ကိုယ်စားပြုမှု တိုက်ပွဲ

CNF ဦးဆောင်တဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ ချင်းလူမျိုးစုအားလုံးရဲ့ နိုင်ငံရေးရပိုင်ခွင့်နဲ့ နိုင်ငံရေးအကျိုးအမြတ်ကို ကိုယ်စားပြုရယူပေးဖို့ ဖြစ်ပါတယ်။ 

Chinland Council နဲ့ CNF လက်အောက်ခံ လူမျိုးစုတွေဟာ မိမိတို့လူမျိုးစုရဲ့ နိုင်ငံရေးရပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ အကျိုးအမြတ်တွေကို တဆင်ခံသာ ရယူကြရမှာပါ။

Chin Brotherhood အဖွဲ့ဝင်တွေဟာ နိုင်ငံရေးရပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ အကျိုးအမြတ်ကို တိုက်ရိုက်ကိုယ်စားပြုရယူဖို့ ဖြစ်ပါတယ်။

အမှန်ကတော့ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ချင်းလူမျိုးစုအားလုံးကိုယ်စားပြုဖို့ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့်လည်း ချင်းအမျိုးသားတပ်ဦးအနေနဲ့ ဆောင်ရွက်ချက်မှန်သမျှဟာ ချင်းလူမျိုးကို ကိုယ် စားမပြုဘူးဆိုပြီး ချင်းလူမျိုးစုတွေနဲ့ မြန်မာ့နိုင်ငံ ရေးအသိုင်းအဝိုင်းက ယူဆကြပါတယ်။ NCA လက်မှတ်မထိုးခင်က ကိုယ်စားပြုမှု ခိုင်မာမှုရှိတာကို သက်သေပြပြီး အထောက်အထားနဲ့တင်ပြဖို့ ဗမာ့တပ်မတော်၊ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အစိုးရက CNF ကို တောင်းဆိုခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

CNF အနေနဲ့ ခေါင်းဆောင်ပိုင်းနဲ့ ပါတီဖွဲ့စည်းပုံမှာ လူမျိုးစုအားလုံးပါဝင်အောင် လူပုဂ္ဂိုလ်တွေကို တစ်ဦးချင်းချည်းကပ်ပြီး အစိုးရနဲ့တပ်မတော်ကို တင်ပြခဲ့ရပါတယ်။ အမှန်က လူမျိုးစုအသီးသီးဟာ ညီလာ ခံကျင်းပပြီး လူမျိုးစုကိုယ်စားပြုမှုကို ဖော်ဆောင်ရွေးချယ်ရမှာပါ။ ဒါပေမယ့် ချင်းအမျိုးသားတပ်ဦးအနေနဲ့ ပျက်ကွက်ခဲ့သလို သြဇာခံတွေကိုသာ ရွေး ချယ်ထည့်သွင်းခဲ့ရပါတယ်။ အစိုးရနဲ့တပ်မတော်အနေနဲ့ ဒါကိုသိပေမယ့်လည်း နှစ်ဖက်အဖွဲ့အစည်း အကျိုးစီးပွားကို ရှေ့ရှုပြီး ချင်းအမျိုးသားတပ်ဦးကို NCA မှာ ပါဝင်ဖို့ လက်ခံပေးခဲ့ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ချင်းလူမျိုးစုအသီးသီးဟာ တော်လှန်ရေးအဖွဲ့အ စည်းအသီးသီး ဖွဲ့စည်းထူထောင်လာကြပါတယ်။ ချင်းလူမျိုးစုတွေအသီးသီးဟာ ကိုယ်ပိုင် တော်လှန် ရေး အဖွဲ့အစည်းမတည်ထောင်ပဲ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းအမျိုးသားတပ်မတော်ဆီ ဝင်ရောက်ခြင်းမရှိကြတာဟာ တွေးစရာဖြစ်နေပါတယ်။ အမှန်က ချင်းအမျိုးသားတပ်ဦးဟာ ၂၀၂၁ အထိ တော်လှန်ရေးရေးအဖွဲ့အစည်းအနေနဲ့ နှစ်ပေါင်း ၃၄ နှစ်ကြာ ရပ်တည်လာခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် CNF/CNA ဆီ ဝင်ရောက်မှုဟာ ၁၀ ရာခိုင်နှုန်းအောက်လောက်သာ ရှိပါတယ်။ ဒီရာခိုင်နှုန်းဟာ အင်မတန်နည်းပါးလှတဲ့ ရာခိုင်နှုန်းဖြစ်ပါတယ်။ သို့သော် ၂၀၂၀ မတိုင်ခင်က CNFရဲ့ အင်အားဟာ ၂၀၀ အောက်သာ ရှိရာက ၂၀၂၁ နောက်ပိုင်းမှာတော့ CNF ရဲ့ အင်အားဟာ ၂၀၀၀နဲ့ ၃၀၀၀ကြား ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်အာဏာသိမ်းမှုဟာ CNF အတွက်တော့ အင်မတန် ကြီးမားတဲ့ အခွင့်အရေးဖြစ်သွားခဲ့ပါတယ်။

