ကျွန်တော်တို့ အားပြုသင့်သော လမ်းစဥ်

Khaisa

နယ်ချဲ့အင်္ဂလိပ်၏ လွတ်လပ်ရေးသည် စစ်အာဏာ ရှင်ကို မွေးထုတ်ပေးလိုက်သကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်းမှာ မျှခြေညီသော နိုင်ငံရေးအသိ အမြင်မရှိကြသောကြောင့်ဟု ယူဆနိုင်ကောင်း၏။

ဗမာလူမျိုး၊ ကရင်လူမျိုးများ၊ ရှမ်းလူမျိုးများမှလွဲ၍ ခေတ်သစ်(သို့)ခေတ်ကြိုနိုင်ငံရေးသဘော တရားများကို ထိုးထွင်းသိမြင်နားလည်သဘော ပေါက်သော လူမျိုးများမှာ လွတ်လပ်ရေးခေတ်ဦး၌ မရှိသလောက်ပင်ဖြစ်သည်ဟု ယူဆမိပါသည်။

ထို့အပြင် နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီကျွန်ဘဝအတွင်း ဗမာနိုင်ငံရေးသမားများ တွေ့ကြုံ သိမြင်နေသော အင်္ဂလိပ်တို့၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးစနစ်ကို ဗမာနိုင်ငံရေးသမားများအနေဖြင့် မိမိတို့၏ မသိစိတ်တွင် ကိန်းအောင်းကြီးစိုးလွှမ်းမိုးနေသည်ကို မိမိတို့ကိုယ်ကိုယ်တိုင် မသိဖြစ်နေခဲ့ကြဟန်တူပါသည်။ ထို့အပြင် ဗမာဘုရင်တို့၏ သက်ဦးဆံပိုင်အုပ်ချုပ်ရေးဘုရင်စနစ်နှင့် ကြီးပြင်းလာခဲ့ကြသည်ဖြစ်ပေရာ အာဏာနှင့်အခွင့်ထူးခံလူတန်းစားကို တပ်မက်သော စိတ်ဓာတ်အခြေခံကလည်း ဗမာလူမျိုးစိတ်နှင့် အသွေးအသားတွင် ကိန်းအောင်းနေသည်ဟု ယူဆရသည်။ ထို့ကြောင့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးပုံနှင့် လက်ဆင့်ကမ်းပုံကို လေ့လာပါက အင်္ဂလိပ်တို့၏ နိုင်ငံရေးနှင့် ဗမာဘုရင်တို့၏ အုပ်ချုပ်ရေးစနစ်များ ရောထွေးနေ သည်ကို တွေ့ရ၏။

ဗမာလူမျိုးကြီးစိုးရေးဝါဒ၊ အာ ဏာရှင်လူတစ်စု ချုပ်ကိုင်လွှမ်းမိုးအုပ်ချုပ်ရေး၊ ကန့်သတ်ချုပ်ခြယ် ဖိနှိပ်မှုနှင့် သွေးခွဲရေးစနစ်တို့ကို ကျင့်သုံးခဲ့ကြသည်ကို လေ့လာတွေ့ရှိခြင်းအားဖြင့် အင်္ဂလိပ်နှင်ဗမာဘုရင်တို့၏ နိုင်ငံရေး ခင်းကျင်းတည်ဆောက်ပုံနှင့်အုပ်ချုပ်ပုံ ရောထွေးနေသည်ကို သိနိုင်ပါသည်။အမှန်အားဖြင့်လွတ် လပ်ရေးရရှိပြီးခေတ်ကာလ လွတ်လပ်သောနိုင်ငံတွင် လွတ်လပ်သော လူမျိုးများအဖြင့် ရှင်သန်ကြရမည်ဖြစ် သည်။ အမျိုးသားပြည်ထောင်များစုစည်းသော ပြည်ထောင်စုသည်လည်း တန်းတူသော နိုင်ငံရေးဆောင်ရွက်မှု ရှိရမည်သာ ဖြစ်သည်။ တန်းတူသော ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ် ပိုင်ရွေးချယ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ် ပိုင်တည်ဆောက်ခွင့်တို့သည် အခြေခံလူ့အခွင့်အရေးအပေါ် အခြေ တည်ထားရမည်ဖြစ်သည်။ ဤသည်သာလျှင် ပြည် ထောင်စုမပြိုကွဲရေး၏ အဓိက မဏိုဋ်သော့ချက် ဖြစ်၏။

