၄၊မတ်၊၂၀၂၅
Zalen
ချင်းပြည်နယ်၊မတူပီမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးထားတဲ့စစ်သုံ့ပန်းတွေထဲက ကိုးဦးဟာ မတ်လ ၂ ရက်နေ့က လက်နက် နှစ်လက်လုယူပြီးထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်း မြစ်များထံကသိရပါတယ်။
အဆိုပါ ထွက်ပြေးသွားတဲ့စစ်သုံ့ပန်း ကိုးဦးဟာ အောင်လောင်းပန်းရွားသား တစ်ဦးကိုလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ဖမ်းဆီးထားတဲ့ ပြည်သူတစ်ဦးက တော့မနေ့က မတ်လ ၃ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့သိရပါတယ်။
အဲဒီထွက်ပြေးသွားတဲ့သုံ့ပန်း ကိုးဦးဟာလုံခြုံရေး ရဲဘော်အစောင့်နှစ်ဦးကိုင်ဆောင်ထားတဲ့ MA 1 တစ်လက် ၊G4 တစ်လက်ကိုလည်း လုယူသွားကြတယ်လို့ ဆိုပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ချင်းကာကွယ်ရေး(မင်းတပ်)၊ပြန်ကြားရေးတာ၀န်ခံ ဇလပ်သွေးက” မတူပီမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းထားတဲ့ သုံ့ပန်းတွေပါ။ရဲဘော်တွေပါသွားကြတယ်ဆိုတာလည်းမဟုတ်ပါဘူး။ပြည်သူတွေခေါ်သွားတာလည်းပြန်လွတ်လာပါတယ်” လို့ Zalen ကိုပြောပါတယ်။
ဆက်လက်ပြီးသူက ဖမ်းထားတဲ့သုံ့ပန်းတွေဟာမင်းတပ်မြို့သိမ်းတုန်းကမဟုတ်ကြောင်း၊ရဲဘော်တွေရဲ့ပေါ့လျော့မှုကြောင့်မဟုတ်ဘဲ သေနတ်လုယူသွားတာဖြစ်ပြီးရအောင်ပြန်ဖမ်းမှာဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ထွက်ပြေးသွားတဲ့ဖမ်းဆီးခံစစ်သုံ့ပန်းတွေဟာ စခန်းဖောက်ထွင်းထွက်ပြေးသွားတာမျိုးမဟုတ်ဘဲ ပြင်ပ သန့်ရှင်းရေးပြုလုပ်ချိန်မှာ ထွက်ပြေးသွားတာလို့ သိရပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့ကဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် သုံ့ပန်း၁၀၀ ကျော်ရှိခဲ့ပြီး ထိန်းသိမ်းထားတာ ၉ လ၀န်းကျင် ရှိခဲ့ပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ မကွေးတိုင်း၊ယောနယ်ဒေသရှိ မြစ်သာဆည်တမံကိုမရောက်ကြသေးဘဲ လမ်းမှာခြေရာဖျောက်ထားကြပြီး ခလရ ၅၀ တပ်ရင်းကလည်းပြင်သာရွာ၊မြစ်သာဆည်ဘုရားကုန်း တစ်ဝိုက်လုံးခြုံရေးအပြည့်နေရာယူထားကြတယ်လို့သိရပါတယ်။
မတူပီ မြို့ကိုတော့ ချင်းညီနောင် တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ပေါင်းစုများက ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မိုးပီအောင်