ခွန်ဘီလီ
လက်ရှိအချိန်ဟာ ချင်းပြည်နယ်ရဲ့ ဆောင်းဦးရာသီအစကို စပြီးခံစားနေချိန် ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ တောင်တန်းတွေပေါ်မှာတော့ ပစ်ခတ်ပေါက်ကွဲသံတွေ နေ့ရက်တိုင်း ကြားနေရသလို ဘုရားရှိခိုးကျောင်းများရဲ့ခေါင်းလောင်းသံသည်ပင် ယမ်းငွေ့တွေနဲ့အတူ လွင့်ပြန့်နေသရောင် ထင်ပာရတယ်။
မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ အပယ်ခံဆုံးဒေသတခုဖြစ်တဲ့ ဒီဒေသ မှာ မတူညီတဲ့တော်လှန်ရေးအင်းအားစုတွေဟာ အရှိန်အဟုန်နဲ့ ကြီးထွား လာနေပါတယ်။ ဒီတော်လှန်ရေးက မြန်မာနိုင်ငံရဲ့စစ်အုပ်ချုပ်ရေး ဆန့်ကျင်တဲ့တိုက်ပွဲ အဖြစ် စတင်ရာကနေ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်လာမလား၊ ရှည်လျားတဲ့ ပြည်တွင်း စစ်ထဲကျသွားမလားဆိုတာကို ဆုံးဖြတ်မယ့်တော်လှန်ရေးပါ။
မြန်မာစစ်တပ်က အာဏာသိမ်းပြီး လေးနှစ်နီးပါး ကြာပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံဟာ တော်လှန်ရေးကာလလို့ပဲခေါ်နိုင်မဲ့အခြေအနေထဲမှာ ရှိနေဆဲပါ။ တကယ်တော့ လူထု ဆန္ဒပြမှုများ ကနေ တဆင့် လက်နက်ကိုင် တော်လှန်ရေးဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်မှာဆိုရင် နယ်မြေရဲ့ ၈၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပြီး ဟားခါးမြို့ပေါ်၊ တီးတိန်မြို့ပေါ်နှင့် လူမရှိတော့တဲ့ ထန်တလန်မြို့ရဲ့ တပ်ကုန်းကိုသာ စကစ အနေနဲ့ထိန်းချုပ် ထားတာဖြစ်တယ်။။
ဒီလိုအခြေအနေမှာ ချင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးဟာ မတူညီတဲ့ အုပ်ချုပ်ရေးပုံစံ နှစ်ခုနဲ့ အုပ်ချုပ်နေတာဖြစ်ပါတယ်။ မြို့သုံးမြို့လောက်ကိုသာ စကစ ကထိန်းချုပ်ထားပြီး တဖက်မှာ နယ်မြေတွေအားလုံးကို တော်လှန်ရေးအင်အားစုတွေရဲ့ အုပ်ချုပ်ရေး စနစ်နဲ့သာ လည်ပတ်နေတာဖြစ်ပါတယ်။ နောက်တဆင့်မှာတော့ ဒီလို မတူညီတဲ့ အုပ်ချုပ်ရေးစနစ်တွေကြားမှာ ချင်းပြည်နယ်ဟာ မြန်မာ့ဒီမိုကရေစီအနာဂတ်ရဲ့ အလား အလာများနဲ့ အန္တရာယ်များကို လေ့လာနိုင်တဲ့ နေရာတစ်ခုဖြစ်လာမှာ အသေအချာ ပဲဖြစ်ပါတယ်။
တော်လှန်ရေးရေချိန်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုဟာ မြန်မာ့မြို့ကြီးများမှာ ဆန္ဒပြမှုများကို မီးပွားစေခဲ့ယုံမက၊ ချင်းပြည်နယ်လို တိုင်းရင်းသားဒေသများမှာ ဆယ်စုနှစ်များစွာကတည်းက စုပုံနေခဲ့တဲ့ မကျေနပ်မှုများကိုလည်း ပြန်လည် နိုးထ စေခဲ့ပါတယ်။
ခေတ်အဆက်ဆက် စစ်အစိုးရများအောက်မှာ ခွဲခြား ဆက်ဆံမှုများကို ရင်ဆိုင်ခဲ့ရတဲ့ (အဓိကအားဖြင့်ခရစ်ယာန်ဖြစ်တဲ့) ချင်းလူမျိုးများ အတွက် ဒီအာဏာ သိမ်းမှုဟာ တော်လှန်ရေးထက်ပိုတဲ့ နိုင်ငံရေးနဲ့ ကိုယ့်ကြမ္မာ ဖန်တီးတဲ့ စနစ်ကတည်ဆောက်ဖို့ တွန်းအားဖြစ်လာနေပါတယ်။
