R. Lakher
Young Lai Association (YLA) သည် မကြာသေးမီက အိန္ဒိယနိုင်ငံ Act East Policy နှင့်ကုလားတန်-ဘက်စုံစီမံကိန်းများ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အင်ဒို-မြန်မာ အမျိုးသားအဝေးပြေးလမ်းမကြီးကို ဇွန်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ် တွင် ပိတ်ဆို့ထားသည် သာမကလောင်တလိုင်ခရိုင်အတွင်းတွင်နေထိုင်ကြသော ရခိုင်လူမျိုးများကို နှင်ထုတ်ခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် လိုင်လူမျိုးများနေထိုင်ရာ လောင်တလိုင်ခရိုင် နှင့် မရာလူမျိုးများ နေထိုင်ရာ ဆိုင်းဟား တို့အကြား (အိန္ဒိယလူမျိုးစုနှစ်ခုအကြား) ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံပြီး မြန်မာ့တော်လှန်ရေးကို တိုက်ရိုက်ရော သွယ်ဝိုက်ရော ကူညီပံ့ပိုး ပေးခဲသည့် မီဇိုရမ် ပြည်သူတွေကို မြန်မာပြည်သူများမှ အထူးဝမ်းသာ ကျေးဇူးတင် နေချိန်မှာပဲအခုလို ရခိုင်ပြည်နယ် နှင့် ပလက်ဝဒေသကို လမ်းပိတ်ဆို့မှုတွေ ရှိလာတာဟာ မြန်မာတော်လှန်ရေးကို နှောင့်နှေးစေနိုင်တာကြောင့် မြန်မာပြည်သူများအတွက် စိုးရိမ်စရာ ဖြစ်လာခဲသည်။ အထူးသဖြင့် AA နှင့် ၎င်း၏ မဟာမိတ်များအပေါ်တွင် သိသာထင်ရှားသော သက်ရောက်မှုများ ရှိလာနိုင်တာပါ။ ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့များ နှင့် ရခိုင်ပြည်နယ်သို့ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ စီးဆင်းမှု ပိတ်ဆို့ခြင်းသည် မြန်မာ့စစ်အစိုးရကို ထောက်ပံ့ရာ ရောက်သည်ဟုလည်း လူအချို့က ထောက်ပြနေကြသည်။ ဤဆောင်းပါးတွင် Young Lai Association (YLA) မှ လမ်းများကို အဘယ်ကြောင့် ပိတ်ဆို့ထားသနည်း နှင့် မည်သို့သော အကျိုးသက်ရောက်မှုများ ရှိနေသည်ကို သုံးသပ်သွားမည်ဖြစ်သည်။
ချင်းလက်နက်ကိုင်အဖွဲ့များ ပဋိပက္ခများ၏ နောက်ခံအချက်အလက်များနှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်ပတ်သက်မှု
လက်ရှိပြဿနာကို နားလည်နိုင်ရန် အတွက် ပထမဆုံးအနေနဲ့ ချင်းရဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေး အခြေအနေကို နားလည်ရန် လိုအပ်ပါသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်မှာပဲ ချင်းလက်နက်ကိုင်အဖွဲ့များဟာ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သော Chinland Council (CC) နှင့် Chin Brotherhood (CB) :Chin National Defense Force-CNDF၊ Zoland-PDF ၊CDF-Mindat၊ Maraland Defense Force-MDF၊ CDF-Kanpalet၊ Matupi-CDF (Bridgade-1) အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့တာသည်။