သို့သော်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးဟူသော အဓိပ္ပါယ်နှင့် ဦးတည်ချက်မှာ လွဲချော်နေပြီး ဗမာ့တပ်မတော်နှင့် ဗမာလူမျိုးအတွက်သာ ရည်ရွယ်ထားသည်ကို သိမြင်ခဲ့ကြသောကြောင့် အမျိုးသားပြည်ထောင်များမှ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ဖြင့် အကာ အကွယ်ယူကာ ခုခံခဲ့ကြခြင်းဖြစ်သည်ကို ယခုတော်လှန်ရေးကာလရောက်မှ ဗမာတော်လှန်ရေး သမားများနှင့် နိုင်ငံရေးသမားများအနေဖြင့် သဘောပေါက်ကြမည်ဟု ယုံကြည်ရပါသည်။

အမျိုးသားပြည်ထောင်များ မျှော်မှန်းသော နိုင်ငံ ရေးနှင့် အုပ်ချုပ်ရေးစနစ်ကို ဥပက္ခါပြုပြီး ပြည် ထောင်စုအတွင်းပါဝင်သည့် အမျိုးသားပြည် ထောင်များကို ကိုလိုနီသဘောဖြင့် ရှုမြင်အုပ်ချုပ်လာသည့် ဗမာနိုင်ငံရေးသမားများသည် ဗမာ့တပ်မတော်ကို အာဏာ၏ ကျောရိုးအဖြင့် တည် ဆောက်ခဲ့ကြသည်။ ဗမာ့တပ်မတော်သည်လည်း နိုင်ငံရေးအတွင်းအလိုလိုပါဝင်ပြီးသားဖြစ်သွားပြီး ဗမာ့တပ်မတော်သည် ပြည်ထောင်စုနိုင်ငံရေးနှင့် အုပ်ချုပ်ရေးဗဟိုချက်အဖြင့် ပြောင်းလဲသွား​ပါတော့၏။ ပြည်ထောင်စုအာဏာကို ရေရှည်ထိန်း ချုပ်နိုင်ရန် နိုင်ငံရေးအရ ကိုယ်စားပြုမှုလိုအပ်သည်ကို သဘောပေါက်သော ဗမာ့တပ်မတော်သည် ဗမာလူမျိုးများကို အသုံးချခဲ့၏။အစိုးရအုပ်ချုပ်ရေးတွင် ဗမာကြီးစိုးရေးကို ဖော်ဆောင်ကြပါတော့သည်။ အပြင်ပန်းသဏ္ဍန်တွင် ဗမာလူ မျိုးကိုယ်စားပြုသယောင်ဖြစ်၍ လူမျိုးကြီးဝါဒကို ​လက်ကိုင်ပြုထားသော်လည်း အမှန်တကယ်တွင် စစ်အာဏာရှင်လူတစ်စု အာဏာတည်မြဲရေးကို တည်ဆောက်နေခြင်းသာ ဖြစ်တော့၏။