ဒါကြောင့်ပဲ အချိန်တိုအတွင်းမှာ ချင်းလူငယ်များဟာ အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို ဝင်ရောက်ကြပြီး၊ စစ်အစိုးရကို ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူ လက်နက်ကိုင် တိုက်ခဲ့ကြပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ကြာရှည်နှိပ်စက်ခံခဲ့ရတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းကွန်ရက်များဟာ တော်လှန်ရေးရဲ့ အင်အားဖြစ်လာတယ်။ အထူးသဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ ပြောင်းရွှေ့နေထိုင်ရတဲ့ ချင်းလူမှု အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ထောက်ပံ့ပေးတဲ့ ထောက်တိုင်တွေ ဖြစ်လာခဲ့တယ်။
ချင်းပြည်နယ်ရဲ့ လက်ရှိ ထူးခြားမှုကတော့ ခုခံတိုက်ခိုက်မှုကနေတဆင့် နယ်မြေ ထိန်းချုပ်မှု၊ ထိုမှတဆင့် ဒေသန္တရ အုပ်ချုပ်ရေး စနစ်တွေကို စတင်စမ်းသပ်လာတဲ့ ကာလဖြစ်ပါတယ်။ ကျေးရွာကော်မတီမှ တဆင့် မြို့နယ်အုပ်ချုပ်ရေး စနစ်တွေ၊ အရင်းအမြစ်များ စနစ်တကျခွဲဝေပေးမှုနှင့် လူထုနှင့်တော်လှန်ရေးအင်အားစု အလိုက် ဆုံးဖြတ်ချက်များ ချမှတ်လာကြပါတယ်။ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေကအစ ဘာသာတရားနှင့် မတူညီတဲ့ မျိုးနွယ်စုတွေကြား အတူကွဲပြားမှုများကို ဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်လာကြတယ်။
အာဏာသိမ်းမှုမတိုင်မီ မည်သည့် နိုင်ငံရေးမှာ မည်သည့်အခါမှ ပါဝင်ခဲ့ဖူးခြင်းမရှိတဲ့ လူငယ်များက ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေမူများနှင့် ဖက်ဒရယ်အစီအမံများကို ဆွေးနွေး ငြင်းခုန်လာကြပါတယ်။ဒါတွေဟာ ချင်းပြည်ရဲ့ နိုင်ငံရေးအရ တိုးတက်လာမှုလို့ဆိုရမှာဖြစ်ပါတယ်။
စစ်ပွဲနှင့် ငြိမ်းချမ်းရေးကြားငြင်းခုန်မှု
နိုင်ငံရေးသိပ္ပံပညာရှင်များက မြန်မာနိုင်ငံ ကြုံတွေ့နေရသည့်အရာကို “အသွင်ကူး ပြောင်းမှု” လို့ ခေါ်ကြပါတယ်။ ဒါဟာ စည်းမျဉ်းဟောင်းများ ပြိုကွဲသွားပေမဲ့ စည်းမျဉ်း သစ်များ မဖွဲ့စည်းနိုင်သေးတဲ့ ကြားကာလအခြေအနေပါ။
ဒီအခြေအနေဟာ နိုင်ငံရဲ့နေရာအများစုမှာ ရှုပ်ထွေးမှုတွေရှိနေဆဲဆိုတာကို ပြသနေပါတယ်။ နိုင်ငံရးအရ NUG နဲ့ စကမ အကြား တရားဝင်မှုအတွက် အားပြိုင်နေရဆဲပါ။ တဖက်မှာလည်း လက်နက်ကိုင်အဖွဲ့များက မတူညီသောနယ်မြေများကို ထိန်းချုပ်နေချိန်တွင် ပြည်သူများဟာ စစ်ရေးတိုက်ခိုက်မှုတွေကြား ရုန်းကန်နေကြရပါတယ်။
ဥပမာတရပ်အနေဖြင့် ချင်းပြည်နယ်ဟာ စစ်ရေးတင်းမာတဲ့တခြား ဒေသများနည်းတူ ဒီအသွင်ကူးပြောင်းမှုအခိုက်အတန့်ရဲ့ အလားအလာနှင့် အန္တရာယ် နှစ်ခုလုံးကို ရင်ဆိုင်နေရပါတယ်။ ဒေသအချို့မှာ ဒေသခံ ကာကွယ်ရေး တပ်များဟာ ထိရောက်သောအုပ်ချုပ်မှုကို တည်ထောင်ခဲ့ပြီး စစ်အစိုးရ မပေးနိုင်သော လုံခြုံရေးနှင့် အခြေခံ ဝန်ဆောင်မှုများကို ပေးဆောင်နေပါတယ်။
