တမူးမြို့နယ်၊ အာရှလမ်းမဘေးမှာရှိတဲ့ ခမ်းပတ်မြို့ ကို ဇူလိုင် ၂၅ ရက်နေ့လည်ပိုင်းနဲ့ ယနေ့ ဇူလိုင် ၂၆ ရက်မနက်ပိုင်းတွင် လေကြောင်းဖြစ် သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇူလိုင် ၂၂ ရက်ညတွင် ခမ်းပတ်မြို့ စစ်ကောင်စီ ရဲစခန်းနဲ့ တပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယနေ့အချိန်ထိတိုက်ပွဲဖြစ်ပွားလျက်ရှိတယ်။ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက်က လူငယ်တစ်ဦးသေဆုံးပါတယ်။
နောက်နေ့ ဇူလိုင် ၂၃ ရက်တွင် ရဟတ်ယာဉ်ဖြင့် ၂ကြိမ် စစ်ကောင်စီတပ်က အင်အားဖြည့်လာခဲ့ပြီး ဂျက်လေယာဉ်ဖြင့်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် ခမ်းပတ်မြို့နဲ့ အနီးက ကာနန်ကျေးရွာက ပြည်သူအားလုံးနီးပါး ကလေးမြို့ဘက်နဲ့ အိန္ဒိယ၊ မဏီပူရ်ပြည်နယ်ဘက်သို့တိမ်းရှောင်ကြပါတယ်။ ကလေးမြို့ဘက်သို့ ပြည်သူ တစ်ထောင်ခန့် တိမ်းရှောင်ကြပြီး မဏီပူရ်ပြည်နယ်ဘက်သို့လည်း တစ်ထောင်ခန့်တိမ်းရှောင်ကြပါတယ်။ ဒါကို အိန္ဒိယသတင်းဌာနဖြစ်တဲ့ NDTV က မဏီပူရ်ပြည်နယ်မှာ လူမျိုးရေးအဓိကရုန်းဖြစ်နေတဲ့ချိန်မှာ ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၇၁၈ ဦးဟာ မဏီပူရ်ပြည်နယ်သို့ တရားမဝင် ဝင်ရောက်လာတယ်လို့သတင်းဖော်ပြထားပါတယ်။ ကသည်းလူမျိုးများက မဏီပူရ်ပြည်နယ်မှာ ဘိုးဘွားခေတ်ကတည်းကနေထိုင်တဲ့ ကူကီးနဲ့ ဇိုမီးလူမျိုးတွေဟာ မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာပြီး ၎င်းတို့နယ်မြေကိုလုယူသွားတယ်လို့မှတ်ယူကြပါတယ်။
ယမန်နေ့ ဇူလိုင် ၂၅ ရက် နေ့လည် ၁၂ နာရီလောက်တွင် ရဟတ်ယာဉ် ၂ စီးပျံသန်းလာပြီး ခမ်းပတ်မြို့သို့ ထောက်ပို့ပေးတယ်လို့သိရတယ်။ ပြီးနောက်တိုက်ပွဲဖြစ်ပွားကာ ညနေ ၄ နာရီလောက်တွင် MI 35 ရဟတ်ယာဉ်ဖြင့် စက်သေနတ်နဲ့ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ညနေ ၅ နာရီလောက်တွင် ဂျက်လေယာဉ်တစ်စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားပါတယ်။ ယင်းည ၁၁ နာရီလောက်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက် ၂ ဦးသေဆုံးခဲ့ပါတယ်။
ယနေ့ မနက် ၁၀ နာရီလောက်တွင် ဂျက်လေယာဉ်ဖြင့် ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက်ပေါ်ဗုံးကြဲတိုက်ခိုက်ရာ လူနေအိမ် တစ်လုံးထက်မနည်း မီးလောင်သွားတယ်လို့ သတင်းရရှိပါတယ်။ အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် ကလေးမြို့ကနေ ခမ်းပတ်၊ တမူးမြို့ဘက်သို့ မည်သည့်ကားမှမသွားရဲကြပါ။
ယနေ့ညနေပိုင်းတွင် ကလေးမြို့ပေါ် ရဟတ်ယာဉ်တစ်စီးက ၃ကြိမ်ပျံဝဲထောက်လှန်တယ်လို့ ဒေသခံတွေထံက သိရတယ်။