အနာဂတ် ချင်းနိုင်ငံရေးနဲ့အကျိုးအမြတ်ကို ကိုယ် စားပြုနိုင်ရေးအတွက် CNF ရဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားမှုဟာ  ထင်သလောက်အောင်မြင်မှုမရခဲ့ဘဲ လမ်းတဝက်မှာ အကြိမ်ကြိမ် ကျိုးပျက်နေခဲ့ရပါတယ်။ (ဥပမာ- ICNCC မှာ ပဋိပက္ခဖြစ်ရပြီး CJDC ဟာလည်း ပဋိပက္ခနဲ့ ဖျက်သိမ်းအဆုံးသတ်ခဲ့ရခြင်း ဖြစ်ပါတယ်။) နောက်ဆုံး  ချင်းပြည်အစိုးရကို ဖွဲ့စည်းရာမှာလဲ CNF ချုပ်ကိုင်နိုင်မယ့် ချင်းပြည်အစိုးရကိုသာ ဖွဲ့စည်းခဲ့ပြန်ပါတော့တယ်။ ချင်းပြည်အစိုးရ ဖွဲ့စည်းမှုနောက်ကွယ်က အဓိကအကြောင်းအရင်းဟာ CNF ချုပ်ကိုင်တဲ့ ချင်းနိုင်ငံရေးနဲ့ အ ကျိုးအမြတ်ကို ကိုယ်စားပြုနိုင်ရေး ဖော်ဆောင်ရန်နောက်နည်းလမ်းတမျိုးသာ ဖြစ်ပါတယ်။ အားလုံးကို ခြုံကြည့်ရရင် ကိုယ်စားပြုမှုကို အခိုင်အမာတည်ဆောက်ဖို့ ကြိုးစားမှုတွေသာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ နောက်ဆုံး အကျိုးဆက်အနေနဲ့ ချင်းညီနောင် ပေါ်ပေါက်လာခဲ့ရခြင်းပါပဲ။ 

ချင်းညီနောင်ကို လေ့လာကြည့်သလောက် တွေ့ရှိရတဲ့အချက်အလက်တွေဟာ ချင်းပြည်အနေအထားနဲ့ အင်မတန်ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်။ ဘုံရန်သူကို တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ရေးအရ ပူး ပေါင်းမှုအပြည့်အဝ တည်ဆောက်ထားပါတယ်။ နိုင်ငံရေးအရ သီးခြားစီ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြသလို အုပ်ချုပ်ရေးမှာလဲ သီးခြားစီနဲ့ လွတ် လပ်စွာ စီမံဆောင်ရွက်ပိုင်ခွင့် ရှိကြတာတွေ့ရပါတယ်။ နိုင်ငံရေးနဲ့အုပ်ချုပ်ရေးမှာ အဖွဲ့ဝင်တွေကြား ဝင်ရောက်မစွက်ဖက်ကြပါဘူး။ လွှမ်းမိုးချုပ် ကိုင်ဖို့ မကြိုးစားကြပါဘူး။ လူမျိုးစု (သို့) အဖွဲ့အစည်းအ ချင်းချင်းကြား လေးစားအသိအမှတ်ပြုမှု ကြီးမားပါတယ်။ ဒီအတိုင်းသာ ချင်းပြည်ရှိ တော်လှန်ရေးအဖွဲ့အစည်းတိုင်း ရပ်တည်ကြရင် ပဋိပက္ခ အလွန် နည်းပါးမှာ မုချပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီစနစ်ဟာ ချင်းဖြစ်တည်မှုရဲ့ စစ်မှန်တဲ့ အနှစ်သာရဖြစ်လို့ပါ။