ဘုရားရှိခိုး ကျောင်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများဟာ နိုင်ငံတော် အင်စတီ ကျူးရှင်းတရပ်လို လုပ်ဆောင်နိုင်ဖို့ ခက်ခဲနေချိန်မှာ ပြိုကွဲသွားတဲ့ လူမှုပတ်၀န်းကျင်ကို ဝင်ရောက်နေရာယူထားရသလို ဒေသအကျိုး ကူညီပေး လုပ်ကိုင်ပေးနေကြပါတယ်။ ပညာရှင်များ၊ တော်လှန်ရေးအင်အားစုများကလည်း “ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ လူ့အဖွဲ့အစည်းရဲ့အခြေခံ” ဖြစ်လာမယ့် နိုင်ငံရေးလမ်းစဥ်ကို ဖန်တီးဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။
သို့သော် ချင်းဒေသရဲ့ အုပ်ချုပ်ရေးအာဏာဟာ ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေ ကိုလည်း စတင် ခံစားလာနေရပြီဖြစ်ပတယ်။ ချင်းဒေသခံများ နှင့် တော်လှန်ရေး အင်အားစု များအကြား မတူညီသည့် အမြင်များ၊ အုပ်ချုပ်ပုံစနစ်များကို သိသိသာသာ ခံစား လာရတာပါ။ အထူးသဖြင့် ယနေ့ကာလကို တော်လှန်ရေးကာလအဖြစ် မမြင်နိုင်ကြဘဲ ဒီမိုကရေစီစနစ်ကို ချက်ချင်းကျင့်သုံးရန် ကြိုးပမ်းမှုများရှိလာတာကြောင့် တော်လှန်ရေး ကာလအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် တွေ့ကြုံရပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ အာဏာထိန်းချုပ်မှုများအဖြစ် ရှုမြင်သည့် အခြေအနေများကို ကြုံတွေ့လာနေပါတယ်။ ဆိုရရင် ဒီမိုကရေစီသို့ “အသွင်ကူးပြောင်းမည့်” “ကြားကာလ“အဖြစ် ရှူ့မြင်နိုင်မှုအားနည်းနေခြင်းက တော်လှန်ရေး အင်အားစုနှင့် ချင်းလူထုကြား ရှုမြင်ပုံ ကွာခြားနေတာကို တွေ့ရမှာဖြစ်ပါတယ်။
မည်သို့ပင် အမြင် မတူညီသည်ဖြစ်စေ တော်လှန်ရေးအင်အားစုများနှင့် ချင်းလူထုအကြား ညှိနှိုင်းဆောင်ရွက်နိုင်မယ့် ဆုံချက်တခုရှိရမှာဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေးကာလ (Revolution Period) ၊ အသွင်ကူးပြောင်းရေးကာလ( Transition Period) ၊ ဒီမိုကရေစီစနစ် (Democratic Practice) ဟူသည့် ကာလအပိုင်းအခြားနှင့် လူထုအုပ်ချုပ်ရေး ကျင့်စဥ်များကို ချင်းလက်နက်ကိုင်အင်အားစုများနှင့်အတူ ချင်းလူထု အနေဖြင့် သိရှိနားလည်စေရန် အသိပညာပေးအစီအစဥ်များ၊ လူထုတွေ့ဆုံပွဲများ၊ ညှိနှိုင်းဆောင်ရွက်မှုများရှိလာရန်လိုအပ်သည့် ကာလဖြစ်ပါတယ်။ အကယ်၍ ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုများ မရှိပါက ဒေသအုပ်ချုပ်ရေးများပြိုလဲလာပြီး အာဏာရှင်စနစ်ပိုမိုကျယ်ပြန့်လာပြီး အန္တရာယ်ရှိသည့် ချင်းအသိုင်းအ၀ိုင်း ဖြစ်လာနိုင်ပါတယ်။
အောက်ခြေမှတည်သော ဒီမိုကရေစီစနစ်သို့
