတပ်များက တအိမ်တယောက် တပ်သားသစ် စုဆောင်းနေမှုအပေါ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ” တချို့ပြည်သူတွေကနှစ်မျိုးနှစ်စားရှိတော့ မမှန်ကန်မှုတွေရှိနေနိုင်ပါတယ်။ တော်လှန်ရေးဘက်က စည်းရုံးရေးဆင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အတင်းအဓ္ဓမတော့မခေါ်ပါဘူး။ သူတို့ဆန္ဒမပါဘဲနဲ့တော့ မခေါ်ပါဘူး” လို့ အဖွဲ့ဝင်တဦးက ပြောနေပေမယ့် အခုလိုတပ်သားသစ်စာရင်းကောက်နေမှုအပေါ် ဒေသခံပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်ဒေသအချို့နဲ့ မြို့သစ်မြို့နယ်၊ ခမ်းပါတ်မြို့နယ် တို့ကို တော်လှန်ရေး အင်အားစုများက ထိန်းချူပ်ထားပြီး ဒေသခံပြည်သူအများအပြားဟာ အဆိုပါဒေသတွင် ခိုလုံနေကြတာ ဖြစ်ပါတယ်။
သတင်း – မောင်ဗေဒါ
ပုံစာ – တမူးမြောက်ပိုင်း အောင်ဇေယျကျေးရွာအဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်။
#တမူး#တော်လှန်ရေးတပ်ဖွဲ့#စာရင်းကောက်#ဒေသခံပြည်သူ#Zalen
















