ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၃)

ဆလိုင်းဗန်ကျုံးလျန် (ယူကေ)

ပါလီမာန်ဒီမိုကရေစီပါတီဥက္ကဌ ဦးနုမဟာမိတ်တပ်ပေါင်းစုမှ နုတ်ထွက်ခြင်း

ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု (NULF) သည် PDP, KNU, NMSP တို့နှင့် ဖွဲ့စည်းခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် CDP စတင်ပါဝင်ခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ဘက်တွင်လည်း မဟာမိတ်အဖြစ် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) နှင့် ချင်းလွတ်မြောက်ရေးတပ်မတော် (CLA) တို့ပါဝင်ကြသည်။ မဟာမိတ်သက်တမ်းအတွင်း ပြသနာမျိုးစုံနှင့် ရင်ဆိုင်ခဲ့ကြသည်။ အမှန်စင်စစ် ဦးနုတို့အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင်များ မဟာမိတ်ဖွဲ့နိုင်သည့်အကြောင်းရင်းမှာ မူဝါဒပိုင်းဆိုင်ရာတွင် သဘောတူကြခြင်းကြောင့်မဟုတ်ဘဲ ဦးနု၏အဖွဲ့ ငွေရေးကြေးရေး အင်အားတောင့်တင်းသည့် အတွက်ကြောင့်ပင်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ မဟာမိတ်ဖွဲ့စည်းခဲ့ကြပြီးနောက် ဗမာလူမျိုး ပြည်ချစ်တပ်မတော်မှ တပ်သားများ KNU ရှေ့တန်းစခန်းသို့ ပို့ဆောင်ခဲ့ကြသည့် အချိန်တွင် တစ်ဦးနှင့်အတစ်ဦး အယုံကြည်မရှိခဲ့ကြသဖြင့် ရှေ့တန်းတွင် ပြသနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။ KNLA တပ်သားများမှလည်း ၎င်းတို့ သွေး၊ချွေးနှင့်ရင်းပြီးကာကွယ်ခဲ့ရသည့် နယ်မြေများ ပြည်ချစ်တပ်မတော်မှ မြန်မာတပ်သားများထံသို့ လွှဲပေးရမည့် အဖြစ်မျိုးလက်မခံနိုင်ခဲ့ကြချေ။ ထိပ်တန်းခေါင်းဆောင်ဘက်တွင် အယူဝါဒကွဲပြားမှုများကြောင့် မဟာမိတ်အဖြစ်ရပ်တည်ရန် တစ်နေ့ပြီးတစ်နေ့ ခက်ခဲလာခဲ့သည်။ မဟာမိတ်ဖွဲ့စည်းသည့်အချိန်တွင် မဟာမိတ်မူ၊ ပေါ်လစီအရ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်ဖြစ်သည်။ သို့သော် မွန်ပြည်သစ်ပါတီမှ မွန်ပြည်နယ်တောင်းခံရာတွင် ပါလီမာန်ဒီမိုကရေစီ ခေါင်းဆောင်များဘက်မှ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ ဦးနုသည်လည်း တော်လှန်ရေးနယ်မြေ ရှေ့တန်းစခန်းသို့ သွားရောက်ခြင်းမရှိဘဲ ဘန်ကောက်တွင်သာ နေထိုင်ခဲ့သည့်အချက်ကြောင့် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ မဟာမိတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်ဗိုလ်များသည် ငွေရေးကြေးရေး သုံးဖြုန်းနိုင်ကြပြီး အောက်ခြေစစ်သားများသည် အခက်အခဲမျိုးစုံနှင့် ဆင်းရဲဒုက္ခများ ရင်ဆိုင်ကြရသည့်အဖြစ်ကြောင့် အောက်ခြေစစ်သား နှင့် စစ်ဗိုလ်အရာရှိများအကြား တင်းမာမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် မြန်မာအစိုးရမှလည်း ဦးနုထိုင်းနိုင်ငံအတွင်း နေထိုင်ပြီး မြန်မာအစိုးရအား တော်လှန်ရေးလုပ်သည့်အတွက်ကြောင့် ထိုင်းအစိုးရကို ဖိအားပေးမှုများရှိခဲ့သည်။

