ဟားခါးနားက စစ်တပ်စခန်းငယ်တစ်ခုသိမ်းပိုက်မှု စစ်ကောင်စီ ၁၀ ဦး သေဆုံးပြီး သေနတ် ၉ လက်နဲ့ ခဲယမ်းများ သိမ်းဆီး

၃၀၊ အောက်တိုဘာလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့ နားက ရွာလ်အို သင်္ချိုင်းကုန်းနားက ကီယမ်တောင် (Kiamtlang ) မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းငယ်တစ်ခု ကို ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၈ ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ သေနတ် ၉ လက်နဲ့ ခဲယမ်းများသိမ်းဆည်းရမိတယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးတဲ့အပြင် ဗိုလ်မှူး တစ်ဦးအပါအဝင် ၄ ဦး ကိုအရှင်ဖမ်းမိထားတယ်လို့ CDF-Hakha ကူညီထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူ ဦးရှန်ကုန်းက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ဒီညမှာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

ယင်း စစ်ဆင်ရေးကို ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ချင်းအမျိုးသားတပ်ဦး CNA နဲ့ ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha ) တို့က ပူးပေါင်းစစ်ဆင်ရေးဖော်ဆောင်တာဖြစ်ပြီး ချင်းအမျိုးသား တပ်ဦး CNA တစ်ဦးမြင့်မြတ်စွာကျဆုံးသွားတယ်လို့သိရပါတယ်။

“အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးရှိခဲ့ကြတယ်။ တိုက်ပွဲအတွင်း ၁၀ ဦးသေဆုံးတယ်။ တစ်ဦးက လက်နက်ချတယ်။ ၄ ဦးထွက်ပြေးတဲ့သူတွေအနက် ၃ ဦးကိုပြန်မိတယ်။ ဆိုတော့ဖမ်းမိတာ ၄ ဦးရှိတယ်။ ဟားခါး ဒေသခံတွေရဲ့ နွားကိုခိုးသတ်ပြီးတော့ အသားခြောက်လုပ်ဖို့ အသားတွေကိုနေလှမ်းနေတုန်း ဝင်ရောက်တိုက်ခိုက် တာ။”လို့ ဆိုပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ဆုရ်ခွါ တပ်စခန်း (Surkhua ) ၊ ဘုံဇုန် တပ်စခန်း ( Bungzung )၊ ကေအီဗန်ဇွာန် တပ်စခန်း ( Keivangzuan ) နဲ့ အခု ကီယမ်တောင် ( Kiamtlang ) စခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့များနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သူကဖော်ပြထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်