HAK
၂၇၊စက်တင်ဘာ၊၂၀၂၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှနဲ့ အင်ဒိုင်းကုန်းရပ်ကွက်မှာ ယမန်နေ့ စက်တင်ဘာ ၂၆ရက်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ရေးတင်းမာနေလို့ ရပ်ကွက်နေပြည်သူအချို့ တိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။
ရပ်ကွက်နေဒေသခံတစ်ဦးက ”မနေ့ ညနေ ၃နာရီခွဲလောက်မှာ စစ်ကား ၃စီးရောက်လာတယ်။ မြို့လှနဲ့မွန်ထားလမ်းကို ပိတ်ဆို့ထားပြီး မြို့လှ အမှတ် ၇လမ်း၊ ကျောင်းနားမှာ စစ်ဆေးရေးတွေလုပ်တယ်။ နောက် အဲဒီမှာရှိတဲ့ စစ်ခွေးတွေကို အဖွဲ့တစ်ဖွဲ့က ဝင်ပစ်ကြတယ်။ ပစ်ခတ်မှု ပြီးတော့လည်း စစ်ခွေးတွေက ရမ်းသမ်းပစ်ခတ်ကြတယ်”လို့ Zalenကိုပြောပါတယ်။
ယမန်နေ့ကစပြီး ယနေ့ချိန်ထိ စစ်ကောင်စီတပ်သား ၄၀ လောက်ကင်းပုန်းဝပ်နေတာကြောင့် မွန်ထာနဲ့မြို့လှရပ်ကွက်ရှိ ပြည်သူတစ်ချို့ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“သူတို့က မြို့လှရပ်ကွက်မှာဆိုရင် သူတို့နေရာယူကင်းချချင်တဲ့ အိမ်ရှင်တွေကိုမောင်းထုတ်ပြီး ငါတို့ တစ်ပတ်နေမယ်လို့ ပြောတာတွေလည်း ရှိတယ်” လို့ဒေသခံတစ်ဦးထံမှ သိရပါတယ်။
ယနေ့မနက်ပိုင်းမှာလည်း မြို့လှရပ်ကွက် အမှတ် ၁လမ်းမှာ စစ်တပ်က စစ်ဆေးရေးလုပ်ခဲ့ ကြောင်းသိရတယ်။ ယခုရက်ပိုင်းတွင် ကလေးမြို့တစ်မြို့လုံးမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး ကလေးမြို့နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းမှာ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်များလည်းနေရာအနှံ့ရှိနေဆဲဖြစ်ပါတယ်။