ဗမာဘုရင်များ၏ မိမိတို့ ထီးနန်းတည်မြဲရေးအ တွက် သစ္စာရှိလူယုံများကို ရွေးချယ်ရာထူးခန့်ထားသော စနစ်ကို ကျင့်သုံးခြင်းပင် ဖြစ်၏။ စစ်အာရှင်ခေါင်းဆောင်များ၏ မိသားစုဆွေစဥ်မျိုးဆက်များကို လေ့လာကြည့်ပါက ကွန်ယက်သဖွယ် အပြန် အလှန်ဆွေမျိုးတော်စပ်နေကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ စစ်အာဏာတို့၏ မြန်မာ့အမျိုးသားနိုင်ငံရေးကို ရည်ညွှန်းခြင်းသည် ဗမာလူမျိုး၏ အမျိုးသားအကျိုးစီးပွားကို ဖော်ညွှန်းနေ​သယောင်ဖြင့် စစ်အုပ်စု၏ အကျိုးစီးပွားကို ပင်မအနေဖြင့် ဖော်ဆောင်နေခြင်းသာ ဖြစ်၏။ ထို့ကြောင့် စစ်အာဏာရှင်များ၊ နိုင်ငံရေးကတိကဝတ် သစ္စာမဲ့သော ဗမာနိုင်ငံရေးသမားများ၏ အသုံးချခံဘဝတွင် ရှင်သန်နေရသော ဗမာလူမျိုးတစ်မျိုးတည်း၏ နောက်ဆုံး ရလဒ်မှာ ကျန်သည့် အမျိုးသားပြည်ထောင်များ၏ မုန်းတီးမှုနှင့် မကျေနပ်ခြင်းကို ခံနေကြရခြင်း ဖြစ် သည်ကို ဗမာတော်လှန်ရေးနှင့် နိုင်ငံရေးသမားတိုင်း လုံးဝ မမေ့သင့် မမေ့အပ်သော အရာဖြစ်သည်။ 

စစ်အာဏာရှင်များ၊ ဗမာအမျိုးသားဝါဒီ နိုင်ငံရေး သမားများအနေဖြင့် ဗမာလူမျိုးသာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ပင်မအာဏာပိုင်ရှင်များဖြစ်သည်ဟူသော အယူအဆကို နာဇီဂျာမနီများကဲ့သို့ ရိုက်သွင်းကျင့်သုံး ဖော်ဆောင်ကြပါသည်။ သို့ဖြင့် ဗမာလူမျိုးများသည် စစ်အာဏာရှင်တို့၏ လူမျိုးရေး အသုံး ချခံနေရမှုကို လုံးဝ သတိမူခြင်း မရှိခဲ့ကြပေ။ ဗမာနိုင်ငံရေးသမားအများစုကို ဖိနှပ်ထားခြင်း၊ ဗုဒ္ဓဘုန်းကြီးများကို ရိုက်နှက်ဖမ်းဆီးခြင်း၊ ဘုရားစေတီပေါ် စစ်ဖိနပ်ဖြင့် တက်ရောက်နင်းချခြင်း၊ ဗမာလူမျိုးများအတွင်း စစ်အာဏာရှင်အသိုင်း အဝိုင်းနှင့် ကွက်ယက်မှလွဲ၍ ကြီးပွားနေသူများ မရှိဘဲ လူတန်းစားကွာဟမှု ကြီးမားနေခြင်းတို့ကို လေ့ လာတွေ့ရှိခြင်းအားဖြင့် ဗမာလူမျိုးများသည် အ သုံးချခံဘဝတွင် ကျရောက်နေကြသည်ကို တွေ့နိုင်၏။ နောက်တချက်မှာ ဗမာလူမျိုးများအနေဖြင့် အာဏာမက်မောသော ဗီဇရှိနေကြခြင်းသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခဲ့သည်ဟု လုံးဝ ယူဆရပါသည်။

ဗမာလူမျိုးများ၏ ရာဇဝင်ကို လေ့လာပါက အာဏာပိုင်များ၊ ဘုရင်များကို တော်လှန်ပုန်ကန်ကြခြင်းသည် စနစ်ကို ပြောင်းလဲပစ်ရန် နိုင်ငံရေးခံယူချက်ကြောင့်မဟုတ်ပဲ အာဏာလွှဲ ပြောင်းရယူ ဆက်ခံရေးသာ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်မှာ ​ထူးခြားချက်ဖြစ်ပါသည်။ ယခုတော်လှန်ရေးကာလအတွင်းတွင်လည်း သတိထားရမည့် အချက်ဖြစ်သည်။ အကြောင်းမှာ ဗီဇသည် အခွင့်အရေးပေါ်တိုင်း ပြန်လည် ပေါ်ပေါက်တတ်သော သဘောသဘာဝ ရှိခြင်းကြောင့်ပင် ဖြစ်ပါ သည်။ 