KNU ဥက္ကဌကြီး ဦးမန်းဘဇံ ခေါင်းဆောင်သည့် ကရင်အမျိုးသားအစည်းအရုံးမှလည်း ဦးနုထံသို့ ဖက်ဒရယ်မူ နှင့် ခွဲထွက်ခွင့်မူ များကို တောင်းဆိုလာကြသည့် အချိန်တွင် ဦးနုဘက်မှ လိုက်လျောမှုမပြုနိုင်ခဲ့ချေ။ မဟာမိတ်ဖွဲ့စည်းသည့်အချိန်တွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု (Federal Union Republic) တည်ထောင်ရန် ထိပ်သီးခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ကြသော်လည်း ထိုသဘောတူညီချက်အရ ရှေ့ဆက်ဆောင်ရွက်မည့်မူများအား တော်လှန်ရေးနယ်မြေသို့ ချမှတ်သည့်အချိန်တွင် ပြသာနာများဖြစ်ပေါ်လာခဲ့သည်။ KNU တပ်သားများအနေဖြင့် အကယ်၍ ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပြီးသည့်တိုင်အောင် ၎င်းတို့တိုက်ပွဲဝင်တောင်းဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး (The Right to Self Determination) နှင့် ခွဲထွက်ခွင့် (The Right to Secede) စသည့်အချက်များ လက်လွှတ်ဆုံးရှုံးမည့်အချက်ကို လက်မခံနိုင်ခဲ့ကြချေ။ KNU နှင့် MNLA အတွင်း၌လည်း မကျေနပ်ချက်များ ထွက်ပေါ်လာခဲ့သောကြောင့် မဟာမိတ်မူတွင် ခွဲထွက်ခွင့်အား ဦးနုတို့အဖွဲ့အနေဖြင့် လက်ခံရန် ဖိအားပေးတောင်းဆိုလာခဲ့သည်။ PDP/PLA အနေဖြင့် တော်လှန်ရေးခရီအတွက် တိုင်းရင်းသားတို့၏ တော်လှန်ရေးနယ်မြေသည် အဓိကအချက်ဖြစ်သောကြောင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့၏ တောင်းဆိုမှုများအား လိုက်လျောရန် ဗိုလ်ချုပ်ကြီးလက်ျာ နှင့် အခြားထိပ်သီးခေါင်းဆောင်များ ဆန္ဒရှိကြသည်။ သို့သော် ဦးနုက KNU အဖွဲ့ တောင်းဆိုသည့် ခွဲထွက်ခွင့်မူကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ KNU နှင့် NMSP တို့မှ ထပ်မံဖိအားပေးရာ မဟာမိတ်အနေဖြင့် ခွဲထွက်ခွင့်မူ (The Right to Secede) အား ၁၉၇၂ ခုနှစ် ဧပြီလ တွင်လက်ခံခဲ့ကြသည်။ ဦးနုသည်လည်း “ခွဲထွက်ချင်တဲ့သူတွေနေခဲ့” ဟုဆိုကာ မဟာမိတ်မှ နုတ်ထွက်ခဲ့သည်။ ထိုစဉ် ထိုင်းအစိုးရအာဏာပိုင်များမှလည်း ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာရန် ဖိအားပေး ပြောကြားခဲ့ကြသဖြင့် ဦးနုသည် ၁၉၇၃ နှစ်ဦးပိုင်းတွင် အမေရိကန်သို့ ခွင့်ကာလရှည်ယူပြီး (Sabbatical) ထွက်ခွာသွားခဲ့ပြီးနောက်တွင် အိနွိယနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဦးနု ထွက်ခွာသည့်နောက်ပိုင်းတွင် ဗိုလ်လက်ျာ မှ တော်လှန်ရေးအား ခေါင်းဆောင်ခဲ့သည်။ သို့သော် တော်လှန်ရေးအစပြုသူ၊ တော်လှန်ရေး၏ အဓိကကျောရိုးဖြစ်သူ၊ တော်လှန်ရေးအတွက် အဓိကအဖြစ် ငွေရေးကြေးရေး ရှာဖွေသူ ဦးနုနုတ်ထွက်သည့် နောက်ပိုင်းတွင် ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု (National United Liberation Front) သည်လည်း ပြိုကွဲရေးဘက်သို့ ဦးတည်လာခဲ့သည်။

ချင်းလွတ်မြောက်ရေးတမတော်၏ ရှေ့တန်းတိုက်ပွဲများ (၁၉၇၃)

၁၉၇၃ ခုနှစ် ဇန်နာဝါရီလကုန်တွင် ချင်းလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးဘမြင့် (Lam Kang) ဦးဆောင်သည့် တပ်သားတစ်ချို့သည် KNU တပ်မဟာ ၇ ဒေသရှိ ရှေတန်းစခန်းတွင် ပထမအသုတ်အဖြစ် ချီတက်ခဲ့ကြသည်။ မဟာမိတ်အတွင်း အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ယှဉ်လျင် ချင်းတပ်ဖွဲ့သည် အင်အားနည်းသောကြောင့် ချင်းတပ်ရှိမှန်းပင် ရှေ့တန်းရောက် စစ်သားများမှ မသိခဲ့ကြပေ။ မေလ ၄ ရက်၊ ၁၉၇၃ တွင် စစ်ဦးစီးချုပ် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း နှင့် တပ်အင်အား ၅၀ တို့သည်လည်း ရှေ့တန်းတွင် ချီတက်ခဲ့ကြပြီး ဗိုလ်ကြီးဘမြင့် (Lam Kang) ခေါင်းဆောင်သည့်တပ်ခွဲနှင့် ပူးပေါင်းခဲ့ကြသည်။ ဇူလိုင်လ ၁၀ ရက်နေ့ ၁၉၇၃ နံနက် ၁ နာရီ မှ နံနက် ၉ နာရီအချိန်ထိ ဗိုလ်မှူးဝီလီယံခေါင်းဆောင်သည့် ရှေ့တန်းရောက် ချင်းလွတ်မြောက်ရေးတပ်မတော်သည် ဗဟိုအစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအကြောင်းကို ဗိုလ်ကြီးလျန်ထန်း (Captain Lian Thang) ၏ မှတ်တမ်းထဲတွင် “ချင်းတပ်ဖွဲ့သည် ဗမာ့တပ်မတော်၊ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၉ လက်အောက်ခံ အမှတ် (၅၈) တပ်ရင်းနှင့် ၁၉၇၃ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁ နာရီ မှ နံနက် ၉ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗမာ့တပ်မတော်ဘက်မှ ၃၅ ဦးကျဆုံးပြီး လက်နက် နှင့် အရေးကြီးသည့် စာရွက်စာတမ်းများကို မိမိတို့သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရောက် ဗိုလ်မှူးဝီလီယံမှ လိုင်မီးစခန်းသို့ ကြေးနန်းပို့လာခဲ့သည်” ဟုတွေ့ရှိနိုင်သည်။

ချင်းလွတ်မြောက်ရေးတပ်မတော်ထဲမှ အရာရှိတစ်ချို့ Left to Right ဗိုလ်ကြီးလျန်ထန်း, ဗိုလ်ကြီးထန်းလှယ်မန်း (Pu Michael Mang Kham), ဗိုလ်ကြီးဒေနီယဲလ်ထန်လျန်း (Pu David Thang Za Pau), ဗိုလ်ကြီးညီညီ ချင်းမျိုးချစ်စခန်း (Phundawt Camp)

