ဇန်နဝါရီ ၂၁၊ ၂၀၂၆။
Zalen
မြန်မာ့ ပြည်တွင်းရွှေဈေးဟာ စံချိန်တင်မြင့်တက်နေပြီး ရွှေတကျပ်သားကို ကျပ်သိန်း ၁၀၀ ကျော်အထိ တက်လာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေ ဆီကနေ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ ၁၆ ပဲရည် တကျပ်သား ရောင်းဈေး တရာ့နှစ်သိန်း ၁၀,၂၀၀,၀၀၀ကျပ်၊ ဝယ်ဈေး ၁၀,၀၀၀,၀၀၀ကျပ် ပေါက်ဈေးရှိနေပြီး မြန်မာ့သမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်းအဖြစ် စံချိန်တင် ဖြစ်နေပါတယ်။
လက်ရှိ ဈေးကွက်အတွင်း ရွှေဆိုင်အများအစု အရောင်းအဝယ် ယာယီရပ်နားထားရတယ်လို့ သိရပါတယ်။
ဒါကြောင့် အခေါက်ရွှေရောင်းဝယ်တဲ့ ဈေးကွက်မှာ လက်ရှိအချိန်မှာ ရောင်းသူ၊ ဝယ်သူ နှစ်ဖက်လုံးက ရင်းနှီးသူအချင်းချင်းပဲ အရောင်းအဝယ် လုပ်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောကြပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရွှေနဲ့ငွေ ဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီဘက်ကလည်း ပြည်တွင်းရွှေဈေး မဆောင့်တက်အောင် ထိန်းထိန်းသိမ်းသိမ်း ဝယ်ရောင်းကြဖို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် (FMGEA) နဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) တွေကတဆင့် ရွှေဆိုင်ပိုင်ရှင်တွေ၊ ရွှေလုပ်ငန်းရှင်တွေကို သတိပေးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန် ဒေါ်လာ ၄,၈၂၁ အထိ ဈေးတက်နေတာကြောင့် ပြည်တွင်းမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားကို ကျပ်သိန်း ၁၀,၂၀၀,၀၀၀ လောက်အထိ တက်လာတာလို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီက သတ်မှတ်ထားတဲ့ ရွှေဈေးကတော့ တကျပ်သားကို ကျပ်သိန်း ၆၀ ပဲရှိနေလို့ ပြင်ပပေါက်ဈေးနဲ့ ကျပ်သိန်း ၄၀ ကျော်လောက် ကွာဟနေပါတယ်။
ရွှေနဲ့ ဒေါ်လာဈေး အတက်ပြလာချိန်မှာ ဒေါ်လာဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူတွေကို ဖော်ထုတ်အရေးယူနေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်သတိပေးထားပါတယ်။
သတင်း-Helen
ဓာတ်ပုံ-လူမှုကွန်ယက်
#ရွှေဈေး #စစ်ကောင်စီ#စံချိန်တင်မြင့်#Zalen
















