ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား (၄)ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အရာရှိ တစ်ဦးအပါဝင် တပ်ဖွဲ့ဝင် (၂၁) ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF ကန်ပက်လက်က ဇူလိုင်လ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ (၁၆)ရက်နေ့ မနက် (၈း၂၀) နာရီမှ (၉း၀၀)နာရီအချိန်ထိ အကြမ်းဖက်စစ်ကောင်စီနဲ့ CDF ကန်ပက်လက် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဆွဲလွဲကျင်းကျေးရွာအနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦး သေဆုံးပြီး၊ တပ်ဖွဲ့ဝင် အများပြား ဒဏ်ရာရရှိသည်။
အလားတူ ဆွဲလွဲကျင်းရွာနှင့် မဆာတွီကျေးရွာအကြား အကြမ်းဖက်စစ်ကောင်စီနဲ့ CDF ကန်ပက်လက်တို့ ဇူလိုင်လ (၁၈)ရက်နေ့ မနက် (၇)နာရီချိန် (၁)ကြိမ်၊ မနက် (၈း၃၀)နာရီအချိန်တွင် တစ်ကြိမ် ထိတွေ့မူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာရှိ (၁)ဦး အပါဝင် စုစုပေါင်း (၈)ဦး သေဆုံးသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိခိုက်ဒဏ်ရာ များပြားရရှိပြီး CDF ကန်ပက်လက် ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်။ ထို့အပြင် ဇူလိုင်လ ၁၉ ရက်နေ့တွင် မဆာတွီကျေးရွာအောက်နားတွင် ထပ်မံ၍ ထိတွေ့မူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ အများပြား ထိခိုက်ဒဏ်ရာရရှိသည်။ CDF ကန်ပက်လက် ရဲဘော် (၂) ဦး ထိခိုက်ဒဏ်ရာရှိသည်။
CDF ကန်ပက်လက် ရဲဘော်များ ဆက်လက် တိုက်ပွဲဝင်နိုင်ရန်အရေးပေါ် လက်နက်၊ ခဲယမ်း၊ ရိက္ခာများ အမြန်ဆုံး လိုအပ်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်နေ့တွင် ဂျက်ဖိုက်တာ (၅)စင်းဖြင့် အကြိမ်(၂၀)ထက်မနည်း မဆာတွီကျေးရွာသို့ ပစ်မှတ် ထား၍ လေကြောင်းမှ ပစ်ခတ်ခဲ့သည့်အတွက် BCM ဘုရားကျောင်းအပါအဝင်လူနေအိမ် (၇)လုံးပျက်စီးဆုံးရှုံးခဲ့သည်။