ထို့နောက် ဗိုလ်ကြီးလျန်ထန်းပါဝင်သည့် ချင်းတပ်စိတ်သည်လည်း ရှေ့တန်းသို့ ချီတက်ခဲ့ကြပြီး ထိုအချိန်မှ ၁၉၇၄ ဇွန်လ အကြား ဗမာ့တပ်မတော်နှင့် တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုအကြောင်းကို ဗိုလ်ကြီးလျန်ထန်း၏ မှတ်တမ်းထဲတွင် “ဗိုလ်မှူးဝီလီယံတို့ တိုက်ပွဲပြီးတဲ့နောက်ပိုင်း ချင်းတပ်နာမည်ရလာတယ်။ အဲဒီတိုက်ပွဲအပြီးမှာ ကျွန်တော်တို့အသုတ်တွေ ရှေ့တန်းရောက်လာကြတယ်။ မဟာမိတ်တွေကလည်း ချင်းတပ်ရှိမှန်း သိလာခဲ့ကြတယ်။ မဟာမိတ်တပ်ဖွဲ့တွေ စိတ်လှုပ်ရှားတက်ကြွလာကြပြီး ပဲခူးရိုးမရှေ့တန်းတွင် စခန်းချတဲ့ ဗိုလ်ဖိုးမြ နှင့် ဗိုလ်မေရီအုန်း နှင့် ပြည်ချစ်တပ်မတော်မှ ဗိုလ်မှူးအောင်မြင့် တို့ဦးဆောင်တဲ့တပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတယ်။ ကျွန်တော်ရှေ့တန်းရောက်ပြီးတဲ့ နောက်ပိုင်း ကျွန်တော်တို့ KNU နယ်မြေကနေ မဆုတ်ခွာမီအချိန် (၁၉၇၄ ဇွန်လ) အထိဗမာ့တပ်မတော်နှင့် တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ ဗိုလ်မှူးဝီလီယံတို့ တိုက်တဲ့ တိုက်ပွဲနဲ့ဆိုရင် ချင်းလွတ်မြောက်ရေးတပ်မတော်နဲ့ ဗမာ့တပ်မတော်တိုက်တာ ကိုးကြိမ်ရှိတာပေါ့။ မဟာမိတ်ဘက် ဗိုလ်ဖိုးမြ နှင့် ဗိုလ်မေရီအုန်း နှင့် ပြည်ချစ်တပ်မတော်မှ ဗိုလ်မှူးအောင်မြင့် တို့တပ်ဖွဲ့ထဲမှာတော့ ကျဆုံးတဲ့သူတွေများတယ်။ ကျွန်တော်တို့ ချင်းလွတ်မြောက်ရေးတပ်မတော်ထဲမှာတော့ ဗိုလ်ကြီးတစ်ယောက်နဲ့ တပ်ကြပ်ကြီးတစ်ယောက်ဘဲ ဒဏ်ရာရတယ်” ဟုတွေ့ရှိနိုင်သည်။

