ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသားတွေ မပို့ပေးနိုင်တာကြောင့် ငွေသားတွေ ပြတ်လပ်နေ

ဇူလိုင်လ ၂၁ရက်၊ ၂၀၂၅ ခုနှစ်

Zalen

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသားတွေ မပို့ပေးနိုင်တဲ့အတွက်ကြောင့် ဘဏ်မှာ ငွေသားပြတ်လပ်နေပြီး ငွေထုတ်ယူခွင့် မရတော့ဘူးလို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ဟားခါးမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ စစ်ကောင်စီက လအတော်ကြာမြင့်စွာ ငွေသားတွေမပို့ပေးနိုင်တာကြောင့် ဘဏ်မှာ ငွေသားတွေပြတ်လပ်နေပြီး ဇူလိုင်လ ပထမအပတ်မှစပြီး ငွေကို အကန့်သတ်နဲ့သာ ထုတ်ယူနေရတယ်လို့ သိရပါတယ်။

“ဒီတစ်ခေါက် ဟားခါးမှာ ရဟတ်ယာဥ်နဲ့ ငွေမပို့ပေးတာ အတော်လေးကြာတယ်။ ဒါကြောင့် ဘဏ်မှာ ငွေသားတွေပြတ်နေတယ်။ ဇူလိုင်လ အစောပိုင်းကတည်းက ငွေကို အကန့်သတ်နဲ့ပဲ ထုတ်ယူရတယ်။ ငွေ ပမာဏများရင် ဘဏ်က ငွေ မထုတ်ပေးနိုင်တော့ဘူး။”လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုလ တတိယအပတ်ကစပြီး ဘဏ်မှာ ငွေသားတွေ လုံးဝ ထုတ်မပေးနိုင်တော့သလို ငွေထုတ်ယူလိုသူတွေ စစ်ကောင်စီ ရဟတ်ယာဥ် ရောက်မှသာ ဘဏ်မှာ ငွေထုတ်ယူဖို့ ဘဏ်ဝန်ထမ်းတွေက မှာကြားထားပါတယ်။

“လေယာဥ်လာမှ လေယာဥ်အသံကြားမှ ဘဏ်မှာ ငွေလာထုတ်ကြပါတဲ့။ ဘဏ်က ဝန်ထမ်းတွေ ပြောတာပါ။ အခုဘဏ်မှာ ငွေသားတွေမရှိတော့ဘူးပြောတယ်။ လေယာဥ်က အခုထိ လာတာ မတွေ့သေးဘူး။”လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်ကို ငွေသားတွေ ပို့ဆောင်ရာမှာ မြေပြင် လမ်းကြောင်းကို မသုံးတော့ဘဲ ရဟတ်ယာဥ်နဲ့သာ အသုံးပြုပြီး ပို့ပေးနေတာဖြစ်ပါတယ်။

ဟားခါးမြို့ကို စစ်ကောင်စီက အခုရက်ပိုင်း အချိန်မီ ငွေသားတွေ မပို့ပေးနိုင်ရင် Non CDM ဝန်ထမ်းတွေအနေနဲ့ ဇူလိုင်လအတွက် လစာရရှိတော့မယ် မဟုတ်ဘူးလို့ သိရပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

မီဇိုရမ်မှာ MDF ရဲ့ ဒုဥက္ကဋ္ဌ ကို အိန္ဒိယအာသံတပ်က ဖမ်းဆီး

၂၁၊ ဇူလိုင်၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ Tipa ရွာမှာ ဇူလိုင် ၁၇ ရက်နေ့က မရာကာကွယ်ရေးတပ်ဖွဲ့ MDF ရဲ့ ဒုတိယ ဥက္ကဋ္ဌကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ အိန္ဒိယအာသံတပ်နဲ့ ...

ဆက်ဖတ်ရန်