ကျင်ဒွေးတိုက်ပွဲမှာအကြွေးတင်ခဲ့တဲ့ ကျပ်သိန်းတစ်ထောင် ပြန်ဆပ်နိုင်ဖို့ ထောက်ပံ့ပေးကြရန် CDF-Kanpetlet အကူညီတောင်းခံ

၁၀၊ မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ကုန်ကျခဲ့တဲ့ စစ်အသုံးအဆာင်ပစ္စည်း အတွက် အကြွေးပေးဆပ်ရန် ကျပ်သိန်း တစ်ထောင်လိုနေတာကြောင့် ပြည်သူများအနေနဲ့ ကူညီထောက်ပံ့ပေး ကြရန် CDF-Kanpetlet က အကူအညီတောင်းထားပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဖြစ်တဲ့ ချင်းညီနောင်စစ်ဆင်ရေးမှာ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးနဲ့ ဆေးပစ္စည်း များအတွက် ကုန်ကျစရိတ်များစွာရှိခဲ့ကာ CDF-Kanpetlet အနေနဲ့ ပြန်လည်ပေးဆောင်ဖို့ ကျပ် သိန်းတစ်ထောင် ကျန်နေသေးတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာ ရတဲ့လူနာတွေကို အချိန်မှီကုသနိုင်ဖို့ ပြည်သူများချွေးနဲစာများထဲကနေ ထည့်ဝင်လှူဒါန်းတဲ့ အလှူငွေများ ထပ်မံလိုအပ်နေတယ်လို ဆိုပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို CDF-Kanpetlet နဲ့မဟာမိတ်တပ်ပေါင်းစုတို့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ကျင်ဒွေးမြို့မကျဖို့အတွက် လေကြောင်း၊လက်နက်ကြီး တို့အပြင် စစ်ကူဖြည့်တင်းမှုတွေလုပ်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ကနေ “အာရက္ခတပ်တော်” AA ရဲ့ စစ်ရေးဦးဆောင်မှုဖြင့် ချင်းညီနောင်စစ်ဆင်ရေးကို အရှိန်မြှင့်ခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်မှာ ကျင်ဒွေးမြို့ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်တွင် ကျင်ဒွေးမြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ပျူစောထီး အင်အား ၅၀၀ ခန့်ကျန်ရှိနေတာကြောင့် တော်လှန်ရေးတပ်ပေါင်းစုများက လိုက်လံတိုက်ထုတ်နေရဆဲဖြစ်ပါတယ်။

ဒါ့ကြောင့် ချင်းပြည်နယ်ကန်ပက်လက် မြို့နယ်အတွင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ထုတ်နိုင်ဖို့နဲ့ စစ်အသုံးစရိတ်များပြန်လည်ဖြည့်တင်းနိုင်ဖို့ CDF-Kanpetlet ကိုအထူးဦးစားပေးထောက်ပံ့ ပေးကြရန် ပြည်တွင်းပြည်ပက မိဘပြည်သူများထံ CDF-Kanpetlet ကအားကိုးစွာနဲ့ အကူအညီတောင်းခံ ထားတာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်