ဖေဖော်ဝါရီ၊ ၂၀၊ ၂၀၂၆
Zalen
နိုင်ငံပြိုကွဲစေမည့် အဖျက်လုပ်ရပ်များကို သတိပြုရန် ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတိပေး ပြောကြားလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပို့ပေးတဲ့ သဝဏ်လွှာမှာ အခုလို ပြောကြားတာပါ။

သဝဏ်လွှာမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများအကြား နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့တဲ့ သံယောဇဉ်နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပြည်တွင်း၊ ပြည်ပ အဖျက်အင်အားစုတွေ ပျက်ပြားစေဖို့ သွေးခွဲသပ်လျှိုမှု ပြုလုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
အထူးသဖြင့် ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒ သွတ်သွင်းကာ အချင်းချင်း မုန်းတီးလာစေရန် လုပ်ဆောင်နေမှုကို တိုင်းရင်းသားပြည်သူတွေ အနေဖြင့် သတိပြုကာကွယ်ရန် တိုက်တွန်းထားပါတယ်။
လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုများနဲ့ ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲ မသမာမှုရလဒ် ပယ်ဖျက်ခံရခြင်းအပေါ် အမှန်အတိုင်း သုံးသပ်ရှုမြင်မှု မရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်တဲ့ ဆန္ဒဖြင့် သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ခြင်းကြောင့် လက်ရှိအခြေအနေ စတင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က ၎င်းရဲ့ သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တချို့ဟာ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ တည်ငြိမ်အေးချမ်းတဲ့ ဒသေတှကျေု အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နယ်မြေနှင့် အာဏာချဲ့ထွင်ရန် ကြိုးပမ်းခြင်း၊ ပြည်သူပိုင်အဆောက်အအုံများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ထိုလုပ်ရပ်များကြောင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီးမှ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးနေရပြီး ပြည်သူတွေ ဆင်းရဲဒုက္ခကြုံတွေ့နေရခြင်းဖြစ်ကြောင်း ပြစ်တင်ပြောဆိုထားပါတယ်။
ချင်းတိုင်းရင်းသားအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ တစ်ရေတည်းသောက် မိသားစုသဖွယ် စည်းလုံးစွာ နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး ကမ္ဘာ့အလယ်မှာ ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် နောင်တွင်လည်း ယင်းကဲ့သို့ စိတ်တူကိုယ်တူ အတူယှဉ်တွဲနေထိုင်သွားကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းလျက် သဝဏ်လွှာကို နိဂုံးချုပ်ထားပါတယ်။
သတင်း-ဆလိုင်း