ချင်းလွတ်မြောက်ရေးတပ်မတော် ရှေ့တန်း (KNU တပ်မဟာ ၇ နယ်မြေ) မှ ဆုတ်ခွာခြင်း

PDP/PLA/UNLC မှ ဦးနု နှုတ်ထွက်ခဲ့သည့်နောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအတွင်း၌ ပြသနာမျိုးစုံ ပေါ်ပေါက်လာခဲ့သည်။ ဦးနုကို အားကိုးပြီး တော်လှန်ရေးထဲသို့ လိုက်လာခဲ့ကြသည့်သူများ ဦးနုမရှိတော့သည့်အခါ တော်လှန်ရေး အောင်မြင်နိုင်မှု ရှိနိုင်မည်မဟုတ်သည်ကို သိရှိကြပြီး တပ်မှ ထွက်ပြေးသူများ တစ်နေ့ပြီးတစ်နေ့ များပြားလာခဲ့သည်။ ချင်းလွတ်မြောက်ရေးတပ်မတော် အတွင်း၌လည်း တပ်မှ ထွက်ပြေးသူများ၊ ချင်းတပ်မှ အခြားတပ်သို့ ပြောင်းရွှေ့သူများကြောင့် ၁၉၇၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ တပ်အင်အား ၁၅၀ ကျော်မှ ၁၀၀ ဝန်းကျင်သာ ကျန်ရစ်ခဲ့သည်။ ချင်းလူမျိုးထဲမှာလည်း ချင်းဒီမိုကရေစီပါတီဝင်များဖြစ်ကြသော Pu David Thang နှင့် Pu No Kap Thang တို့သည်လည်း ပါတီမှ နှုတ်ထွက်သွားကြသည်။ ဦးမန်တလင်း (Pu Mang Tling) နှင့် ဗိုလ်ကြီးလျန်ထန်းတို့ နှင့်အတူ မတူပီမှထွက်လာခဲ့သည့် ဗိုလ်ကြီးပေါလ်ရဲအောင် (Captain Paul Ye Aung aka Paul Khei Chai) သည်လည်း ချင်းတပ်မှ ၁၉၇၃ နှစ်ကုန်ပိုင်းတွင် နှုတ်ထွက်ခဲ့ပြီး မြန်မာပြည်ကာ အလင်းဝင်ခဲ့သည်။ ချင်းလွတ်မြောက်ရေးတပ်မတော်သည် ရှေ့တန်းတွင် ၁၉၇၄ နှစ်လယ်ပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၁၉၇၄ ဇွန်လ ၁၄ ရက်နေ့တွင် KNLA ခေါင်းဆောင် ဗိုလ်ချုပ်မြထံမှ ချင်းတပ်သို့ ကြေးနန်းတစ်စောင်ရောက်ရှိလာခဲ့ပြီး ဗိုလ်ချုပ်မြမှ ချင်းတပ်အား ဗိုလ်မှူးကြီး ကလက်စတုန်း (Colonel Glad Stone) ဦးဆောင်သည့် စစ်ကြောင်းနှင့် ပူးပေါင်းပြီး ရှေ့တန်းတွင် စစ်ဆင်ရေး ဆောင်ရွက်ရန်ဖြစ်သည်။ သို့သော်လည်း KNU နှင့် PDP/PLA အကြား ဆက်ဆံရေးပျက်ပြားခဲ့ပြီး KNU မှ ပြည်ချစ်တပ်နှင့်မဟာမိတ်များ KNU နယ်မြေမှ အမြန်ဆုံး ထွက်ခွာရန် ရာဇသံပေးပို့ခဲ့သည်။ KNU/KNLA ခေါင်းဆောင် ဗိုလ်ချုပ်မြမှ ချင်းတပ်စစ်ဦးစီးချုပ် ဗိုလ်မှူးဝီလီယံထံသို့ ချင်းလွတ်မြောက်ရေးတပ်မတော် KNU နယ်မြေမှ အမြန်ဆုံးထွက်ခွာရန် ဇွန်လ ၁၄ ရက်နေ့ ၁၉၇၄ တွင်ကြေးနန်းပို့ခဲ့ခြင်းကြောင့် ချင်းတပ်ဖွဲ့မှာ အလွန်အံ့အားသင့်ခဲ့ရသည်။ ရှေ့တန်းရောက် ချင်းလွတ်မြောက်ရေးတပ်မတော်သည်လည်း အလျင်အမြန် ကမန်းကတန်း KNU နယ်မြေမှ ထွက်ခွာခဲ့ကြရသည်။ ၎င်းတို့၏ လက်နက်၊ ကျည်ဆန်၊ ကိရိယာအားလုံး သယ်ဆောင်ခဲ့ကြသည်။ လက်နက်များကို ဆင်ခြောက်ကောင် ဖြင့်သယ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း လက်နက်များအားလုံး မသယ်ဆောင်နိုင်ခဲ့သည့်အတွက်ကြောင့် စောမူပလော ရွာသူကြီးထံတွင် HK (33) ရိုင်ဖယလ် ၃၂ လက်နှင့် ကျည်ဆန် ၅၀၀၀ တို့အား ချန်ထားခဲ့ကြသည်။ ထိုမှတဆင့် လိုင်မီးစခန်းဘက်သို့ ဆုတ်ခွာခဲ့ကြရပြီး KNU နယ်စပ်စခန်း စောထာသို့ရောက်ရှိသည့်အချိန်တွင် HK (33) ရိုင်ဖယ်လ် ကျဉ်ဆန် (၄,၀၀၀) ချန်ထားခဲ့ကြပြန်သည်။ ချင်းတပ်ဖွဲ့သည် ဇွန်လ ၂၈ ရက်နေ့ ၁၉၇၄ ခုနှစ်တွင် လိုင်မီးစခန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၁၉၇၄ တွင်ကျင်းပသည့် KNU ကိုးကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် KNU သည် မဟာမိတ် UNLC မှထွက်ခွာကြောင်း ကြေငြာပြီး UNLC သည်လည်း ပြိုကွဲသွားခဲ့သည်။ ၁၉၇၄ ဇူလိုင်လ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးလက်ျာ ထံမှ လိုင်မီးစခန်းသို့ ကြေးနန်းတစ်စောင် ရောက်ရှိခဲ့သည်။ ထိုကြေးနန်းထဲတွင် ချင်းတပ်ကို ပြည်ချစ်တပ်မတော်မှ ထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း အကြောင်းကြားသည့် ကြေးနန်းဖြစ်သည်။ ထိုနေ့တွင်ပင် ဗိုလ်မှူးဝီလီယံ တပ်သားများထဲမှ တပ်သား ၁၅ ဦး (HK33 ရုင်ဖယ်လ် ၁၅ လက် နှင့် ကျည်ဆန် ၅၀၀ နှင့် M79 ၃ လက်အပါအဝင်) တို့သည် ပြည်ချစ်တပ်မတော်မှ ဗိုလ်ချုပ်ကြီးလက်ျာ၏ သမက်ဖြစ်သူ ကရင်လူမျိုး ဗိုလ်မှူးဒေါက်တာမန်းမြင့်ဆိုင်ထံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထို ၁၅ ဦးထဲတွင် အရာခံဗိုလ်ဝင်းမြင့်ဆန်း နှင့် ဇော်ဝင်းတို့လည်း ပါဝင်သည်။ ဗိုလ်ကြီးဝင်းမြင့်ဆန်းသည် နောက်ပိုင်းတွင် လာဟူလက်နက်ကိုင်တပ်ဖွဲ့သို့ ပြောင်းရွှေ့ခဲ့သည်။ ဗိုလ်မှူးဝီလီယံနှင့်အတူ ထိုင်းနိုင်ငံကို ရောက်လာသည့် ဗိုလ်ကြီးထန်းလှယ်မန်း (မိုက်ကယ်မန်ခမ်း) သည်လည်း ချင်းတပ်ဖွဲ့ KNU နယ်မြေမှ ဆုတ်ခွာသည့်အချိန်တွင် KNU တပ်ဖွဲ့ထံ၌ ကျန်ရစ်ခဲ့ပြီး ၁၉၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကာလတွင် မြန်မာပြည်သို့ ပြန်သွားပြီး အလင်းဝင်ခဲ့သည်။

ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း (Pu David Thang Za Pau) ကျဆုံးခြင်း

