ခရစ်ယာန်ဘာသာဝင်တွေအပေါ် စစ်ကောင်စီရဲ့ကျူးလွန်မှုတွေကို အမေရိကန်လွှတ်တော်မှာ ကြားနာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ခရစ်ယာန်ဘာသာ၀င်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေ ပိုတိုးလာတဲ့အကြောင်း ချင်းအဖွဲ့အစည်းနဲ့အခြား မြန်မာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန်လွှတ်တော်မှာ ဆွေးနွေးကြားနာပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီကြားနာပွဲကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ရဲ့ ကော်မရှင်နာ မင်းကြီး စတီဖင် ရှာနက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရ ဦးကျော်ဇော်၊ အမေရိကန်ပြည်ထောင်စု ကချင်နှစ်ခြင်းဘုရားကျောင်း များအသင်းက သိက္ခာတော်ရဆရာတော် Ah Le နဲ့ မေရီလန်းပြည်နယ် ချင်းအဖွဲ့အစည်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ‌ဦးဇိုသုန်းမှုန်တို့ တက်ရောက်ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ခရစ်ယာန်ဘာသာဝင်တွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ အခြေအနေအကြောင်းကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ တိုးလာနေပြီး စစ်တပ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အပြင် ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားဖမ်းဆီးတာနဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားသတ်ဖြတ်တာ၊ အပြစ်မရှိဘဲ ဖမ်းဆီးထောင်ချတာတွေ တိုးလာနေတဲ့အကြောင်း တက်ရောက်လာတဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေက တင်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့ ရာဇဝတ်မှုတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရင်းမြစ် မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့ အချက်နှစ်ချက်ကို မေရီလန်းပြည်နယ် ချင်းအဖွဲ့အစည်းက ဦးဇိုသုန်းမှုန်က သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကို အဓိကထား တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကနေ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ခရစ်ယာန်တွေကို အဓိကထားပြီးတော့ တိုက်ခိုက်လာတာ ပိုပြီးတော့ များလာတယ်။ ဘုရားကျောင်းတွေလည်း ဖျက်ဆီးတယ်။ အမှုတော်ဆောင် တွေလည်း သတ်ဖြတ်တယ်။ ဥပမာအနေနဲ့ ထန်တလန်မြို့မှာဆို ခရစ်ယာန်ဘုရားကျောင်းက ၂၂ ခုရှိတယ်။ ၂၁ ခုက အကုန်လုံး ဖျက်ဆီးခံခဲ့ရတယ်။ စစ်အစိုးရကနေ အခုလို ဘုရားကျောင်း ဖျက်ဆီးတယ်။ တိုက်လေယာဉ်သုံးပြီးတော့ အပြစ်မဲ့ ပြည်သူတွေ၊ ရွာတွေကို ဖျက်ဆီးတယ်။ အဲဒါကို War Crimes စစ်ရာဇဝတ်မှုများ၊ Crime Against Humanity လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအဖြစ် သတ်မှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။”

အဲဒီ လွှတ်တော်အစည်းအဝေးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်မြို့နယ်က ခရစ်ယာန်ဘာသာဝင် ချင်းအမျိုးသမီးတစ်ဦးနဲ့ ချင်းဓမ္မဆရာတစ်ဦးကလည်း လူကိုယ်တိုင် တက်ရောက်ပြီး ထွက်ဆိုခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်တာဝန်ရှိသူတွေက မြန်မာနိုင်ငံမှာ လူနည်းစုဘာသာဝင်တွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာနဲ့ ပက်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း ပြောကြား ခဲ့တယ်လို့ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့မှာ ထန်တလန်မြို့ပေါ်က နေအိမ်တွေကို စစ်ကောင်စီတပ်က စတင်မီးရှို့ဖျက်စီးခဲ့တာဖြစ်ပြီး မီးငြိမ်းသတ်ဖို့သွားတဲ့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးကိုလည်း စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်က စပြီး ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါအ၀င် ဘာသာရေးအဆောက်အဦး ပျက်စီးထိခိုက်တာ ၉၅ခု ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်