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာရန်မှာ ပြည်သူကို မျက်နှာမူသော စနစ်များလိုအပ်သည်ကို အားလုံးအသိပင်ဖြစ်ပါတယ်။ သမိုင်းကို သင်ခန်းစာ ယူကြရမှာပါ။ ၂၀၁၀ မှ ၂၀၂၀ ကြား ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အားနည်းချက်မှာ တိုင်းရင်းသားလူနည်းစုများကို နိုင်ငံရေးအရ ပါဝင်မှုနှင့် စစ်မှန်သော ကိုယ်စားပြုမှု အားနည်းခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါတယ်။
မိမိတို့ ချင်းလူမျိုးများ အတွက် ဖက်ဒရယ်စနစ်မပါဘဲ ဒီမိုကရေစီဟာ အဓိပ္ပာယ်မရှိခဲ့ပါ။ ဒါကြောင့် လက်ရှိ တော်လှန်ရေးကာလမှသည် အသွင်ကူးပြောင်းသည့် အုပ်ချုပ်ရေးစနစ်များ အကောင် အထည်ဖေါ်သည့်အခါ ချင်းမျိုးနွယ်စုများ၊ ဒေသတောင်ကြောများ၏ ပါ၀င်မှုများ မှာ လွန်စွာအရေးကြီးတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။
ဒေသများကို ထိန်းချုပ်အုပ်ချုပ်ခြင်းထက် လူတိုင်းအကျုံး၀င်နိင်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ အနာဂတ်ကာလမှာ များစွာ လိုအပ်လာမှာဖြစ်ပါတယ်။ ဒီအတွက် ချင်းပြည်အတွင်းမှာလည်း ချင်းလူမျိုးနွယ်စုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန်၊ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်ချခြင်းတွင် မတူကွဲပြားသောအသံများကို ပါဝင်ဝေမျှစေရန် သင်ယူကြဖို့ လိုအပ်ကြမှာဖြစ်ပါတယ်။
ရှေ့တွင်ရှိသော အန္တရာယ်များ
လက်ရှိ တော်လှန်ရေးကာလမှသည် ဒီမိုကရေစီသို့ ပြောင်းလဲမှုမှာ အန္တရာယ်များနှင့် ပြည့်နှက်နေပါတယ်။ ကမ္ဘာ့နိုင်ငံတွေကိုကြည့်မည်ဆိုလျှင်လည်း အသွင်ကူးပြောင်းမှု သမိုင်းကြောင်းတွေကို လေ့လာနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ တူးနီးရှား တော်လှန်ရေးဟာ ကနဦးမှာ ဒီမိုကရေစီ ပြောင်းလဲမှုအတွက် မျှော်လင့်ချက်ကို လှုံ့ဆော်ပေးခဲ့သည့်တိုင် ဆယ်စုနှစ် အကြာတွင် အာဏာရှင်စနစ်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့တဲ့ သာဓကရှိပါတယ်။
ထို့အတူ အာရပ်နွေဦး တော်လှန်ရေးသည်လည်း တော်လှန်ရေးလှုပ်ရှားမှုများကြောင့် အာဏာရှင်တပ်များကို သိမ်းပိုက်နိုင်သည်ကို ပြသခဲ့ပေမယ့် အသွင်ကူးပြောင်းသည့် ကာလကို စနစ်တကျ ကိုင်တွယ်နိုင်မှုမရှိပါက အာဏာရှင်များ ပြန်လည် ပေါ်ပေါက်လာခဲ့သည်ကို တွေ့ကြရမှာပါ။
ဟန်ဂေရီ သို့မဟုတ် ဗင်နီဇွဲကဲ့သို့သော နိုင်ငံများတွင် စစ်အုပ်ချုပ်မှု အဆုံးသတ်သွားသည့်တိုင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အားနည်းမှုနှင့် ကွဲပြား ပြန့်ကျဲနေသော အတိုက်အခံများ စနစ်တကျ စုစည်းနိုင်ခြင်း မရှိခြင်းက အာဏာရှင်စနစ်ကို တဖန် ဖန်တီးခဲ့ကြသည်ကို တွေ့ရပါတယ်။