ချင်းတပ်ဖွဲ့ KNU နယ်မြေမှ ဆုတ်ခွာသည့်အချိန်တွင် စောမူပလောရွာ (Sawmuplaw) နှင့် စောထာ (Sawhta) စခန်းတွင် ချင်းလွတ်မြောက်ရေးတပ်မတော် ရှေ့ဆက် တော်လှန်ရေးလုပ်ဆောင်နိုင်ရန်အတွက် ထိုလက်နက်များသည် အရေးကြီးသည်။ KNU ကမူ ချင်းတပ်ဖွဲ့မှ တပ်သားများ KNU နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်သည်။ သို့သော်ချင်းတပ်ဖွဲ့အနေဖြင့် တော်လှန်ရေးရှေ့ဆက်လုပ်ငန်းစဉ်အတွက် အလွန်အရေးကြီးသည့် ထိုလက်နက်များအား သွားယူရန်ပြင်ဆင်ခဲ့ကြသည်။ ထိုလက်နက်များအား သွားယူရန်အတွက် ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း နှင့် တပ်ကြပ်မြင့်ကျော်တို့အား တာဝန်ပေးအပ်ခဲ့ရသည်။ ဗိုလ်ကြီးလျန်ထန်း၏ မှတ်တမ်းထဲတွင် … “အဲဒီလက်နက်တွေ ကျွန်တော် (ဗိုလ်ကြီးလျန်ထန်း) နှင့် ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း (Pu David Thang Za Pau) တို့မှ သွားယူဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် စခန်းမှာ မောစ်ကုတ်သုံးတဲ့ကြေးနန်း သုံးတတ်တဲ့သူမရှိတာကြောင့် ဦးမန်တလင်းမှ ကျွန်တော့ကို ကျန်နေခဲ့ဖို့ပြောတယ်။ ကျွန်တော့အစား ကရင်လူမျိုး ကရင်စကားလည်း တတ်ကျွမ်းသူ တပ်ကြပ်မြင့်ကျော် နဲ့အစားထိုးထားတယ်။ တပ်ကြပ်မြင့်ကျော်ကတော့ သူအမေ ကရင် သူ့အဖေက ဗမာဖြစ်ပြီး ကရင်စကားလည်း ပြောတတ်တာကြောင့် ပိုပြီးအဆင်ပြေမယ့်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့တယ်။ သူတို့နှစ်ယောက် လိုင်မီးစခန်းကနေ ဇူလိုင် ၅ ရက် ၁၉၇၄ မှာထွက်ခွာခဲ့ကြတယ်။ ဒါပေမယ့် သူတို့ထွက်ပြီးသွားတဲ့နောက်ပိုင်း ဘာသတင်းမှ ကျွန်တော်တို့မကြားတော့ဘူး။ ကျွန်တော်တို့ဘက်က KNU ဌာနချုပ်နှင့် ပြည်ချစ်တပ်မတော်ကိုလည်း လိုင်မီးစခန်းကနေ ကြေးနန်း (Morse) ပို့ခဲ့ကြတယ်။ ဒါပေမယ့် ဘာသတင်းမှ ကျွန်တော်တို့မရခဲ့ဘူး။ ကျွန်တော်တို့ အကြိမ်ကြိမ်စုံစမ်းပြီးတဲ့ နောက်ပိုင်းမှာမှ ပြည်ချစ်တပ်မတော် ဗိုလ်ချုပ်စောကြာဒိုးကနေ စက်တင်ဘာလ ၁၆ ရက်နေ့ ၁၉၇၄ မှာ “ဗိုလ်ကြီးဒေနီယဲလ်ထန်လျန်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ သတ်ဖြတ်ခြင်းကို ခံရသည်” ဆိုပြီး ကြေးနန်းဝင်လာတယ်။ ကျွန်တော်တို့ မယုံကြည်နိုင်ခဲ့ဘူး။ အဲဒီအကြောင်းကို အတည်ပြုဖို့ ကျွန်တော်တို့ KNU ဌာနချုပ်မှာ အကြိမ်ကြိမ်မေးမြန်းခြင်းပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့ ၁၉၇၄ တွင် KNU ဌာနချုပ်ဘက်မှ အကြောင်းပြန်ကြားခဲ့တယ်။ ဗိုလ်ကြီးဒေနီယဲလ်ထန်လျန်း သည်ကရင်တပ်ဖွဲ့၏ အဆုံးစီရင်ခြင်းကို ခံရခြင်းဖြစ်သည် ဆိုပြီးအကြောင်းပြန်လာတယ်။ အဲဒီသတင်းကြားပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ အရမ်းဝမ်းနည်းခဲ့ရတယ်။ ကျွန်တော်ဆိုရင် တစ်ပတ်လောက် အိပ်မရ၊ စားမဝင် ဖြစ်ခဲ့ရတယ်။ သူမထွက်ခွာခင်တုန်းက သူ့မှတ်ပုံတင် နှင့် သူ့မိသားစုဓာတ်ပုံတွေကို ကျွန်တော့ဆီမှာ ထားခဲ့တယ်။ တပ်ကြပ်မြင့်ကျော်အကြောင်းလည်း ကျွန်တော်တို့ဘာမှ မကြားရတော့ဘူး” ဟုတွေ့ရှိနိုင်သည်။ ထိုသို့ဖြင့် တော်လှန်ရေးဘက်တွင် အလွန်စိတ်အားထက်သန်သည့် လူငယ် ဗိုလ်ကြီးဒေနီယဲလ်ထန်လျန်း (Pu David Thang Za Pau) အသက်ဆုံးရှုံးခဲ့ရသည်။

