၃၁၊ ဇန်နဝါရီ၊ ၂၀၂၅
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူပို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဖမ်းဆီးထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ CNDF က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်မှုထမ်း အပတ်စဉ် သင်တန်းဆင်းသူတွေ အများအပြား ပါ၀င်တဲ့ စစ်ကောင်စီတပ်သား ၉၇ ဦးကို တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့ကို လေယာဉ်နဲ့ပို့ခဲ့တာလို့ ဆိုပါတယ်။
” လေယာဉ်ကို ဆယ်ပေ အမြင့်မှာ ရပ်ပေးတာ၊ ကျွန်တော်ဆို ရောက်ရောက်ချင်း ဒဏ်ရာရသွားတာ။ အောက်ကို ခုန်မဆင်းရဲဘူး၊ ကျွန်တော်က ခြေလျင်စစ်သားမဟုတ်ဘူးလေ၊ လေယာဉ်အတွေ့အကြုံမရှိတော့ ခုန်မဆင်းရဲတာကို တွန်းချခံရတာ။ အဲဒီထဲက ခြေထောက်ခေါက်ပြီး အရိုးအက်သွားတာ၊ အခုထိ ဆေးကုသနေရတုန်း၊ ပြန်လိုက်ဖို့ ပြောတော့ မလိုက်နဲ့တော့ ရှေ့ကိုပဲ ရအောင် သွားပေါင်းလို့ပြောတယ်။ ကျွန်တော်တို့ လူဟောင်းက လေးငါးယောက်ပဲပါတာ၊ ကျန်တာ အကုန် ပစ (ပြည်သူ့စစ်) တွေပဲ၊ ကျွန်တော်တို့တောင် စိတ်နာတယ်ဆိုတော့ ပစ တွေ ဆိုပြောမနေနဲ့တော့။ ” လို့ စစ်သုံ့ပန်း တပ်သားတစ်ဦးဖြစ်တဲ့ ကိုကျော်ဇော်လွင်က ပြောပါတယ်။
အဲဒီနောက် ဖလမ်းမြို့ရှိ အမှတ် (၂) အထက် တန်းကျောင်းမှာ တပ်စွဲတဲ့အချိန်မှာပဲ တိုက်ပွဲစဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း သေဆုံးတာ၊ တပ်ဆုတ် ထွက်ပြေးချိန်မှာ ဒဏ်ရာရလို့သေဆုံးတာတွေ အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ထံ စစ်ကူနဲ့ စားနပ်ရိက္ခာလည်း တောင်းခံချိန်မှာ ငြင်းဆိုခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်သားတွေက ပြောပါတယ်။
” ကျွန်တော်တို့ကတော့ ဒီကလွတ်သွားလည်း ကလေးမြို့ကို မပြန်တော့ဘူး။ ဒီထဲမှာပဲ ပူးပေါင်းတော့မယ်၊ မလုပ်ချင်တော့ဘူး၊ စိတ်နာတယ်။ စားနပ်ရိက္ခာချပေးဖို့ ပြောတာ၊ မင်းတို့အတွက်နဲ့ ငါ့လေယာဉ်အဆုံးအရှုံး မခံနိုင်ဘူးတဲ့၊ ဘာမှမလုပ်ပေးနိုင်ဘူးတဲ့၊ ဘာမှလုပ်စရာမရှိဘူး၊ သူတို့ကို ပြန်တိုက်ဖို့ပဲ ” လို့ စစ်ကောင်စီတပ်ရဲ့ တပ်ကြပ် အောင်ဇော်ဦးက ပြောပါတယ်။
CNDF က စစ်ကောင်စီတပ်သား ၅၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တခြား တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သား ၇ ဦး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
CNDF က စစ်သုံ့ပန်းတွေကို အကျယ်ချုပ်သဘောနဲ့ ကောင်းမွန်စွာ ကျွေးမွေး စောင့်ရှောက်ထားတယ်လို့ CNDF က ထုတ်ပြန်တဲ့ စစ်သုံ့ပန်းတွေက ပြောထားပါတယ်။
နေနီနွယ်