ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
Zalen
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ ချင်းအမျိုးသားခေါင်းဆောင်ကြီးတွေ၊ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းပြည်ပရှိ ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။
ချင်းအမျိုးသားနေ့ဟာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားညီလာခံကနေ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီပြည်သူ့အုပ်ချုပ်မှုစနစ်သို့ ပြောင်းလဲဖို့ ချင်းတစ်မျိုးသားလုံးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဆုံးဖြတ်ခဲ့တဲ့ သမိုင်းဝင်နေ့တစ်နေ့ဖြစ်တယ်လို့ NUG က ပြန်လည်ညွှန်ပြထားပါတယ်။

အဲ့ဒီဆုံးဖြတ်ချက်ဟာ ပြည်ထောင်စုအတွင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်အခြေခံသဘောတရားတွေကို အခြေခံထားတဲ့ အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါတဲ့ အုတ်မြစ်တစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ချင်းတိုင်းရင်းသားတွေဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလမှာလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် အခြားတိုင်းရင်းသားများနဲ့အတူ စုစည်းညီညွတ်စွာ ဆက်လက်လှုပ်ရှားနေကြတာကို လေးစားဂုဏ်ယူကြောင်းလည်း ပြောထားပါတယ်။
နိဂုံးချုပ်အနေနဲ့ ချင်းအမျိုးသားနေ့က စတင်တဲ့ ညီညွတ်ရေးအရှိန်အဟုန်ဟာ အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပြီး ငြိမ်းချမ်းသာယာတဲ့ ချင်းတောင်တန်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်တဲ့အထိ ဆက်လက်ရှင်သန်နေပါစေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။
Mary