NULF မဟာမိတ်ပြိုကွဲခြင်းပျက်စီခြင်း

၁၉၇၄ နှစ်ကုန်တွင် ချင်းလွတ်မြောက်ရေးတပ်မတော်၏ အင်းအားသည် ဗိုလ်မှူးဝီလံလျန်ခေါင်းဆောင်သည့် တပ်သား ၂၀ ခန့်သာကျန်ရစ်ခဲ့တော့သည်။ ဗိုလ်မှူးဝီလီယံနှင့် ၎င်းတပ်သား ၂၀ ခန့်သည်လိုင်မီးစခန်းအနီးတွင် သီးနှံစိုက်ပျိုးကြပြီး နယ်စပ်ကုန်သွယ်ရေးတွင်လည်း စီးပွားရေးလုပ်ကိုင်ခဲ့ကြသည်။ ဗိုလ်ကြီးလျန်ထန်းသည်လည်း ချင်းမိုင်မြို့သို့ ပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ခဲ့သည်။ ပါလီမာန်ဒီမိုကရေစီ ဥက္ကဌ ဦးမန်တလိန်းသည်လည်း ၁၉၇၄ ဒီဇင်ဘာလတွင် ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး The Nation တတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် ဝန်ကြီးချုပ်ဦးနုကို အလွန်လေးစား အားကိုးသူဖြစ်ပြီး ဝန်ကြီးချုပ်ဦးနုနှင့်အတူ တော်လှန်ရေးလုပ်ရန် ချင်းပြည်မှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ရာ ဦးနု နှုတ်ထွက်သွားသည့်နောက်ပိုင်းတွင် တော်လှန်ရေး၌ စိတ်အားထက်သန်ခြင်း မရှိခဲ့တော့ချေ။ ၁၉၇၄ ဒီဇင်ဘာလ နောက်ပိုင်း ချင်းဒီမိုကရေစီပါတီသည် နာမည်အဖြစ်သာ ကျန်ရစ်ပြီး နိုင်ငံရေးဘက်တွင် လှုပ်ရှားမှုမရှိခဲ့တော့ဘဲ ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှ သာ ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော်သည်လည်း ဗိုလ်မှူးဝီလီယံနှင့် အင်အား ၂၀ ခန့်သာကျန်ရစ်ခဲ့ပြီး သီးနှံစိုက်ပျိုးခြင်း နှင့် စီးပွားရေးလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကာ ရှေ့ဆက်တော်လှန်ရေးအတွက် လာမည့်အခွင့်အရေးကို စောင့်မျှော်ခဲ့ကြသည်။

ရခိုင်လွတ်မြောက်ရေးပါတီ၊တပ်မတော် ဥက္ကဌကြီး နှင့် ရခိုင့်အာဇာနည် ဗိုလ်ခိုင်မိုးလင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မြ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌကြီးဦးမန်းဘဇံ တို့နှင့်အတူတွေ့ရစဉ်

ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) နှင့် ဗိုလ်ချုပ်ကြီးလက်ျာ (ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးအောင် -(ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှူး) တို့နှင့်အတူ .. ချင်းမျိုးချစ်စခန်းသို့ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ်။
17th December 1972 – ချင်းမျိုးချစ်စခန်း (Phun Dawt Camp)

ပါလီမာန်ဒီမိုကရေစီပါတီကိုလည်း နောက်ပိုင်းတွင် ပြည်သူ့မျိုးချစ်တပ်မတော် (People Patriotic Party) ဟုနာမည်ပြောင်းလဲခဲ့ကြသည်။ ဦးနုမရှိသည့်နောက်ပိုင်းတွင် ပြည်ချစ်တပ်မတော်အတွင်းတွင် မညီညွတ်မှုနှင့် ပြိုင်ဆိုင်မှုများပေါများဖြစ်ပွားခဲ့သည်။ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ရန်နိုင်သည် အခွန်ကောက်ခံခြင်းအငြင်းပွားမှုကြောင့် KNU တပ်သားများနှင့် ပစ်ခတ်မှုကြောင့် ပြည်ချစ်တပ်မတော်မှ ထုတ်ပယ်ခြင်းခံရသည်။ ပြည်ချစ်တပ်မတော်အတွင်း အဖွဲ့များကွဲပြားလာပြီး ဗိုလ်ချုပ်ကြီးလက်ျာ နှင့် ဗိုလ်ချုပ်သွင် ဦးဆောင်သည့် ပြည်ချစ်တပ်မတော် (အလယ်ပိုင်း) သာကျန်ရစ်ခဲ့သည်။ ပြည်ချစ်တပ်မတော်သည် အင်အားလျော့နည်းခြင်းကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၁၉၇၂ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်း တို့တွင်အချိန်မှီ လှုပ်ရှားနိုင်ခြင်းမရှိခဲ့ပါ။ ထိုအရေးခင်းများကြောင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် တော်လှန်ရေးနယ်မြေသို့ လျှို့ဝှက်သွားရောက်ပြီး ဗိုလ်ချုပ်ကြီးလက်ျာ၊ ဗိုလ်ချုပ်သွင်တို့နှင့် တွေ့ဆုံခဲ့သေးသည်။ ဆလိုင်းတင်မောင်ဦးသည် မြန်မာပြည်သို့ ပြန်လည်လျှို့ဝှက်ဝင်ရောက်ခဲ့ပြီး စစ်တပ်မှ ဖမ်းဆီးခြင်းကိုခံရကာ ဇွန်လ ၂၆ ရက်နေ့ ၁၉၇၆ ခုနှစ်တွင် ကြိုးပေးကွပ်မျက်ခြင်းခံရခဲ့သည်။ ပြည်ချစ်တပ်မတော်အတွင်း ဗိုလ်ချုပ်ရန်နိုင်၊ ဒေါက်တာမန်းမြင့်ဆိုင် နှင့် ဗိုလ်ချုပ်ကြီးလက်ျာ စသည်ဖြင့် သုံးဖွဲ့ကွဲခဲ့ကြပြီး ဗိုလ်ချုပ်ကြီးလက်ျာ ၏သား အောင်လက်ျာ လုပ်ကြံခံရသည့် အဖြစ်အပျက်ကြောင့် အချင်းချင်းပစ်ခတ်ခဲ့ကြသည်။ KNU မှလည်း ကြားဝင်ဖြန်ဖြေရန် ဆုံးဖြတ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးမြမှ တပ်ဖွဲ့စေလွှတ်ခဲ့သည်။ ထိုသို့တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဗိုလ်ချုပ်ကြီးလက်ျာ သည်ကျည်သင့်ပြီး သေဆုံးခဲ့ရသည်။ ထို့နောက်တွင် ပြည်ချစ်တပ်မတော်၏ တော်လှန်ရေးသည်လည်း အဆုံးသတ်ခဲ့ရတော့သည်။

ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့် ဗိုလ်မှူးဝီလီယံ ဆာလျန်ဇမ်း

ဗိုလ်မှူးဝီလီယံနှင့်တပ်သားအနည်းငယ်သည် လိုင်မီးစခန်းအနီးတွင် စခန်းချပြီး စိုက်ပျိုးရေး နှင့် စီပွားရေးလုပ်ကိုင်ပြီး ၁၉၇၅ နှင့် ၁၉၇၆ ခုနှစ်များ ဖြတ်ကျော်ခဲ့ရသည်။ ထိုအချိန်တွင် ဗိုလ်ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALA) သည် ရခိုင်ပြည်သို့ပြန်ပြီး တော်လှန်ရေးလုပ်ရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည်။ ရခိုင်ပြည်သို့ပြန်ရန်အတွက် ALA တပ်သည် မဲဟောင်ဆောင် (Mae Hong Son) အနီးသို့ စခန်းချနေချိန်ဖြစ်သည်။ ထိုအချိန်တွင် ဗိုလ်မှူးဝီလီယံ နှင့် ဗိုလ်ခိုင်မိုးလင်းတို့ တွေ့ဆုံခဲ့ကြပြီး ဗိုလ်ခိုင်မိုးလင်းမှ ဗိုလ်မှူးဝီလီယံအား သူတို့နှင့်အတူ လိုက် ပါသွားရန်ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ခိုင်မိုးလင်းသည်လည်း ဗမာ့တပ်မတော် (ရေတပ်) မှ ထွက်ခွာခဲ့သူဖြစ်ပြီး ဗိုလ်မှူးဝီလီယံ နှင့် ဗမာ့တပ်မတော်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကတည်းက သူတို့နှစ်ဦး သိကျွမ်းပြီးဖြစ်သည်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် ရခိုင်မျိုးချစ်တို့သည်လည်း တော်လှန်ရေးအစိုးရကို တော်လှန်ရန်အတွက် ရခိုင်လွတ်မြောက်ရေးပါတီ (Arakan Liberation Party) ကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ကြခြင်းကြောင့် ပါတီဥက္ကဌ ခိုင်မိုးလင်း နှင့် ခေါင်းဆောင်များ အဖမ်းခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် ခိုင်မိုးလင်း ထောင်မှလွတ်မြောက်လာပြီး ၁၉၇၃-ခုနှစ် နှစ်ဆန်းပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး ကော်မူးရာ နယ်မြေသို့သွားရောက်ပြီး KNU ခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ မန်းဘဇံ၊ ဗိုလ်ချုပ်ကြီး စောဘိုမြတို့နှင့် သဘောတူညီချက်စာချုပ်တခုချုပ်ဆိုနိုင်ခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တို့ကို ပြန်လည် ဖွဲ့စည်း ထူထောင်ခဲ့သည်။ ထိုသို့ ထူထောင်ရာတွင် ခိုင်မိုးလင်းကို ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စစ်ဦးစီးချုပ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ KNU နယ်မြေတွင် တပ်သားစုဆောင်း လေ့ကျင့်ပေးရင်း တဖြည်းဖြည်း အင်အားကောင်းလာပြီး လက်နက်ကိုင်တပ်ဖွဲ့မဟာမိတ်အသစ်ဖြစ်သော အမျိုးသားဒီမိုကရစ်တစ်တပ်ပေါင်းစု (National Democratic Front) တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ National Democratic Front (၁၉၇၆-၁၉၈၈) ကို ၁၉၇၆ တွင်ဖွဲ့စည်းခဲ့ပြီး
Arakan Liberation Party(ALP),
Kachin Independence Organization(KIO),
Karen National Union(KNU),
Karennni National Progressive Party(KNPP),
Kayan New Land Party(KNLP),
Lahu National Unity Party(LNUP),
Union Pa-O National Organisation(UPNO),
Palaung State Liberation Organization(PSLO) နှင့်
Shan State Progress Party(SSPP) စသည့်အဖွဲ့များပါဝင်သည်။

