ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာ လေကြောင်း တိုက်ခိုက်လို့ PDF ၅၀ ကျော် သေဆုံးဆိုတဲ့ သတင်းအမှား

မေ ၁၂၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာကို မေလ ၈ ရက်နေ့၊ ည ၉ နာရီအချိန်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ PDF ရဲဘော် ၅၀ ကျော် သေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်က မေလ ၉ ရက်နေ့က သတင်းရေးသားဖြန့်ချီနေပါတယ်။

Subscribers ၃,၃၂၀ ကျော်ရှိတဲ့ နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်က “ကလေးမြို့နယ်မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက် သုတ်သင် ခံရလို့ စခန်းများ ပျက်စီးပြီး အကြမ်းဖက် ၅၀ ကျော် သေဆုံးကာ အများအပြားဒဏ်ရာရရှိသူတွေရှိတယ်လို့ သိရှိပါတယ်။” လို့ သတင်းရေးသားဖြန့်ချီနေတာဖြစ်ပါတယ်။

သတင်းမူရင်းလင့်ခ်

https://archive.ph/CFJrd

အဲဒီသတင်းကို မနေ့ မေလ ၁၁ ရက်နေ့၊ ည ၉ နာရီအချိန်ထိ ဖတ်ရှူသူ ၅,၉၀၀ ကျော်၊ Reaction ပေးသူ ၃၅ ဦးထိ ရှိပါတယ်။

စိစစ်တွေ့ရှိချက်

Zalen Fact-Checking Teams က စီစစ်ကြည့်တဲ့ခါ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ PDF စခန်းတွေ ပျက်စီးသွားပြီး ၅၀ ကျော်သေဆုံးကာ အများပြားထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဆိုတာ မတွေ့ရှိရပါဘူး။

ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ တပ်စခန်းချထားခြင်း မရှိသလို တပ်စွဲထားခြင်းလည်းမရှိကြောင်း တပ်ရင်းမှူးအဆင့်ရှိသူ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လက်ပံချောင်းရွာက အရပ်သားတွေပဲနေတဲ့ ကျေးရွာဖြစ်တယ်။ ကျတော်တို့ အရပ်သားတွေနေတဲ့ ရွာတွေမှာ တပ်စွဲထားတာ၊ စခန်းချတာတွေမရှိပါဘူး။ မလုပ်ပါဘူး။ ပြီးတော့ မေလ ၉ ရက်နေ့က လေကြောင်း တိုက်ခိုက်လို့ လက်ပံချောင်းရွာက PDF စခန်းတွေ ပျက်စီးတာ၊ ၅၀ ကျော်သေဆုံးတာ၊ အများပြား ဒဏ်ရာရရှိတာလည်း မရှိဘူး။ ဒါပေမယ့် အရပ်သားနေအိမ်တွေ ပျက်စီးသွားတာတော့ရှိတယ်။ အရပ်သားထိခိုက်သေဆုံးမှုတော့ မကြားဘူး။ စကစက ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတော့ ထိခိုက်အနည်းကျဥ်းတော့ရှိကောင်းရှိနိုင်တယ်ပေါ့လေ။”လို့ သူက ဆိုပါတယ်။

မေလ ၈ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ်၊ ည ၉ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်ပျက်စီးသွားပြီး လူထိခိုက်သေဆုံးမှု မရှိဘူး လက်ပံချောင်းဒေသခံတစ်ဦးက ပြောပါတယ်။

“ပထမအကြိမ် ဗုံးကြဲတုန်းကတော့ ရွာထဲက လူနေအိမ် ၅ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်။ လူထိခိုက်သေဆုံးမှုတော့ မရှိဘူးပေါ့။ နောက်တစ်ကြိမ် ည ၉ နာရီကျော်လောက်မှာ ထပ်ဗုံးကြဲပြန်တယ်။ ဘာမှထိခိုက်မှုတော့ မရှိဘူးပေါ့။ တိုက်ပွဲမရှိဘဲ ဗုံးကြဲသွားတာပါ။ ရွာထဲမှာဘာမှမရှိဘူး။ PDF တွေလည်းမရှိဘူး။ PDF စခန်းတွေလည်း မရှိဘူး။”လို့ သူမက ပြောပါတယ်။

ကလေးမြို့နယ်၊ လက်ပံချောင်းရွာ မေလ ၈ ရက်နေ့က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူနေအိမ် ၅ လုံး ပျက်စီးသွားတယ်လို့ ချင်းသတင်းဌာနဖြစ်တဲ့ Zalen မီဒီယာက ဖော်ပြထားပေမယ် PDF ၅၀ ကျော် သေဆုံးတာကိုတော့ ဖော်ပြတာမရှိပါဘူး။

သတင်းမူရင်းလင့်ခ်

https://archive.ph/Jyd1t

သုံးသပ်ချက်

အထက်ပါဒေသခံနဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ မေလ ၈ ရက်နေ့က ကလေးမြို့နယ်၊ လက်ပံချောင်းရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ အချက်လက်မှာ မှန်ကန်ပြီး PDF စခန်းတွေ ပျက်စီးသွားပြီး PDF ၅၀ ကျော် သေဆုံးကာ အများပြား ဒဏ်ရာရရှိဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။ ဒါကြောင့် သတင်းအမှားသာဖြစ်ပါတယ်။

နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းအမှားတွေ နေ့စဥ်ရေးသားဖြန့်ချိနေတဲ့ စစ်ကောင်စီထောက်ခံအားပေး တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်