ဗမာနိုင်ငံရေးသမားများ ပြည်ထောင်စုစနစ်နှင့် သက်ဆိုင်သော နိုင်ငံရေးမူဘောင်များကို ဖော်ဆောင်ရာတွင် စိတ်ထားမှန်ကန်မှု အားနည်းတတ်ကြသည်ကို လွတ်လပ်ရေးရယူပြီးကတည်းက စတင်သော ဖဆပလ အစိုးရမှ NLD အစိုးရ ၂၀၂၀ အထိ ဖြစ်သည်။ လွတ်လပ်ရေးရပြီးချိန်မှ စ၍ ပြည်ထောင်စု နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို (၃) ကြိမ်ရေးဆွဲအတည်ပြု ကျင့်သုံးခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း အမျိုးသားပြည် ထောင်များလိုလားသော ခြေ/ဥမျိုး တစ်ကြိမ်မှ ရေးဆွဲပြဌာန်းခြင်း မရှိခဲ့ပေ။ ဗမာနိုင်ငံရေး သမားများတွင် စစ်မှန်သော ပြည်ထောင်စုမူကို အခြေခံသော နိုင်ငံ ရေးသဘောထားအယူအဆပျောက်ဆုံးနေခဲ့ပါ သည်။ ပြည်ထောင်စုလွှတ်တော်ကြီးစိုးရေးအတွက် ဗမာပြည်နယ်မဖွဲ့စည်းရုံသာမက တိုင်းဒေသ (၇) ခုပင် ရယူတည်ဆောက် ဖွဲ့စည်းထားခဲ့ကြသည်။ ဗမာ့နိုင်ငံရေး ခိုင်မာဖို့ရန်အတွက် ဗမာ့စစ်တပ်ကိုပင် ကျောရိုးအဖြင့် ရှုမြင်အသိအမှတ်ပြုနေခဲ့ကြသည်ဟု ယူဆစရာ ဖြစ်နေသည်။ ဗမာနိုင်ငံ ရေးသမားများသာ စစ်မှန်သော ပြည်ထောင်စုမူကို လက်ခံပါက လွတ်လပ်ရေးရရှိသည့် ကာလတလျှောက်လုံး ခေတ်အဆက်ဆက်အစိုးရများ၏ ပြုပြင်ပြောင်းလဲရေးသည် များစွာတိုးတက်ပြောင်း လဲနိုင်ခြေများစွာ ရှိပါသည်။ ဗမာလူမျိုးတမျိုး၏ လက်ဝယ်တွင် အမျိုးသားပြည်ထောင် (၇) ခု၏ ကံကြမ္မာတည်ရှိနေခြင်းလောက် အန္တရာယ်များသော နိုင်ငံရေး မရှိတော့ပေ။ ဗမာနိုင်ငံရေးသမားများကလဲ အရေးမထားကြသည်မှာ မယုံကြည်နိုင်စရာပင် ဖြစ်သည်။ ထို့ကြောင့် ဗမာလူမျိုးများတွင် အာဏာတပ်မက်သော ဗီဇရှိသည်ဟု ရဲဝင့်စွာ စွပ်စွဲလိုက်ခြင်း ဖြစ်ပါသည်။ ထို့ပြင် ဗမာနိုင်ငံရေး သမားများသည် နိုင်ငံရေးကတိက ဝတ်သစ္စာ ခိုင်မာတည်မြဲသူများမဟုတ်ကြသည်ကို နယ်ချဲ့အင်္ဂလိပ်ခေတ် နိုင်ငံရေးအနေအထားများ၊ အခြေ အနေများကို လေ့လာပါက အချက်အလက်အကြောင်းအရာများစွာ တွေ့ရှိရပါသည်။ နိုင်ငံရေး

သစ္စာမဲ့ လုပ်ရပ်ကြောင့် ရာစုနှစ် တစ်ခုအထိ တိုင်းပြည်တစ်ခုလုံး အခြေခံလူ့အခွင့်အရေး နစ်မွန်းခဲ့ရပြီး ဖိနှိမ့်မှု၊ အကြမ်းဖက်မှုမျိုးစုံ ခါးစည်းခံကြုံတွေ့ခဲ့ရသည်ကို မမေ့သင့်ပေ။ ၂၀၂၁ ပြည်လုံးကျွတ်တော်လှန်ရေးကာလတွင်လည်း နိုင်ငံရေးနှင့် တော်လှန်ရေး ကတိကဝတ်သစ္စာမဲ့သူများ မရှိနိုင်ဟု တထစ်ချ ယုံကြည် ယူဆ၍ မရသည်ကို သတိမူရမည် ဖြစ်သည်။

