ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၆၃ ဦး သေဆုံးပြီး ၆၆ဦး ဒဏ်ရာရ

မတ် ၁၀၊ ၂၀၂၆

Zalen

Zalen ad

အကြမ်းဖက် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်း နိုင်ငံတ၀န်းက အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး ၆၆ဦး ဒဏ်ရာရခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ အမျိုးသမီးတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးထိခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၄၆ ဦး၊ လက်နက်ကြီးကြောင့် ၈ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့်၇ ဦး နဲ့ သေနတ်ကျည်ထိမှန်မှုကြောင့် ၂ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၈ ဦး နဲ့ ကိုယ်ဝန် ဆောင်အမျိုးသမီး ၁ ဦး တို့ပါဝင်နေပါတယ်။

အမျိုးသမီး သေဆုံးသူ အများဆုံး ဒေသမှာ အမျိုးသမီး ၂၂ဦး သေဆုံးခဲ့‌တဲ့ ရခိုင်ပြည်နယ်ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၁၂ ဦး၊ မကွေးတိုင်းမှာ ၁၁ ဦး၊ တနင်္သာရီတိုင်းမှာ ၆ ဦး၊ မန္တလေးတိုင်းမှာ ၅ ဦး၊ ပဲခူးတိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ ၂ ဦးစီ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  ၁ဦးစီ သေဆုံးခဲ့ပါတယ်။

အမျိုးသမီး ၆၆ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းအရင်းဟာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄၁) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၀ ဦးနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၂ ဦးတို့ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်တွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေတဲ့အပြင် အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးတွေကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံး နေကြရတယ်လို့ BWU က ပြောထားပါတယ်။

Mary

ဓာတ်ပုံ- BWU

#BWU #စစ်ကောင်စီ#Zalen

နောက်ဆုံးရသတင်းများ

မီဇိုဘာသာစကားကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းဖို့ အတည်ပြုခဲ့တဲ့အဆိုကို အချိန်ကိုက်မဟုတ်သေးကြောင်း MZP ပြော

မတ် ၁၀ ၊ ၂၀၂၆ Zalen ပညာရေးဝန်ကြီး Dr. Vanlalthlana တင်သွင်းလိုက်တဲ့  “မီဇိုဘာသာစကားကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဋ္ဌမဇယားတွင် ထည့်သွင်းသင့်သည်” ဆိုတဲ့အဆိုကို မနေ့ကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ကြပြီး တဘက်မှာ မီဇိုးကျောင်းသားများအသင်း ( ...

ဆက်ဖတ်ရန်