Chin Brotherhood (CB) ၏ အဓိက အကြောင်းပြချက်မှာ Chinland Council (CC) ကို ချင်းအမျိုးသားတပ်ဦး (CNF) မှ လွန်ကဲစွာ လွှမ်းမိုးထားပြီး CB မှ ပိုမိုပြီး အားလုံးပါဝင်မှုနှင့် တန်းတူညီမျှ ကိုယ်စားပြုခွင့် တောင်းဆိုမှုကို CNF မှ ပယ်ချခဲ့သည် ဟုဆိုသည်။ ချင်းလက်နက်ကိုင်အဖွဲ့များသည် စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ရောက်ရှိလာကြပြီး သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်မည်ဟု လွန်စွာမျှော်လင့်ထားခဲ့ကြသော်လည်း ရလဒ်မှာ ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။
ထို့နောက် Chinland Council နှင့် CNF တို့နှင့် လက်ရှိအခြေအနေတွင် နိုင်ငံရေးအရ အဖြေရှာရန် မျှော်လင့်ချက် မရှိဟု ချင်းညီနောင်အဖွဲ့များမှ(CB) တွေးထင်လာခဲ့ကြသည်။ ထို့ကြောင့် အာရက္ခတပ်တော်(AA) နှင့် မဟာမိတ်ဖွဲ့ကာ စစ်ရေးအရ ကူညီပံ့ပိုးမှုရရှိရန်၊ ချင်းပြည်ကောင်စီ (CC) ၏ ခြိမ်းခြောက်မှုမှ ခုခံကာကွယ်ရန်နှင့် ၎င်းတို့၏ ဒေသများရှိ စစ်ကောင်စီ၏စခန်းများကို ဖြိုခွင်းရန် ကြိုးပမ်းလာခဲ့ကြသည်။ မဟာမိတ်ဖွဲ့ပြီးချက်ချင်း ချင်းညီနောင်များအဖွဲ့ (CB) သည် AA ကို စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရန် ချင်းပြည်နယ်ရှိ ၎င်းတို့၏နယ်မြေများအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
ရှေးဦးစွာ AA ၏ ပံ့ပိုးကူညီမှုဖြင့် ချင်းညီနောင်များအဖွဲ့သည် ကန်ပလက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို သိမ်းပိုက်ခဲ့ပြီး မကြာသေးမီက ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံးစစ်စခန်းဖြစ်သည့် မတူပီမြို့ အခြေစိုက် စစ်စခန်း (၃၀၄၊၁၄၀ နှင့် ဗျူဟာစခန်း)များကို သိမ်းပိုက်နိုင်ခဲ့သည်။
ဇွန်လတွင် ၆ လပြည့်သော ချင်းညီနောင်အဖွဲ့သည် တိုတောင်းသော ကာလ ၆ လအတွင်းတွင် ကြီးမားသော စစ်ရေးအောင်မြင်မှုများ ရခဲ့သည်။ ရလဒ်အနေဖြင့် ချင်းညီနောင်အဖွဲ့သည် ပြည်သူလူထု နှင့် ဆိုရှယ်မီဒီယာများတွင် နာမည်ကောင်းရရှိပြီး အချိန်တိုအတွင်း ပိုမိုအားကောင်းလာခဲ့သည်။
ချင်းပြည်ကောင်စီ (CC)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ နှင့် ၎င်းတို့ကို ထောက်ခံအားပေးသူများသည် ချင်းညီနောင်များအဖွဲ့အား AA ကို ချင်းပြည်သို့ ခေါ်ဆောင်လာခြင်းဖြင့် ချင်းအမျိုးသား အကျိုးစီးပွားကို ဆန့်ကျင်လုပ်ဆောင်နေကြောင်း ဆက်တိုက် စွပ်စွဲခဲ့သည်။ချင်းပြည်ကောင်စီ (CC) ၏ ထောက်ခံသူများက ချင်းညီနောင်များအား AA ၏ ရုပ်သေးများအဖြစ် ခေါ်ဝေါ်ကြပြီး ချင်းညီနောင် ထောက်ခံသူများကလည်း ချင်း CC အဖွဲ့ဝင်များကို အမျိုးသားတပ်ဦး (CNF) ၏ ရုပ်သေးများအဖြစ် ခေါ်ကြသည်။
မတူပီစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ AA က လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု CC လော်ဘီသမားများနှင့် CC ထောက်ခံ ချင်းမီဒီယာများမှ ပြောဆိုခဲ့ကြသည်။ မတူပီစစ်ဆင်ရေးအတွင်း ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်များအကြား ပဋိပက္ခများ သိသိသာသာ ကြီးထွားလာခဲ့သည်။
ချင်းလက်နက်ကိုင်အဖွဲ့များ နှစ်ခြမ်းကွဲခြင်းနှင့်အတူ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့–မတူပီသည် (CDF-Matupi) လည်း ချင်းညီနောင်ဖက်ပါသော တပ်မဟာ ၁ နှင့် CC (CNF) ဖက်ပါသော တပ်မဟာ ၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့သည်။ ၎င်းတို့နှစ်ဖွဲ့စလုံးမှ မတူပီစစ်စခန်းများသည် ၎င်းတို့၏ နယ်မြေအတွင်း ဖြစ်ကြောင်း တစ်ဖွဲ့၏ ခွင့်ပြုချက်မရှိပဲ့ တိုက်၍မရကြောင်း အပြန်အလှန်ပြောဆိုခဲ့ကြသည်။ သို့သော်CDF-Matupiခေါင်းဆောင်များကြားတွင် ၎င်းတို့၏နယ်မြေခွဲဝေမှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှုကို လူထုက ရှင်းရှင်းလင်းလင်း မသိရှိခဲ့ကြပေ။
မတူပီ စစ်ဆင်ရေးကို ချင်းညီနောင်များနှင့် မဟာမိတ်များ (AA၊ Yaw Army၊ YDF) တို့က ပထမဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်ကောင်စီတပ်များကလည်း မတူပီတွင် စစ်ဆင်ရေးကို လုပ်ဆောင်မည်ဟု အခိုင်အမာဆိုလာ ခဲ့ကြသည်။ CB ထောက်ခံသူများက CC တပ်များနှင့် CNF တို့သည် မတူပီတွင် စစ်ဆင်ရေးပြုလုပ်ရန် ရည်ရွယ်ချက်မရှိဟု စွပ်စွဲကာ CB စစ်ဆင်ရေးကို နှောင့်ယှက်ရန်သာဖြစ်ပြီး စခန်းအား သိမ်းပိုက်ပါက CB သည် နာမည်ကောင်းရရှိမည်ကို စိုးရိမ်ကြောင်း၊ CB ၏ နယ်မြေထိန်းချုပ်မှုနဲ့ တရားဝင်မှု ကြီးထွားလာမည်ကို စိုးရိမ်သောကြောင့် ခုလို လုပ်လာခြင်းဖြစ်သည်ဟု စွပ်စွဲကြသည်။
ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းညီနောင် (CB) တို့ကြား ပဋိပက္ခသည် တဖြည်းဖြည်းကြီးထွားလာပြီး စစ်ရေး ပဋိပက္ခအသွန်ဖြင့် ပြောင်းလဲလာကာ ဒုတိယဗိုလ်ချုပ်ကြီး လာဘစ်ထန်နှင့် ချင်းအမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသည်အထိ ဖြစ်ခဲ့သည်။ ချင်းအမျိုးသားတပ်မ တော် ၅ ဦး ကျဆုံးခဲ့သည့် လက်ချက်သည် AA ဖြစ်သည်ဟု CC ဖက် က အပြင်းအထန်စွပ်စွဲထားသည်။ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲကြသည်။ CC နှင့် CNF တို့က ချင်းပြည် နယ်သို့ AA ရောက်ရှိလာပြီး ချင်းအရေးကို ဝင်ရောက်စွပ်ဖက်သည်ဟု စွပ်စွဲထားသည်။ CB ဖက်ကလည်း CB ၏ မတူပီစစ်ဆင်ရေးတွင် CC မှ ဝင်ရောက် နှောက့်ယှက်ခြင်း နှင့် ချင်းညီနောင်များ ၏ တည်နေရာ အချက်အလက်များ ကို စစ်ကောင်စီထံ ပေးခဲ့သည်ဟုလဲ ချင်းညီနောင်များမှ စွပ်စွဲထားသည်။
