စစ်ကောင်စီကို မထောက်ပံ့ဖို့ တရုတ်နိုင်ငံကို အဖွဲ့အစည်း ၂၅၅ ဖွဲ့ အိတ်ဖွင့်ပေးစာပို့

၁၈၊ ဒီဇင်ဘာ၊ ၂၀၂၃

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို အလေးထားဖို့၊ စစ်ကောင်စီ သက်ဆိုးရှည်နိုင်တဲ့ လုပ်ရပ်တွေကို မလုပ်ဖို့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၅၅ ဖွဲ့က တရုတ်နိုင်ငံကို အိတ်ဖွင့်စာ ဒီဇင်ဘာ ၁၇ရက်နေ့က ပေးပို့လိုက်ပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB အပါအဝင် လူထုအခြေပြု၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်း ၂၅၅ ဖွဲ့ရဲ့ အိတ်ဖွင့်ပေးစာကို တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်နိုင်ငံ ပြည်သူတွေကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေးအရ ကူညီအားပေး ထောက်ခံတာ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကို စစ်အုပ်စုနဲ့ မဖြစ်မနေ စေ့စပ်ဆွေးနွေးကြဖို့ အကြပ်ကိုင်ဖိအားပေးတာတွေဟာ စစ်အုပ်စုကို သက်ဆိုးရှည်နိုင်တဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒီလုပ်ရပ်တွေ ချက်ချင်းရပ်တန့်ပြီး မလုပ်ဖို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံနဲ့ တရုတ်အစိုးရအပေါ် မြန်မာပြည်သူလူထုအနေနဲ့ အမျက်ဒေါသထွက်စေမယ့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွား၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေမယ့် လုပ်ရပ်တွေအားလုံးကို အမြန်ဆုံး ရပ်ကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

စစ်အုပ်စုကို ခုခံတော်လှန်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တရုတ်နိုင်ငံတာဝန်ရှိသူတွေက ဖိအားပေး တောင်းဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေကိုလည်း မြန်မာပြည်သူတွေက အလွန်ပဲ ဒေါသထွက်နေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ဒီတောင်းဆိုချက်တွေကို အလေးမထားဘဲ တရုတ်နိုင်ငံက စစ်အုပ်စု သက်ဆိုးရှည်ရေး၊ အာဏာတည်မြဲရေး အတွက် ထောက်ခံပံ့ပိုးတာတွေ ဆက်လုပ်နေမယ်ဆိုရင် မြန်မာပြည်သူလူထုအနေနဲ့လည်း တုံ့ပြန်ဆောင်ရွက်သင့် တာတွေကို ဆက်လုပ်သွားမယ်လို့လည်း ပြောထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ ရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံရေးအုပ်စုတွေရဲ့ အလိုကျ ကြိုးဆွဲမှု၊ လှုံ့ဆော်မှုတွေကြောင့် လုံးဝ မဟုတ်တဲ့အပြင် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံ၊ ကမ္ဘာနိုင်ငံတစ်ရပ်ရပ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတာတွေ မဖြစ်စေရဘူးလို့လည်း အိတ်ဖွင့်ပေးစာမှာ ပြောထားပါတယ်။

HeiSok Khai

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်