
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။
Zalen
ပန်ဆန်းမြို့ရှိ KTV တခုတွင် K (Ketamine) ရှူခဲ့ခြင်းနဲ့ “Happy Water” ဟုခေါ်တဲ့ အရည် သောက်သုံးခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရှိရပါတယ်။
ဖော်ပြချက်များအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့ရှိ KTV တခုတွင် အသက် (၃၀) ဝန်းကျင်အရွယ် အမျိုးသမီးတဦးသည် Ketamine (K) ကို ရှူခဲ့ပြီး “Happy Water” ဟုခေါ်သည့် အရည်ကိုလည်း သောက်သုံးခဲ့ပြီး နောက် အဆိပ်သင့်လက္ခဏာများ ပေါ်ပေါက်လာသဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း အသက် မကယ်နိုင်ခဲ့ကြောင်း ဆိုပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး သေဆုံးရခြင်းရဲ့ အကြောင်းရင်းကို တရားဝင် ဆေးပညာစစ်ဆေးချက်များ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် နေတယ်လို့ သိရပါတယ်။
ဒေသအာဏာပိုင်များကလည်း KTV၊ Bar နှင့် Club များတွင် မူးယစ်ဆေးနှင့် ဆက်စပ်သည့် လှုပ်ရှားမှုများကို တားမြစ်ထိန်းချုပ်ထားကြောင်း ယခင်က အသိပေးထုတ်ပြန်ထားခဲ့တယ်လို့ဆို့ပါတယ်။
Happy Water ဆိုသည်မှာ ဘာလဲ ? Happy Water ဟာ တရားဝင် အမှတ်တံဆိပ် အဖျော်ယမကာ မဟုတ်ဘဲ လူငယ်များအကြား party drink အဖြစ် လျှို့ဝှက်ရောင်းချနေတဲ့ အရည် (သို့မဟုတ်) အမှုန့်တမျိုးဖြစ်သည်ဟု ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အချက်အလက်များအရ ထိုအရည်များတွင် —MDMA (Ecstasy)၊ Methamphetamine (Ice)၊ Ketamine (K)၊ Diazepam၊ Caffeine စတဲ့ ဓာတုပစ္စည်းများ ပေါင်းစပ်ပါဝင်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ထုတ်လုပ်သူနဲ့ ပါဝင်ပစ္စည်းအချိုးအစား မတိကျနိုင်ခြင်းကြောင့် အန္တရာယ်ပိုမိုမြင့်မားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များ K ကဲ့သို့သော မူးယစ်ဆေးများကို အရက် သို့မဟုတ် အမည်မသိ ပါဝင်ပစ္စည်းများပါဝင်နိုင်သည့် အရည်များနဲ့ ပေါင်းစပ် အသုံးပြုပါက နှလုံးခုန်နှုန်း မြန်ခြင်း၊ သွေးဖိအား မတည်ငြိမ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ သတိလစ်ခြင်းနှင့် အဆိပ်သင့်၍ အသက်အန္တရာယ် ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိတွင် KTV၊ Club နဲ့ Bar များတွင် အမည်မသိ ပါဝင်ပစ္စည်းများပါဝင်နိုင်သည့် party drink များ ပေါ်ပေါက်လာနေသည့်အတွက် လူငယ်များနှင့် မိဘများအနေဖြင့် အထူးသတိထားရန် လိုအပ်နေကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးပြောဆိုထားပါတယ်။
Zaya Moon
ဓာတ်ပုံ-လူမှုကွန်ယက်
#DrugAwareness #HappyWater #လူငယ်များသတိထား#Zalen

