CC နှင့် CNF သည် ချင်းညီနောင်အဖွဲ့နှင့် AA ကို စစ်ရေးအရ ရင်ဆိုင်နိုင်ခြင်း မရှိတော့သည်ကို သိရှိသဖြင့် ဂိမ်းကို ပြောင်းလဲကစားလာခဲ့ကြပြီး မီဇိုရမ်ပြည်နယ် မှ ရခိုင်ပြည်နယ်သို့ ကားလမ်းပိတ်ဆို့ရန် လိုင်လူငယ်အဖွဲ့ (CYLA) ကို စတင် သွေးထိုး လှုံ့ဆော်ခဲ့သည်။ ရလဒ်အနေဖြင့် CYLA သည် Chinland Council နှင့် CNF တို့နှင့် ချက်ချင်းတိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ CNF သည် လိုင်မျိုးနွယ်စုများ အဓိကခေါင်းဆောင်များ ဖြစ်သောကြောင့် ချင်းအမျိုးသားတပ်ဦးကို လိုင်မျိုးနွယ်စုများက လွှမ်းမိုးထားသည်။ သေချာနေသောအချက်မှာ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် လိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကောင်စီ (Lai Autonomous District Council ) သည် ခိုင်မာသော ချိတ်ဆက်မှုရှိသည်။
Young Lai Association (YLA) မှ မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်နယ် နှင့် ပလက်ဝဒေသသို့ လမ်းများ ပိတ်ဆို့ ခြင်း
Young Lai Association (YLA) သည် လိုင်မျိုးနွယ်စု၏ လူငယ်အဖွဲ့အစည်းဖြစ်သည်။ င်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကောင်စီ သည် မီဇိုရမ်ပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ Mara Autonomous District Councils (MADC)၊ Lai Autonomous District Counci (LADC) နှင့် Chakma Autonomous District Council (CADC) သုံးခုအနက် တစ်ခုဖြစ်သည်။ လိုင်လူမျိုးသည် မြန်မာလိုင် နှင့် အိန္ဒိယလိုင်ဟူ၍ နှစ်ခြမ်းပိုင်းခြားခြင်းခံရသည်။ မြန်မာလိုင်အများစုသည် ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်တွင် နေထိုင်ကြပြီး အိန္ဒိယလိုင်များသည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင် နေထိုင်ကြသည်။ ထို့ကြောင့် CNF နှင့် YLA အကြား ခိုင်မာသော ဆက်သွယ်မှု ရှိသည်မှာ မထူးစမ်းပေ။
ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ၎င်းတို့၏ ထောက်ခံအားပေးသူများ၏ သွေးထိုးလှုပ်ဆော်မှုတွေကြောင့် လိုင်လူငယ်အစည်းအရုံး (YLA) သည် လမ်းကို ပိတ်ဆို့ရုံသာမက လောင်တလိုင်ခရိုင်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသားအားလုံးကို ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက် နှစ်ရက်အတွင်း မောင်းထုတ်ခဲ့သည်။ ထို့အပြင် AA က ချင်းပြည်နယ် ပလက်ဝတွင် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားရှိနေခြင်း၊ပလက်ဝ ချင်းလူမျိုးများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများရှိနေခြင်း၊ လောင်စာဆီနှင့် လက်နက်များ လောင်တလိုင်ခရိုင်ကိုဖြတ်ပြီး တင်သွင်းနေသည်ဟု ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရထံ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။ ထို့အပြင် လောင်တလိုင်မှ နှင်ထုတ်ခံရသော ရခိုင်များသည် လောင်တလိုင်ခရိုင်မှ ဆိုင်းဟားခရိုင်သို့ ပြောင်းရွှေ့လာမည်ဟု မျှော်လင့်ထားကြပြီး YLA မှ ရေနံနှင့် ဒီဇယ်များအားလုံးကို ဆိုင်းဟားခရိုင်သို့ ပိတ်ဆို့ခဲ့ပြီး ဆိုင်းဟား ခရိုင်တွင် ဆီပြတ်လပ်သွားခဲ့သည်။ ထို့ကြောင့် မရာလူငယ်အဖွဲ့ (Mara Thytlia Py- MTP) သည် YLA လုပ်ရပ်ကို ကန့်ကွက်ကြောင်းကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် လူထုဆန္ဒထုတ်ဖော်ပွဲများကျင်းပရန် စတင်စီစဉ်ခဲ့သည်ဟု သိရသည်။
CNF ဦးဆောင်သော CC နှင့် AA မှ ထောက်ခံအားပေးသော ချင်းညီနောင်အဖွဲ့တို့အကြား ပဋိပက္ခများသည် မီဇိုရမ်ပြည်နယ်သို့ ပျံ့နှံ့သွားပြီး လူမျိုးစုနှစ်စုဖြစ်သည့် လိုင် (Lawngtlai District) နှင့် မရာ (Siaha District) တို့အကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည်။ ထို့အပြင်၊ ၎င်းသည် မီဇိုရမ်ပြည်နယ်တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ပြီး မီဇိုလူငယ်များ၊ ထောက်လှန်ရေးယူနစ်များ၊ သုတေသီများနှင့် အိန္ဒိယပြည်မကြီးမှ သတင်းထောက်များကိုပါ လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သည်။ ဤ ရိုက်ခေတ်မှုသည် ၂၀၂၁ အာဏာသိမ်းချိန်မှ စတင်ပြီးမီဇိုရမ် နှင့်မီဇိုရမ် လူမျိုးများအပေါ် အကြီးမားဆုံး ဂယက်ရိုက်ခတ်မှု တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ သေချာနေသော အချက်တစ်ခုမှာ မီဇိုရမ် (အိန္ဒိယ) က မီဇိုရမ်နဲ့ အိန္ဒိယတို့အပေါ် သဘောထားကွဲလွဲမှု နှင့် ပဋိပက္ခတွေကို လျှော့ချဖို့ လက်ရှိပြဿနာတွေနဲ့ ပတ်သက်လို့ တစ်ခုခုလုပ်ရတော့မည်ဖြစ်သည်။
မီဇိုရမ် (အိန္ဒိယ) ဘာလုပ်သင့်သလဲ။
အမှန်မှာ မရာလူငယ် အဖွဲ့ (MADC) သည် ချင်းညီနောင်အဖွဲ့ (CB) နှင့် AA ကိုထောက်ခံသည်ဟု ဆိုရမည်ဖြစ်ပြီး၊ လိုင်လူငယ်များအဖွဲ့ (LADC) သည် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် CC ကို ပံ့ပိုးကူညီနေသည် ဟုဆိုရမည်ဖြစ်သည်။ ဤကဲ့သို့သော ပြဿနာကို ဖြေရှင်းရာတွင် တာဝန်ရှိသူ (သို့) အာဏာပိုင်များ (မီဇိုရမ် သို့မဟုတ် အိန္ဒိယ) သည် ခရိုင်တစ်ခုနှင့်တစ်ခုအပေါ် မျက်နှာသာမပေးရန် သတိကြီးကြီးထားပြီး ကိုင်တွယ်ရန်လိုအပ်မည်ဖြစ်သည်။
လိုင်လူမျိုးစု နှင့် မရာလူမျိုးစု နှစ်ဖက်စလုံး win-win solution မျိုးထွက်ရှိလာရန်လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့သို့မဟုတ်ပါက မီဇိုရမ် ပြည်နယ်တွင် ပြဿနာများကို ပိုမိုဆိုးရွား စေနိုင်သည်။ ဒုတိယဖြစ်နိုင်ခြေမှာ ချင်းပြည်နယ်တွင် နှစ်ဖက်စလုံး (Siaha နှင့် Lawngtlai) တို့မှ လုံးဝ ဝင်ရောက်မပတ်သက်ရေး သည် အဖြေတစ်ခုဖြစ်လာနိုင်ပါသည်။