တဖက်တွင် အမျိုးသားပြည်ထောင်များမှ နိုင်ငံ ရေးသမားများနှင့် တော်လှန်ရေးခေါင်းဆောင် တစ်ချို့သည်လည်းနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် အား နည်းချက်များ ရှိခဲ့ကြသကဲ့သို့ ရှင်းလင်း ပြတ်သားသောခိုင်မာသော နိုင်ငံရေးလမ်းစဥ်နှင့် မူဘောင်ကို မချမှတ်နိုင်ခဲ့ကြပေ။ နိုင်ငံရေးသာကူးများ ရှိခဲ့ကြသလို တော်လှန်ရေးကိုအသက်မွေးဝမ်း ကျောင်းမှုတစ်ခုနှင့် ပုဂ္ဂလိက စီးပွားရေးသဖွယ် သဘောထားလာကြသည်ဟု ယူဆနိုင်စရာ အကြောင်းရင်းများစွာ တွေ့ရှိနိုင်ပေသည်။ နိုင်ငံရေးနှင့် တော်လှန်ရေးကို အကြောင်းပြကာ ယုံကြည်နိုင်စရာ မကောင်းလောက်အောင်ချမ်းသာသွားကြသူများ၊ အခွင့်အရေးများစွာ ရယူသွားသူ များ၊ နိုင်ငံရေးနှင့် တော်လှန်ရေးကို စီးပွားကုန်သွယ် ရေးအဖြင့် အသုံးချသွားသူများ၊ စစ်အာရှင်များနှင့် လက်ဝါးချင်းရိုက်ကာ ဘက်ပေါင်းစုံဖြင့် အမြတ်ထုတ်သူများကိုလဲ လေ့လာတွေ့ရှိရပါသည်။ 

ထို့ကြောင့်သာ ယနေ့အထိ EAOs များအနေဖြင့်နိုင်ငံရေးနှင့် တော်လှန်ရေးတွင် တပ်​ပေါင်းစုဆုံမှတ်ကို မဖော်ဆောင်ကြခြင်း ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ နိုင်ငံရေးထုထည်ကြီး တည်ဆောက်ရန် စုပေါင်းအင်အားစုနှင့် နိုင်ငံရေး ဘုံမျှော်မှန်းချက် တူညီရန် အလွန်အရေးကြီးပါ၏။ နိုင်ငံရေးမျှော်မှန်းချက် မတူကွဲပြားမှုသည် အားနည်းချက်ဟာကွက်ကြီးဖြစ်ခဲ့ပြီး အာဏာရှင်တို့အတွက် Divide and Role နည်း​​ဖြင့် အင်အားဖြိုခွဲရန် အကောင်းဆုံးသော ဗျူဟာပရိယာယ် ဖြစ်ခဲ့ကာ သိသိကြီးနှင့် အကျိုးစီးပွားမက်လုံးများအောက်တွင် တဘုန်းဘုန်း ကျရှုံးနေကြရသည်ကို သတိမူသင့်ပြီ ဖြစ်သည်။ ၂၀၂၁ ပြည်လုံးကျွတ် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၏ အာဏာရှင်စနစ်အမြစ်လှန် တိုက်ထုတ် ဖျက်စီးသည် စစ်မှန်သော ပြည် ထောင်စုမူကို တည် ဆောက်ရေးအတွက် မဟာအခွင့်အရေးတရပ်ဖြစ်၏။ ဤ အခွင့်အရေးတရပ်ကြီးကို နိုင်ငံရေးသမားအားလုံးက လက်မလွှတ်ပဲ အမိအရဆုပ်ကိုင်အသုံး ချရန် အလွန်အရေးကြီးလှပါသည်။အဓိကအားဖြင့် အမျိုးသားပြည်ထောင်များမှ သာကူးနိုင်ငံရေးသမားများ၊ တော်လှန်ရေးကို ကိုယ်ကျိုးအတွက် အသုံးချနေသူများနှင့် ဗမာလူမျိုးနိုင်ငံရေး သမားများအနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံရေးကတိကဝတ် ပျက်ကွက်ခြင်းပုံရိပ်ဆိုးကြီးကို နိုင်ငံရေးဂုဏ်သိက္ခါ၊ လူမျိုးဂုဏ်သိက္ခါ ပြန်လည်အဖတ်ဆယ်ရန် အခွင့်အရေးဖြစ်သည်ကို သတိပြုရန် လိုအပ်ပါသည်။

