၂၁ ၊ ဇွန်လ၊ ၂၀၂၅
Zalen
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းရဲ့ ကာကင်း စခန်းတစ်ခုကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး တစ်ဦးကိုအရှင် ဖမ်းမိထားတယ်လို့ ACDF နဲ့ CDF-Asho တို့ကဒီကနေ့မှာ အသီးသီးထုတ်ပြန်ထားပါတယ်။
အဆိုပါ ကာကင်းစခန်းကို အရှိုချင်းကာကွယ်ရေးတပ် ( ACDF) ၊ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) နဲ့ လူ့ဘောင်သစ်တပ်မတော် ( NSA ) တို့မှာပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
နတ်ရေကန် လမ်းဟောင်း၊ ခွန်ဇူရွာလမ်းခွဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းကို မနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၇ နာရီ ၁၅ မိနစ်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပြီး ၁၅ မိနစ်အကြာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးကိုအရှင်ဖမ်းမိထား သလို MA အမျိုးအစား သေနတ် ၅ လက်၊ BA ၁၀၀ စိန်ပြောင်း ၁ လက် နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရမိ ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နတ်ရေကန်လမ်းဟောင်းဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် ဇွန်လ ၁၂ ရက်ကနေ ၁၄ ရက်အတွင်း ၃ ရက်တာကာလမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကိုအရှင်ဖမ်းမိခဲ့ပြီး MA-1 (၃) လက်၊ MA-3 (၁)လက် နဲ့ ခဲယမ်းအချို့တို့သိမ်းဆည်းခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် -အရှို ( CDF-Asho ) ရဲ့ ထုတ်ပြန် ချက်ထဲမှာဖော်ပြထားပါတယ်။
သတင်း – Mickey
ပုံအညွှန်း – ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ လက်နက်ခဲယမ်းများ
ဓါတ်ပုံ – CDF-Asho