ဖေဖော်ဝါရီလ ၅ရက်၊ ၂၀၂၅
Zalen
အမေရိကန်အစိုးရမှ ဒုက္ခသည်များလက်ခံခြင်းအစီစဥ်ကို ဆိုင်းငံ့ထားတဲ့ကာလမှာ မလေးရှားနိုင်ငံက တတိယနိုင်ငံကို ထွက်ခွာမယ်သူတွေအနေနဲ့ ပြင်ဆင်တာတွေ မပြုလုပ်ဖို့နဲ့ လူလိမ်တွေ သတိထားဖို့ မလေးရှားအခြေစိုက် ချင်းဒုက္ခသည်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ ACR က ထုတ်ပြန်ထားပါတယ်။
တတိယနိုင်ငံသို့ ထွက်ခွာတော့မယ့်မျှော်လင့်ချက်နဲ့ အလုပ်ကနေထွက်တာ၊ ကလေးတွေကိုကျောင်းက အနားပေးတာ၊ ပစ္စည်းတွေရောင်းတာတွေ မလုပ်ဖို့နဲ့ နိုင်ငံခြားသွားနိုင်ဖို့ ကူညီပေးမယ်၊ အမြန်သွားရမယ်လို့ ဖုန်းနဲ့ပြောဆို လိမ်လာရင် အယုံအကြည်မရှိဖို့လည်း အထူးသတိပေးထားပါတယ်။
နိုင်ငံခြားသွားဖို့ ကူညီပေးမယ်လို့ မဟုတ်မမှန် ဂတိပေးသူ မည်သူကိုမျှပိုက်ဆံမပေးမိဖို့၊ ဒုက္ခသည်အမှုတွဲဖိုင် ပိုမိုလျှင်မြန်စေမယ်လို့ ပိုက်ဆံတောင်းသူများကိုလည်း အယုံကြည်မရှိဖို့နဲ့ ထိုကဲ့သို့ပြောဆိုလိမ်လည်သူတွေကို သက်ဆိုင်ရာဆီ တိုင်ကြားကြဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်အစိုးရမှ ဒုက္ခသည်များလက်ခံခြင်းအစီစဥ်ကို စပွန်ဆာမှ ခေါ်ယူတာဖြစ်ခဲ့ပေမဲ့ အမြန်ဆုံးထွက်ခွာဖို့ စပွန်ဆာလည်း လုပ်ဆောင်နိုင်တာမရှိကြောင်း ဆိုပါတယ်။
အမေရိကန်အစိုးရ (သို့) UNHCR ၊ IOM or RSC တာဝန်ရှိသူတွေထံမှတရားဝင် ဆက်သွယ်လာခြင်းမဟုတ်ပါက တတိယနိုင်ငံထွက်ခွာမည့် အခြေနေနဲ့ပတ်သက်ပြီး မည်သည့်စာကိုမျှယုံကြည်တာမရှိဖို့ ACR က အသိပေးထားပါတယ်။
သတင်း – ခူမီး