ယခုတော်လှန်ရေးကာလကြာရှည်လာသည်နှင့်အမျှ ခေတ်သစ် တော်လှန်ရေးနှင့် နိုင်ငံရေးမျိုးဆက်သစ်များ၏ အတွေ့အကြုံနှင့် သဘောထားအယူအဆများသည်လည်း တဖြေးဖြေးနှင့်တိုးတက်ပြောင်းလဲလာနေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။ ထို့အတူ ယခင် ရှိနေခဲ့ပြီးသော EAOs များကိုလည်း အတွေးသစ်အမြင်သစ်များနှင့် အယူအဆသစ်များကို ပေးနေကြပြီဖြစ်ပြီး EAOs အဖွဲ့အစည်းများနှင့် ခေါင်း ဆောင်များအနေဖြင့် ခေတ်သစ်လူငယ်မျိုးဆက်သစ်များ၏ ခံယူချက်၊ သဘောထား၊ အယူအဆများနှင့် သွေဖယ်လို့မရဘဲ လိုက်ညှိကာ လမ်း ကြောင်းသစ်များ၊ မူဘောင်သစ်များ၊ မူဝါဒသစ်များ ဖော်ဆောင်တည်ဆောက်ရန် လိုအပ်လာပါ သည်။ မျိုးဆက်သစ်များအနေဖြင့် ရှေ့မီ EAOs များ၏ အကျိုးကျေးဇူးကြောင့် တော်လှန်ရေးနှင့် နိုင်ငံရေးဖြစ်စဥ်များကို ပိုမိုသဘောပေါက်လာကြပြီ ဖြစ်သကဲ့သို့ တပ်ပိုင်းဆိုင်ရာစီမံမှု၊ ကြီးကြပ်ကွက်ကဲမှု၊ လမ်းညွှန်မှုများလည်း တဖြေးဖြေးနှင့် စနစ်ကျလာပြီ ဖြစ်သည်။ တော်လှန်ရေးနှင့် နိုင်ငံ ရေးလမ်းကြောင်း ချည်းကပ်ဖြေရှင်းရာတွင် ခေတ် သစ် တော်လှန်ရေးနှင့် နိုင်ငံရေးအယူအဆသစ်များကို ဆန်းသစ်သောအမြင်ဖြင့် လမ်း ကြောင်းဖောက်နေကြပြီ ဖြစ်သည်။ မျိုးဆက်သစ်များ၌ အတွေ့ အကြုံပိုင်းဆိုင်ရာ အားနည်းချက်များရှိမည်မှာ မလွဲသော်လည်း စိတ်ပိုင်းဆိုင်ရာ ကြီးမားသော စွမ်းအင်နှင့် တွန်းအား၊ စိန်ခေါ်မှုအသစ်ကို စွန့်စားရင်ဆိုင်ရဲသော ခံယူချက်တို့တွင် အားရစရာကောင်းနေသည်မှာ ငြင်းမရသော အချက်ဖြစ်သည်။ တော်လှန်ရေးနှင့် နိုင်ငံရေးသမိုင်းနောက်ခံ အကျိုးအပြစ်များကိုလည်း လေ့လာသိရှိထားကြပြီး ဖြစ်၍ ပရမ်းပတာ ဖြစ်စဥ်များ အလွန်​နည်းပါးလှခြင်း ဖြစ်သည်။( ဥပမာ-ပါဂျောင်လူသတ်မှု ဖြစ်စဥ်ကဲ့သို့သော ဖြစ်ရပ်၊ ဗကပ၏ ဖြုတ်၊ ထုတ်၊ သတ် စည်းမျဥ်း၊)ထို့ကြောင့် မျိုးဆက်သစ် နိုင်ငံရေးသမားများနှင့် တော်လှန်ရေးသမားတို့ကို မှန်ကန်သော လမ်း ကြောင်းပေါ် ဆွဲတင်ရန်နှင့် စစ်မှန်သော ပြည် ထောင်စုမူ လမ်းကြောင်းပေါ်ရောက်အောင် သွင်းတင်ပေးရန် အလွန်အရေးကြီးလှပါသည်။ ခေတ်သစ်မျိုးဆက်သစ်များအပေါ် ညစ်ပတ်သောနိုင်ငံရေးနှင့် တော်လှန်ရေး အတွေးအခေါ်အယူအဆများ လုံးဝ မရိုက်သွင်းသင့်ပေ။ ယခင် ခေတ်အဆက်ဆက်၏ ညစ်ပတ်သောနိုင်ငံရေးအရိပ်မည်းကြီးအောက်မှ မျိုးဆက်သစ်များ ရှင်သန်ခွင့် ကင်း လွတ်စေရန် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရတော့မည် ဖြစ်သည်။ 