CC၊ CNF နဲ့ CB တို့ရဲ့ ခြားနားချက်ဟာ နိုင်ငံရေးအရ ကိုယ်စားပြုမှု သဘောထားအမြင် အယူအဆကွဲလွဲချက်​ဖြစ်ပါတယ်။ CC ဟာ CC လက်အောက် ခံလူမျိုးစုတွေကို နိုင်ငံရေးနဲ့စစ်ရေးအားလုံးမှာ ကိုယ်စားပြုပါတယ်။ CB ဟာ စစ်ရေးမှာ ပေါင်း စည်းပြီး နိုင်ငံရေးမှာ သီးခြားစီတိုက်ရိုက်ကိုယ်စားပြုကြပါတယ်။  CC ဟာ ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးတဲ့အတွက် CC အဖွဲ့ဝင်တွေဟာ CC ရဲ့ အမိန့်နဲ့ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက်ကြရမှာပါ။ CB ဟာ ကွန်ဖက်ဒရိတ်စနစ်ကို ကျင့်သုံးတဲ့အတွက် သီးခြားစီ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့်ရှိကြပါတယ်။ မစွက်ဖက်ကြပါဘူး။ အာဏာရှင်စနစ်နဲ့ ဖက်ဒရယ်စနစ်လို ကွာခြားပါတယ်။ သို့သော်လည်းပဲ ခေတ်ကာလနဲ့ ညီညွတ်တဲ့ စနစ်ကို ဖော်ဆောင်တတ်ဖို့တော့ လိုပါလိမ့်မယ်။ 

တိုက်ရိုက်ကိုယ်စားပြုခြင်းနဲ့ တဆင့်ခံကိုယ်စားပြုခြင်းရဲ့ အကျိုးရလဒ်ဟာ လုံးဝမတူသလို အနှစ် သာရလဲ မတူပါဘူး။ ဒီ ကိုယ်စားပြုမှုစနစ် ပုံစံ၂ ခုကြားမှာ ပဋိပက္ခဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်စီ နိုင်ငံရေးအကျိုးအမြတ်နဲ့အကျိုးစီး ပွားကြောင့်ဖြစ်ပါတယ်။ CCနဲ့ CNF အောက်ကနေသွားနေတဲ့ ချင်းလူမျိုးစုတွေဟာ CC နဲ့ CNF ကတဆင့်သာ မိမိတို့ လူမျိုးစုတို့ရဲ့ နိုင်ငံရေး အကျိုးအ မြတ်ကို ရရှိကြရတော့မှာဖြစ်ပါတယ်။ တိုက်ရိုက်ဆောင်ရွက်လို့ မရကြတော့ပါဘူး။ CCနဲ့ CNF ပေးသလောက်သာရရှိကြမယ့် သဘောပါပဲ။ တစ်ခုတော့ ရှိတာပေါ့။ မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်အပြည့်အဝ ရနိုင်မယ့် ခိုင်မာပြီး အာမခံချက်ရှိတဲ့ သဘောတူညီချက် စာချုပ်(သို့) ပဋိဥာည် ထားရှိဖို့တော့ လိုပါတယ်။

CB အဖွဲ့ဝင်တွေဟာ မိမိတို့လူမျိုးစုရဲ့ နိုင်ငံရေးအကျိုးကို တိုက်ရိုက်ဆောင်ရွက်ခွင့်ရှိကြပါတယ်။ တဆင့်ခံမဟုတ်ပါဘူး။ CC ၊ CNF တို့နဲ့ နိုင်ငံ​ရေးအရ တန်းတူဖြစ်ကြတယ်လို့ ပြောရမှာပါ။