မြန်မာနိုင်ငံသည်လည်း ၄င်းတို့နှင့်ဆင်တူသည့် အန္တရာယ်များကို ရင်ဆိုင် နေရတာကို သတိပြုသင့်ပါတယ်။ ကျယ်ပြန့်သောနယ်မြေများ ထိန်းချုပ်နိုင်သော်လည်း စစ်ကော်မရှင် အနေဖြင့် မည်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုမဆို နှောင့်ယှက်နိုင်မည့် သိသာထင်ရှားသော အင်အားရှိနေပါဆဲဆိုတာကို မေ့လျော့မနေသင့်ပါ။
ထို့ကြောင့် ချင်းပြည်နယ်ရဲ့ တော်လှန်ရေးကာလနှင့် ဒီမိုကရေစီစံနှုန်းငြင်းခုန်မှုမှာ ရှေ့ဆက်ကြုံတွေ့ရမည့် အခြေအနေဖြစ်လာပါတယ်။ အထူးသဖြင့် လူထုနှင့် တော်လှန်ရေး အင်အားစုများအကြား ညှိနှိုင်းတွေ့ဆုံမှုများ လိုအပ်လာသလို အချင်းချင်းကြား နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ရန် အရေးကြီးလာပါတယ်။ အထူးသဖြင့် တော်လှန်ရေးကာလအတွင်း ဒီမိုကရေစီ စနစ်ကို ချက်ခြင်းလက်ငင်း အကောင်အထည် ဖေါ်ရန် ခက်ခဲသလို ဒေသခံများနှင့်ကိုက်ညီသော ပြည်သူ့ အုပ်ချုပ်ရေးစနစ်မှာ အရေးပါသည့်အချက်ဖြစ်လာနေပါတယ်။ ထိုသို့ဖြစ်ပေါ်လာရန် လူထုနှင့် တော်လှန်ရေးအင်အားစုများ ညှိနှိုင်းတွေ့ဆုံပွဲများ လိုအပ်လာမှာပါ။
ရှည်လျားသောခရီးကြမ်း
မြန်မာ့တော်လှန်ရေးသည် စိန်ခေါ်မှုများစွာရှိနေသေးသည်မှာ ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ ချင်းပြည်နယ်ကဲ့သို့ တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသော နေရာများတွင် နိုင်ငံရေး ပြောင်းလဲမှု အတွက် တော်လှန်ရေးကာလမှသည် ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်လာမည့် အခြေခံ အင်စတီကျူးရှင်းများ စတင်တည်ဆောက်ရန် အရေးကြီးလာပြီဖြစ်ပါတယ်။
လက်ရှိကာလတွင် တော်လှန်ရေးကာလနှင့်ကိုက်ညီသော ဒီမိုကရေစီ အလေ့အထ များကို စတင်ကျင့်သုံးရန်လည်း လိုအပ်လာပြီဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းအားလုံးကို ကော်ပီကူးချ ကျင့်သုံး ခြင်းထက် တော်လှန်ရေးကာလနှင့်ကိုက်ညီသော စနစ်ကို ဖေါ်ထုတ်ရန်လိုအပ်ကြောင်း တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။
အထူးသဖြင့် လုံခြုံရေးအရ သတ်မှတ်သည့်စည်းကမ်းများ၊ အမိန့်များရှိသလို တဖက်တွေလည်း လူထုနှင့်ညှိနှိုင်း အဖြေရှာသည့် အုပ်ချုပ်သည့် စနစ်များလိုအပ်ပါတယ်။ ထိုနည်း အားဖြင့် နောက်ထပ် အာဏာရှင်စနစ်သစ်တခု အမြစ်တွယ်မလာအောင် ဟန့်တားနိုင်မှာဖြစ်ပါတယ်။ ထိုအတွေ့အကြုံမှသည် တော်လှန်ရေးကာလနှင့်ကိုက်ညီသော အုပ်ချုပ်ရေးစနစ်များ ပေါ်ထွက်လာနိုင်မည်ဟု ယုံကြည်ပါတယ်။ ထိုမှတဆင့် ချင်းလူထုရဲ့ စည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီ အလားအလာများကို အာမခံပေးနိုင်မယ့် တော်လှန်ရေးကာလဖြတ်သန်းမှုများ ခံစားလာရမှာ အသေအချာပါပဲ။