အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချင်းဝန်ကြီးနှစ်ဦးကိုပြောင်းလဲခန့်အပ်ပေးဖို့ ICNCC က NUCC ထံတင်ပြ

၃၊အောက်တိုဘာလ၊၂၀၂၄

Zalen

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းနဲ့ ဒေါက်တာငိုင်တမ်မောင်း တို့ကိုယ်စား ICNCC ကပုဂ္ဂိုလ်တွေကိုအစားထိုးခန့်အပ် ပေးဖို့ ကြားကာလချင်းအမျိုးသာအတိုင်ပင်ခံကောင်စီ က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ထံ စက်တင်ဘာလ ၁၉ ရက်စွဲဖြင့်တင်ပြထားပါတယ်။

ဒေါက်တာလျန်မှုန်းဆာခေါင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီး အဖြစ်တာဝန်ယူနေတာဖြစ်ပြီးေဒါက်တာငိုင်တမ်မောင်းက လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေး ဒုဝန်ကြီးတာဝန်အသီးသီးထမ်းဆောင်နေကြတာဖြစ်ပါတယ်။

ယခုကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ပြောခွင့်ရပုဂ္ဂိုလ်က “ဟုတ်ပါတယ်။ဒါကသတင်းအတည်ပြုလို့ရပါတယ်။NUCC အပါသက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပို့တာပါ။” လို့ Zalen ကိုအတည်ပြုပြောကြားထားပါတယ်။

ဆက်လက်ပြီး ၎င်းက “သူတို့ (Dr Lian Hmung Sakhong နဲ့ Dr Ngai Tam Maung) နှစ်ဦး စလုံးက နဂိုကတည်းက ICNCC ကိုယ်စား ICNCC ရဲ့ တရားဝင်စေလွှတ်မှုကြောင့် NUG မှာ ရောက်ရှိကြခြင်းဖြစ်ပါတယ်။ ICNCC အစည်းအဝေးမှတ်တမ်းတွေ အထောက်အထားအများကြီးရှိပါတယ်။၂၀၂၃ နှစ်ထဲမှာ သူတို့နှစ်ဦးစလုံး ICNCC ကနေ ထွက်သွားကြတဲ့အခါကျတော့ ICNCC ကို ကိုယ်စားမပြုတော့တဲ့အတွက်ကြောင့် ဒီရာထူးတာဝန် တွေကနေလည်း တစ်ခါတည်း ထွက်ဖို့လိုတာပါ။ ဒါပေမဲ့ ICNCC အနေနှင့် ချင်းတစ်မျိုးသားလုံးအရေးကို အလေးထားလို့ ညှိနှိုင်းမှုတွေ အချိန်ယူလုပ်ဆောင်ရတာဖြစ်ပါတယ်။ အချိန်အများကြီးယူ ဆွေးနွေးပြီးမှ နောက်ဆုံးမှာ ICNCC ကောင်စီအစည်းအဝေးကနေ ဆုံးဖြတ်ပြီး ယခုလို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ အလျင်စလို လုပ်ဆောင်ခြင်းမဟုတ်ပါဘူး။ သူတို့ နှစ်ဦးအနေနဲ့ ရာထူးနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ နှစ်ခုထဲက တစ်ခုခု ရွေးရမယ့် အခြေအနေပါ။ နှစ်ခုစလုံးတော့ ယူတာတော့ မဖြစ်နိုင်တော့ဘူး။”လို့ ပြောပါတယ်။

ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်ကနေစပြီး ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ဒေါက်တာငိုင်တမ်မောင်းကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာနှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့ကြာင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုယ်စား စေလွှတ်ခြင်းခံရပေမယ့် ICNCC အဖွဲ့ဝင်တွေမဟုတ်ကြတော့တဲ့ ဒေါက်တာလျန်မှုန်းဆာခေါင်း ကိုယ်စား ဒေါက်တာ ကင်တွန်လင်းကို လည်းကောင်း၊ ဒေါက်တာ ငိုင်တမ်မောင်းကိုယ်စား ဆလိုင်းမန်းဘီထန်း ကိုယ်လည်းကောင်း အစားထိုးခန့်အပ် ပေးဖို့ ICNCC ရဲ့အလှည့်ကျသဘာပတိတွေဖြစ်ကြတဲ့ ဆလိုင်းလျန်လွယ်နဲ့ဒေါက်တာကင်တွန်လင်းတို့က တင်ပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ယခုလိုတင်ပြတာဟာ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁၆ ရက်မှာကျင်းပတဲ့ ICNCC ကောင်စီအစည်းအဝေး မှတ်တမ်း ( ၃/၂၀၂၄) ဆုံးဖြတ်ချက်အပိုဒ် (ခ) ကိုရည်ညွှန်းပေးပို့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုထားခြင်းဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်