တွီးတူမ်းရွာသားတွေကို CDF-Tonzang မှ မောင်းထုတ်တာမဟုတ် ခေတ္တခဏတိမ်းရှောင်ခိုင်းဟုဆို

မေလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်

Zalen

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရွာ (Tuitum) နေ ပြည်သူတွေကို စစ်ရေးအခြေအနေကြောင့် CDF-Tonzang မှ ပြီးခဲ့တဲ့ မေလ ၈ ရက်ညက ညတွင်းချင်းတိမ်းရှောင်ကြဖို့ပြောတာကြောင့် ဒေသခံများ ထိတ်လန့်တကြားထွက်ပြေးရတယ်လို့သတင်းရရှိပါတယ်။

“CDF-Tonzang နဲ့ CC တပ်ပေါင်းစုတို့ဟာ တွီးတူမ်းရွာသားတွေကို ထိမိမှာစိုး၍ စစ်ဘေးရှောင်ခိုင်းခြင်းဖြစ်ပါတယ်။ ZRA ဟာ တွန်းဇံမြို့ကိုနှစ်ကြိမ်တိတိလာတိုက်တဲ့နေရာမှာ တွီးတူမ်းရွာကို အကာအကွယ်ပြု၍ လာရောက်တိုက်ခိုက်လျက်ရှိပါတယ်။ CDF-Tonzang နဲ့ CC တပ်ပေါင်းစုက ရွာသားများ ထိမိမှာဆိုး၍ လက်နက်ကြီးတွေကို မသုံးရဲကြပါဘူး။” လို့ CDF-Tonzang က မေလ ၉ ရက်နေ့ညက သတင်းထုတ်ပြန်ပါတယ်။

အဲဒီအခြေအနေတွေကြောင့် CDF-Tonzang နဲ့ CCတပ်ပေါင်းစုက တွီးတူမ်းကျေးရွာနေ ပြည်သူများကို ခေတ္တခဏ စစ်ဘေးရှောင်ခိုင်းခြင်းဖြစ်ပြီး ရွာမှ နှင်ထုတ်ခြင်း၊ မောင်းထုတ်ခြင်းမဟုတ်ဘူးလို့ ယင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တွီးတူမ်းကျေးရွာ ဒေသခံတစ်ဦးက “CDF-Tonzang ရဲဘော်တွေက ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့လာပြီး ည ၁၂ နာရီမတိုင်ခင် ရွာကနေ အမြန်ဆုံး ထွက်ကြဖို့ နုတ်နဲ့ သတိပေးလာပါတယ်။ ဗြိန်းစားကြီးဆိုတော့ ပြင်ဆင်ချိန် မရလိုက်ဘူး။ လူတွေကလည်း ကြောက်လန့်ပြီး ထွက်ပြေးရတယ်။ အကျိုးသင့်၊ အကြောင်းသင့်လည်း ပြောမပြဘူး။ နောက်မှစစ်ရေးအခြေအနေအရဆိုပြီး လိုင်းပေါ်ကပဲ သိရတယ်။”လို့ ဆိုပါတယ်။

တိမ်းရှောင်နေကြရတဲ့ တွီးတူမ်းကျေးရွာနေ ပြည်သူတွေဟာ တွန်းဇံမြို့ပေါ် ရပ်ကွက်နဲ့ ကလေးမြို့နယ်တွေက အသိမိတ်ဆွေ၊ ဆွေမျိုးတွေဆီမှာ ခိုလှုံနေထိုင်ရပေမယ့် ၎င်းတို့ကျေးရွာမှာ အမြန်ဆုံး ပြန်လည်နေထိုင်လိုတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး တခြားတွီးတူမ်းကျေးရွာ ဒေသခံတစ်ဦးက “မေလ ၂ရက် ကျေးရွာလူငယ်နာရေးကားကိုလည်း CDF-Tonzang ကအတင်းဆွဲသွားတာပါ၊ ကားသုံးလို့မရတာ အတော်ကြာနေပါပြီ (၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက)။ ဒါလည်း ရွာသိက္ခာကျအောင် အမျိုးမျိုးလီဆယ် ထုတ်ပြန်ပါသေးတယ်။ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ်နဲ့ ဆက်စပ်နေတဲ့ လက်အောက်ခံ အဖွဲ့အစည်းများရဲ့ စီမံအုပ်ချုပ်မှု ကို ပြန်ဆန်းစစ်သင့်ပါတယ်”လို့ပြောပါတယ်။

တွန်းဇံမြို့ဟာ CC ပူးပေါင်းတပ် နဲ့ ZRA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့မြို့ဖြစ်သလို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း CC နဲ့ ZRA တို့ တိုက်ပွဲပြင်းစွာဖြစ်ပွားပြီး နှစ်ဘက်စလုံး ကျဆုံးရှိခဲ့ပါတယ်။

သတင်း-ကိုခူမီး

ပုံစာ- CDF-Tonzang ကသိမ်းဆည်းသွားတဲ့ တွီးတူမ်းကျေးရွာ ZYA လူနာတင်ယာဉ်အားတွေ့ရစဉ်

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်