ဆိုလိုတာက CC နဲ့ CNF အောက်က ချင်းလူမျိုးစုနဲ့ CB အဖွဲ့ဝင် ချင်းလူမျိုးစုတွေရဲ့ နိုင်ငံရေးအခွင့်အရေးနဲ့အကျိုးဟာ လုံးဝမတူပါဘူး။ အလွန်ပဲ ခြားနားသွားကြပါပြီ။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို လူမျိုးစုအဆင့်ကနေ အမြူတေသန္ဓေတည်ပေးရမယ် မဟုတ်လား။

လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တိုက်ရိုက်ကိုယ်စားပြုမှုကို ဆောင်ရွက်နိုင်ဖို့အရေးဟာ နိုင်ငံရေးစားပွဲဝိုင်းကို ကိုင်တွယ်သူရဲ့ အသိ အမှတ်ပြုမှုရရှိဖို့လည်း အင်မတန်အရေးကြီးသလို လို အပ်ပါတယ်။ တခြားသော EAOs တွေရဲ့ အသိ အမှတ်ပြုမှုနဲ့ ထောက်ခံမှုလဲ အရေးကြီးသလို လို အပ်ပါတယ်။ တိုက်ရိုက်ကိုယ်စားပြုနိုင်ရေး ကြိုးပမ်းဦးတည်တဲ့ ချင်းလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းတွေဟာ တခြားသော နိုင်ငံရေးအဖွဲ့အစည်းများ၊ EAOများ၊ နိုင်ငံရေးစားပွဲဝိုင်းကို ချုပ်ကိုင်သူက အသိအမှတ်မပြုကြရင် ကြိုးစားသမျှ၊ စတေးခဲ့သမျှ သဲထဲရေသွန်သလို ဖြစ်သွားနိုင်တာလည်း ကြိုတွေးထားကြဖို့ လိုပါလိမ့်မယ်။ CCနဲ့ CNF ကြောင့်သာ CB အဖွဲ့ဝင်တွေ ပြိုကွဲသွားရင် (သို့) CCနဲ့ CNF အောက်ရောက် သွားရင် အားလုံးဟာ တဆင့်ခံ နိုင် ငံရေးအဖြင့် ရှင်သန်ရပ်တည်ကြရမှာပါပဲ။ တစ်ခုတော့ ရှိတယ်။ CC ၊CNF အနေနဲ့ CB အဖွဲ့ဝင်တွေကို ဘယ်လောက် အထိ လိုက်ပြီး ပိတ်ပင်တားဆီးနိုင်မလဲ၊ ဖိအား​ပေးနိုင်မလဲ၊ ဖျက်ဆီးနိုင်မလဲ၊ ဖြိုခွဲနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ 

ချင်းပြည်အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ အဓိကမူဝါဒဖြစ်ဟန်ရှိတဲ့ 

၁။ ချင်းလက်နက်ကိုင်အဖွဲ့အစည်းအားလုံး CNF ရဲ့ ထိန်းချုပ်မှုနဲ့လမ်းညွှန်ကွပ်ကဲမှုအောက်မှာ ရှိရမယ်။ 

၂။ ချင်းလက်နက်ကိုင်အဖွဲ့အစည်းများ ULA/AA 

နှင့် မဟာမိတ်ဖွဲ့မှု၊ ပူး​​ပေါင်းဆက်ဆံရေး မထူ ထောင်ရ။ ULA/AA နဲ့ မိတ်ဖက်ဆက်ဆံရေး ထူ ထောင်သည့် ချင်းလက်နက်ကိုင်ဟူသမျှ ချေမှုန်းရမည်။

၃။ ချင်းအမျိုးသားတပ်ဦး/CNAသည် ချင်းပြည်ကို ကိုယ်စားပြုသည့် တစ်ခုတည်းသော နိုင်ငံရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်းဖြစ်သည်။ အခြားမည်သည့် ချင်းအဖွဲ့အစည်းမျှ ကိုယ်စားပြုခြင်းမရှိစေရဆိုတဲ့ မူဝါဒကို ပြုပြင်ပြောင်းလဲခြင်းမရှိသမျှတော့ ချင်းနိုင်ငံရေးပဋိပက္ခဟာ အဆုံးသတ်ဖို့ မဖြစ်နိုင်ပါဘူး။

