၀၈၊ ဇွန်လ၊ ၂၀၂၄
Zalen
ကမ္ဘာပေါ်တွင် ကလေးငယ် ၄ ဦးတွင် ၁ ဦးဟာ ပြင်းထန်တဲ့ အစာရေစာဆင်းရဲမှု ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
“အစာရေစာ လုံလောက်စွာ မစားနိုင်မှုဟာ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာကြီးထွားမှုနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ ရေရှည်အကျိုးသက်ရောက်မှုများ ရှိနိုင်ပါတယ်” လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာစားခြင်းနှင့် အဟာရဓါတ်လုံလောက်စွာ မစားသုံးနိုင်ခြင်းဟာ ကလေးများရဲ့ ဘက်ပေါင်းစုံကြီးထွားမှာ အရေးကြီးပြီးတော့ သူတို့ရဲ့ ရှင်သန်ခြင်းနှင့် တိုးတက်မှုအတွက်လည်း အခြေခံလူ့အခွင့်အရေး တစ်ခုဖြစ်ပါတယ်” လို့ အစီရင်ခံစာမှာ ဆက်လက်ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်က ၅ နှစ်အောက် ကလေးငယ်ပေါင်း ၄၄၀ သန်းခန့်တွင် ၁၈၁ သန်းဟာ တန်းတူညီမျှမှုမရှိခြင်း၊ ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်တဲ့ အစားအစာရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရတယ်လို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီထဲက ၆၅ ရာခိုင်နှုန်းခန့်ဟာ အာဖဂန်နစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် တောင်အာဖရိက အစရှိတဲ့နိုင်ငံများမှာ နေထိုင်တဲ့ကလေးများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီနိုင်ငံများတွင် နေထိုင်သော ကလေးများဟာ တစ်ရက်ကို ထမင်း နှစ်နပ်ထက် ပိုမစားရကြောင်းဆိုပါတယ်။ ကလေးငယ်ပေါင်း ၁၈၁ သန်းတွင် ၄၆ ရာခိုင်နှုန်း သို့မဟုတ် ၈၄ သန်းခန့်ဟာ ဆင်းရဲတဲ့ မိသားစုက ကလေးများဖြစ်ပြီး ၅၄ ရာခိုင်နှုန်း သို့မဟုတ် ၉၇ သန်းကတော့ ဆင်းရဲတဲ့ မိသားစုက မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာကို လေ့လာခြင်းအားဖြင့် ကလေးများဟာ ကောင်းမွန်တဲ့ အစားအစာ မစားနိုင်ရသည့် အကြောင်းဟာ ဝင်ငွေကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ ကျန်းမာရေးနဲ့ အညီညွှတ်တဲ့ အစားအစာ မစားသောက်ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးများ ကောင်းမွန်တဲ့ အစားအစာမွဲတေမှုနောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ကလေးများကို အဟာရဓါတ်ရှိတဲ့ အစားအစာ မကျွေးမွေးနိုင်ခြင်း၊ ကလေးများကို အစားအစာနဲ့ ပတ်သက်ပြီး အလေ့အကျင့်ကောင်းများ မချမှတ်ပေးနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
တစ်ချို့နိုင်ငံများတွင် စျေးပေါသော အစားအစာများကိုစားသုံးခြင်း၊ အဟာရဓါတ်မရှိသော အစားအစာနှင့် စက်ရုံထုတ်အစားအစာများနှင့် သကြားဓါတ်အလွန်အကျူးစားသုံးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
သတင်း – Sabang