မတူပီမြို့နယ်မှာ နယ်မြေပဋိပက္ခတွေကြောင့် CDF-Lautu နဲ့ MDF တို့ တိုက်ပွဲပြင်းထန်

ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၂၅

Zalen

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ရွာမှန်းကျေးရွာမှာ နယ်မြေပဋိပက္ခကြောင့် ချင်းကာကွယ်ရေးတပ်(လောက်တူ) နဲ့ မရာလဲန်းကာကွယ်ရေးတပ် (MDF) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာမှန်းကျေးရွာမှာ ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ မနက် ၈ နာရီအချိန်ကစပြီး MDF နဲ့ CDF-Lautu တို့ နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။

“ဒီမနက် တိုက်ပွဲက အတော်လေး ပြင်းထန်နေတဲ့အခြေအနေမျိုးမှာရှိပါတယ်။ နှစ်ဖက်စလုံးက အင်အားတွေ အများကြီးနဲ့တိုက်တာဖြစ်တာကြောင့် အရင်ဖြစ်နေကျ တိုက်ပွဲမျိုးမဟုတ်ဘဲ တကယ့် တိုက်ပွဲကြီးတွေဖြစ်နေတာပါ။” လို့ တိုက်ပွဲအခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

CDF-Lautu နဲ့ MDF တို့ဟာ ရွာမှန်းကျေးရွာ နယ်မြေပိုင်ဆိုင်မှု အငြင်းအခုံဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီ တိုက်ပွဲတွင်း MDF နဲ့ CDF-Lautu တို့နှစ်ဖက်ရဲဘော်တွေ ထိခိုက်ကျဆုံးမူရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ဖြစ်ပွားတဲ့ တိုက်ပွဲတွင်းက ရွာမှန်းကျေးရွာက ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေဟာ လက်နက်ကြီးကျည်နဲ့ ဒရုန်းတို့နဲ့ တိုက်ခိုက်ခံရပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် ရွာမှန်း၊ စပေါ်ကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတွေ ရာနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေး​တိမ်းရှောင်နေကြရပါတယ်။

CDF Lautu နဲ့ MDF တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲဟာ ချင်းပြည်ကောင်စီပူးပေါင်းတပ်နဲ့ ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားတဲ့ ပဋိပက္ခအဖြစ် သတ်မှတ်၍ မရကြောင်း ပဋိပက္ခပြေလည်နိုင်ရေး နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ဆလိုင်း ပေါလ်က CC တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

CDF-Lautu ဟာ CC အဖွဲ့ဝင်ဖြစ်ပြီး MDF ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပါတယ်။

သတင်း – ဆလိုင်း

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်