ထန်တလန်မြို့နယ်မှာ ဝံပုလွေအုပ် က တိုက်ခိုက်လို့ အိမ်မွေးတိရိစ္ဆာန် ဆယ်ကောင်ကျော် ဆုံးရှုံး

၃၁၊ ဇန်နဝါရီလ၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဘွာလ်တောင်ကြော ဗောမ်ကွာ (Vomkua) ကျေးရွာမှာ ဝံပုလွေအုပ် က တိုက်ခိုက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အိမ်မွေးတိရိစ္ဆာန် ဆယ်ကောင်ကျော်ဆုံးရှုံးသွားတယ်လို့ ဒေသခံများထံက သိရပါတယ်။

အဆိုပါဝံပုလွေ များဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ခန့်မှာ Vomkua ကျေးရွာ နယ်မြေအတွင်း ပေါ်လာ ပြီး နှစ်ပတ်ကျော်အတွင်းမှာ ဒေသခံများရဲ့ ကျွဲ၊ နွား နဲ့ ဝက်များကို တိုက်ခိုက် ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက “ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်မှာ ရွာရဲ့အရှေ့ဘက် တောင်ယာမှာ အဖွဲ့လိုက်တွေ့ခဲ့ကြတာ ၆ ကောင် ကျော်ရှိတယ်။ အဲ့မှာ ဝက် ၂ ကောင်တိုက်ခိုက်ခံခဲ့ရတယ်။ အဲဒါပြီး တော့ ခဏပြန်ငြိမ်ပြီးတော့ တစ်ပတ်လောက်အကြာမှာ နွား နှစ်ကောင်၊ ကျွဲနှစ်ကောင် နဲ့ လယ်ကွင်းဘက်မှာ မွေး ထားတဲ့ ဝက် ၈ ကောင် ကိုက်စားသွားကြတာ။” လို့ ပြောပါတယ်။

ဆက်လက်ပြီးသူက “ ဝက်တွေကိုတော့ အိမ်ပြန်ခေါ်လာလို့ရပေမယ့် တောဘက်ရောက်သွားတဲ့ ကျွဲတွေ၊နွားတွေ အကုန်လုံးကို ပြန်ခေါ်ထားဖို့ကလည်းမလွယ်ဘူးလေ။ ဒေသခံတွေတော့ မိမိ တိရိစ္ဆာန် တိုက်ခိုက်ခံရမှာကို တော်တော်စိုးရိမ်နေကြတယ်။ သေနတ်နဲ့ ပစ်ဖို့လိုက်သွားကြပေမယ့် လွယ်လွယ်နဲ့မတွေ့နိုင်ကြဘူး။” လို့ ပြောပါ တယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ ဒေသခံတစ်ဦး အမဲလိုက်ထွက်ရင်း ဝံပုလွေများက အုပ်စုအလိုက်တောဝက် ကို တိုက်ခိုက်ကြစဉ် ပစ်ခတ်ခဲ့လို့ ဝံပုလွေတစ်ကောင် သုတ်သင်နိုင်ခဲ့ကာ လောလောဆယ် ငြိမ်လာမယ်လို့ယုံကြည် ထား ကြောင်းလည်း သူက ပြောပါတယ်။

Vomkua ကျေးရွာမှာ ပြီးခဲ့တဲ့အချိန်တွေအတွင်းအခုလိုမျိုး ဝံပုလွေက အုပ်စုအလိုက် အိမ်မွေးတိရိစ္ဆာန်များကို တိုက်ခိုက်ခြင်းမရှိခဲ့ဖူးဘူးလို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်