ချင်းနိုင်ငံရေးကို ချည်းကပ်ရာမှာ လူမျိုးတမျိုးရဲ့ အမျိုးသားရေးပုံသဏ္ဍာန်နဲ့ ချည်းကပ်လို့မရနိုင်ဘူးလို့ ယူဆတယ်။ လူမျိုးစုများတဲ့ ပြည်(သို့) နိုင်ငံမှာ အမျိုးသားနိုင်ငံရဲ့ အမျိုးသားရေးပုံစံနဲ့ တည် ဆောက်လို့မရပါဘူး။ ပြည်ထောင်စုစနစ်လို ရှုမြင်ချည်းကပ်ရမှာပါ။  တပြည်ထောင်စနစ်လို တည် ဆောက်ရင် ပဋိပက္ခကိုသာ မွေးသလို၊ ဖန်တီးသလို ဖြစ်သွားစမြဲပါပဲ။ အတင်းအဓမ္မ တည်ဆောက်ရင် လူမျိုးရေးပဋိပက္ခအသွင် ကူးပြောင်းသွားတတ်ပါတယ်။ ယခုလက်ရှိအနေအထားအတိုင်းသာ ဆက်သွားနေရင် ကိုယ်စားပြုမှု ပဋိပက္ခကို အဆုံးသတ်လို့ရမှာမဟုတ်ဘူးလို့ ယူဆရတယ်။ 

ချင်းပြည်အတွင်း ပြန်လည်​တည်ဆောက်ရေး စီမံ ကိန်း အကောင်အထည်ဖော်မှုအတွက် အုပ်ချုပ်ရေးစက်ယန္တရားလည်ပတ်နိုင်ဖို့ နယ်မြေထိန်းချုပ်ရေးနဲ့ စိုးမိုးရေး၊ အခွန်နဲ့ဘဏ္ဍာရေး၊ တရားစီရင်ရေးကဏ္ဍ ကိစ္စရပ်တွေကို လည်ပတ်နိုင်ဖို့ ၂ ဖက်ကြား မှာ ထိပ်တိုက်မှု တိုးလာဖို့ရှိပါတယ်။ ချင်းပြည်ရှိ စကစစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ နောက် ပိုင်းမှာ ပဋိပက္ခပိုကြီးထွားလာမယ်လို့ သုံးသပ်ရပါတယ်။ 

CC/CNF နဲ့ CB ကြားက အယူအဆ၊ သဘောထားအမြင်ကွဲလွဲမှုကို ပြေလည်စေနိုင်မယ့် တခုတည်းသော အဖြေဟာ လူမျိုးစုတိုင်းရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို လက်ခံပေးဖို့ပါပဲ။ သီးခြား(သို့) တိုက်ရိုက် ကိုယ်စားပြုမှုကိုလဲ လက်ခံရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၎င်းတို့အသီးသီးရဲ့ သမိုင်းကြောင်းအရ သီးခြားကိုယ်စားပြုပိုင်ခွင့်ဟာ ချင်းလူမျိုးစုတိုင်းမှာ ရှိနေလို့ပါ။ လူမျိုးစုအသီးသီးက သီးခြားလွတ်လပ်စွာမဟာမိတ်ဆက်ဆံရေးတွေ ထူထောင်ခွင့်ရှိရပါမယ်။  ဘုံကိုယ်စားပြုမှုကို တည် ဆောက်ချင်ရင် စစ်မှန်ပြီး အာမခံချက် အပြည့်အဝ ရှိတဲ့ ချင်းပဋိဥာည်ကို ရေးဆွဲကြရပါလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။

CNF မှာ အားသာချက်များစွာရှိသလို CB မှာလဲ ချင်းပြည်နဲ့ကိုက်ညီတဲ့ စနစ်ကျင့်သုံးမှုရှိနေတာတွေ့ရပါတယ်။ CNF ရဲ့ အားသာချက်နဲ့ CB ရဲ့ ဖွဲ့စည်းကျင့်သုံးမှုစနစ်ကို ပေါင်းစပ်ပြီး ချင်းနိုင်ငံရေးလမ်းပြမြေပုံအသစ်တစ်ခု ရေးဆွဲဖို့ မျှော်လင့်မိကြောင်းပါ။ 

Khaisa

24/5/2024 on Friday @ 11:58 Am (In)

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်