ယနေ့ ၂၀၂၁ ပြည်လုံးကျွတ် လက်နက်ကိုင် တော် လှန်ရေးလမ်းကြောင်းပေါ်တွင်​ပင် CRPH/NUG မှ ဗမာပြည်နယ်ဖွဲ့စည်းရေးနှင့် စစ်မှန်သော ပြည် ထောင်စုမူကို မရေးဆွဲနိုင်ခြင်းသည် ဗမာနိုင်ငံရေး သမားများ၏ စစ်မှန်သော ပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးမူဘောင်ကို ဖော်ဆောင်ရန် မလိုလားကြသည်မှာ ပို၍ ထင်ရှားလာစေသည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ ခေတ်အဆက်ဆက် ဗမာနိုင်ငံ ရေးသမားများ၏ မရိုးသားမှုနှင့် နိုင်ငံရေးကတိအဝတ်သစ္စာ မတည်မြဲခြင်းကို ပိုမို ခိုင်မာစေသည်ဟု အတိ အကျ ယူဆရပေတော့မည်။ ထို့ကြောင့် စစ်မှန် သော ပြည်ထောင်စုမူကို မရေးဆွဲနိုင်သေးသ၍ နိုင်ငံရေးအရ ခိုင်မာသောအာမခံချက် မရှိသ၍ ယုံကြည်မှုတည်ဆောက်၍ ရမည်မဟုတ်တော့ပေ။ ယုံကြည်မှုမတည်ဆောက်နိုင်ပါက တော် လှန်ရေးလမ်းကြောင်းသည်လည်းစွမ်း အားဆုံမှတ် (သို့) အားလုံးစုံပူးပေါင်းထားသော အင်အားစုကြီး အဖြင့်သို့ မရောက်ရှိနိုင်ပေ။ အင်အားများ ပြန့်ကျဲနေမည် ဖြစ်ပြီး အင်အားစုစည်း၍ ရမည်မဟုတ်ပေ။ စကစအနေဖြင့် ထုထည်ကြီးမားသော အင် အားကို ဝင်ဆောင့်ရန် အခွင့်အရေးမှ လွတ် မြောက်သွားတော့မည် ဖြစ်သည်။ အင်အားကို အင်းအားဖြင့် ဖြိုခွင်းရန် ထုထည်ကြီး မားရန် လိုအပ်သည်ကို သာမန် နိုင်ငံရေးသမားတစ်ယောက်ပင် သိပါသည်။

ဤလို အခွင့်အရေးမျိုးကို ယခုလိုကာလတွင် ဗမာနိုင်ငံရေးသမားများအနေဖြင့် အသုံးချရန် မလိုလားပါက အမျိုးသားပြည်ထောင်များကလည်း ပြတ် သားသော လမ်းစဥ်ကို လျှောက်လှမ်းကြရန်သာ ကျန်တော့၏။ နောက်ဆုံးတွင် ဗမာလူမျိုး၊ ဗမာနိုင်ငံရေးသမားများနှင့် ပူးပေါင်းကာ နိုင်ငံရေးအာမခံချက်မရှိ၊ နိုင်ငံရေးမူဘောင်မရှိသော ယောင် ဝါးဝါး တော်လှန်ရေးလမ်းကြောင်းမှ ခွဲထွက်ကာ အမျိုးသားလွတ်လပ်ရေးလမ်းကြောင်းကို ရွေး ချယ် လျှောက်လှမ်းခြင်းသည်သာ အမျိုးသားပြည်ထောင်များအတွက် စစ်မှန်သော တော်လှန်ရေး ဖြစ်ပါမည်။ စစ်မှန်သော ပြည်ထောင်စုမူသာလျှင် နိုင်ငံရေးနှင့် တော်လှန်ရေး၏ ကြီးမား သော ထုထည်ဖြစ်သည်။ ထို ကြီးမားသော ထုထည်ကို ကွန်ဖက်ဒရေးရှင်း စနစ်ဖြင့်သာလျှင် တည် ဆောက်နိုင်၏။ စစ်မှန် သော ပြည်ထောင်စုမူသည် ကွန်ဖက်ဒရေးရှင်းသာလျှင်ဖြစ်ပေတော့၏။ 

နိဂုံးချုပ်ရလျှင် တော်လှန်ရေးသမားများ၊ တော် လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၊ အမျိုးသားရေးသမားများ၊ ပါတီများ၊ နိုင်ငံ ရေးအင်အားစုများ၊ နိုင်ငံရေးသမားများအားလုံးသည် ကြီးမားသော နိုင်ငံရေးနှင့်တော်လှန်ရေး ထု ထည်ကိုဖွဲ့စည်း တည်ဆောက်နိုင်ရန် စစ်မှန်သော ပြည်ထောင်စုမူကို မဖြစ်မနေ လက်ခံကြရန်နှင့် နိုင်ငံရေးလောဘကို အဆုံးသတ်ကြရန် လိုအပ်ပါသည်။ စစ်မှန်သော ပြည်ထာင်စုမူသည် အမျိုး သားပြည်ထောင်များ၏ တူညီသော နိုင်ငံရေးဘုံရည်မှန်းချက်ဖြစ်သင့်၏။ အမျိုးသားပြည်ထောင်များ၏ မူလဖြစ်တည်မှုကို အပြန်အလှန် အသိ အမှတ်ပြုနိုင်မှ စစ်မှန်သော ပြည်ထောင်စုကို တည် ဆောက်နိုင်မည် ဖြစ်သည်။ အမျိုးသားပြည်ထောင်များ၏ မူလဖြစ်တည်မှုသည် လွတ်လပ်သော ကိုယ် ပိုင်အုပ်ချုပ်ခွင့်၊ ကာကွယ်ခွင့်၊ နိုင်ငံရေးနှင့် အုပ် ချုပ်ရေးအရ စွပ်ဖက်မှုမှ ကင်းဝေးခြင်းဖြစ်သည်။ ထိုအချက်များ သည် ကွန်ဖင်ဒရေးရှင်း၏ အနှစ် သာရ ဖြစ်သည်။ ဤ အနှစ်သာရသည်လည်း စစ်မှန်သော ပြည် ထောင်စုမူ ဖြစ်၏။ စစ်မှန်သော ပြည်ထောင်စုမူဘော​င်ကို အခြေခံခြင်းသည် ကျွန် တော်တို့ အားပြုသင့်သော နိုင်ငံရေးနှင့် တော်လှန်ရေးလမ်းစဥ်ပင် ဖြစ်ပါတော့၏။

Khaisa

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်မှာ တစ်ရက်အတွင်း အရပ်သား လေးဦး ပစ်သတ်ခံရ၊ တစ်ပတ်အတွင်း သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်လို့ အရပ်သား လေးဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တစ်ပတ် ...

ဆက်ဖတ်ရန်