ဗိုလ်မှူးဝီလီယံ နှင့် ဥက္ကဌကြီးခိုင်မိုးလင်းတို့သည် ၁၉၇၆ နှစ်ဆန်းပိုင်း ကတည်းက အဆက်အသွယ်ရှိခဲ့ပုံရသည်။ ဗိုလ်မှူးဝီလီယံ ချင်းပြည်တွင် တော်လှန်ရေးလုပ်မည့် အစီအစဉ်ကို ဗိုလ်ကြီးလျန်ထန်း၏ မှတ်တမ်းထဲတွင် “၁၉၇၆ ဇန်နာဝါရီလ ၁၄ ရက်နေ့မှာ ဗိုလ်မှူးဝီလီယံနှင့် ကားမောင်းတဲ့သူတစ်ယောက် ချင်းမိုင်းကို ရောက်လာပြီး ပစ္စည်းလာရောင်းကြတယ်။ သူတို့ရောင်းမည့် ပစ္စည်းတွေကို ကျွန်တော်ဘဲ တာဝန်ယူပေးလိုက်တယ်။ အဲဒီမှာ ကျွန်တော်တို့ ဆွေးနွေးကြတယ်။ ဗိုလ်မှူးဝီလီယံကနေ ငါတို့အားလုံး ချင်းပြည်ပြန်ပြီးတော့ ချင်းပြည်ကနေတော်လှန်ရေး လုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ ခင်ဗျားလဲ ငါတို့နဲ့ လိုက်ခဲ့ပါလား။ ငါတို့ချင်းပြည်သွားတဲ့အချိန်ကြရင် ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ကို ချင်းအမျိုးသားတပ်မတော် (Chin National Army) ဆိုပြီး နာမည်ပြောင်းမယ်။ ငါတို့ ချင်းပြည်သွားနိုင်ဖို့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဆီမှာ အကူညီတောင်း ဖို့လိုလိမ့်မယ်။ ချင်းပြည်သွားတဲ့ တပ်သားမှန်သမျှ ချင်းပြည်ရောက်လို့ ရှိရင် ရာထူးအဆင့် သုံးဆင့်တိုးပေးမယ်။ ရခိုင်လွတ်မြောက်ရေးတပ်နှင့်လည်း ဆက်သွယ်ထားတယ်။ တစ်ကယ်လို့ သူတို့နှင့်ပြန်ဖြစ်ရင် သူတို့ရဲ့ ရခိုင်ပြည်ခရီးအတွက် ချင်းပြည်ရောက်တဲ့အချိန်မှာ ငါတို့ကဘဲ အစစအရာရာ သူတို့ရိက္ခာအတွက် စီစဉ်ပေးဖို့လိုလိမ့်မယ်” လို့သူပြောတယ်။ ကျွန်တော်လည်း စဉ်းစားပြီးတော့ ပြန်ပြောတယ်။ အခုချိန် ချင်းပြည်အခြေအနေကို သုံးသပ်ပြီး ချင်းပြည်မှာ တော်လှန်ရေးအတွက် တော်လှန်ရေးအင်အား နှင့် ရေခံမြေခံမရှိတဲ့ အခြေအနေမျိုးဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ စစ်ဆင်ရေးဘဲ လို့ကျွန်တာ်ပြန်ပြောခဲ့တယ်။ သူကလည်း ပြန်ပြောတယ် …. လူဆိုတာတစ်နေ့သေရမှာဘဲ .. ငါတို့ဘယ်မှာဘဲ နေနေ .. တစ်နေ့တော့ အားလုံးသေကြရမှာဘဲ .. ဒါပေမယ့် ငါတို့ဒီမှာ သေရတာထက် ချင်းပြည်မှာ ချင်းပြည်အတွက် သေရရင် ငါတို့အတွက် ပိုပြီးတော့တန်ဖိုးရှိတယ် .. လို့သူပြန်ပြောတယ်။ ကျွန်တော်ကလည်း စိတ်တော့မကောင်းဘူး .. အဲဒီလိုဆိုရင်လည်း ငါကတော့ လိုက်နိုင်မှာမဟုတ်ဘူး .. ခင်ဗျားတို့ဘဲ တော်လှန်ရေးလုပ်ဖို့ သွားကြပါ …. ကျွန်တော်ဒီကနေ ကူညီနိုင်တာရှိရင် တတ်နိုင်သမျှကူညီမယ် လိုကျွန်တော်ပြန်ပြောခဲ့တယ်။ သူကလည်း စိတ်ကျေနပ်စွာနဲ့ သဘောတူခဲ့တယ် .. ဟုတွေ့ရှိနိုင်သည်။

ALA/ALP ဥက္ကဌခိုင်မိုးလင်းဦးဆောင်သော မိုးလင်းရာဇာစစ်ကြောင်းသည် ရခိုင်ပြည်သို့ ချီတက်ပြီး တော်လှန်ရေးဆက်လုပ်ရန် KNU နယ်မြေမှ ၁၉၇၆ ဇွန်လတွင် စတင်ချီတက် ထွက်ခွာလာခဲ့ကြပြီး ကရင်နီနယ်စပ်တွင် စခန်းချခဲ့ကြသည့် အချိန်တွင် ဗိုလ်မှူးဝီလီယံ နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့သည့် အဖြစ်အပျက်ကို မိုးလင်းရာဇာစစ်ကြောင်းတွင် ပါဝင်ပြီး ALA နှင့်အတူ ချင်းပြည်ခရီးကို ဗိုလ်မှူးဝီလီယံတို့နှင့် အတူခရီးဆက်ခဲ့သူ ဗိုလ်မှူးခိုင်မျိုးမင်းမှ ယခုလိုပြန်လည်ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ရခိုင်ပြည်ပြန်ဖို့ မဲစာရင်း (Maesariang) ကနေ ၁၉၇၆ ဇွန်လမှစထွက်တယ်။ မဲဟောင်ဆောင် (Mae Hong Son) မြို့ မဲဟောင်ဆောင်အနောက်ဘက် SSPP ရှမ်းလက်နက်ကိုင်တွေ ဆက်ဆံရေးစခန်းဖွင့်တဲ့နေရာမှာ စခန်းချတယ်။ ဥက္ကဌကြီးက တစ်ခေါက်ပြန်သွားတယ် .. ဘယ်သွားလဲဆိုတာတေ့ အတိအကျမသိဘူ .. အဲဒီစခန်းမှာဘဲ ဥက္ကဌကြီးနှင့် ဗိုလ်မှူးဝီလီယံတို့ တစ်နေ့ညနေစောင်းတဲ့အချိန်လောက် ပြန်လာကြတယ်။ အဲဒီမှာ ဥက္ကဌကြီးက ဗိုလ်မှူးဝီလီယံကို ကျွန်တော်တို့ ရခိုင်တပ်နဲ့လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဗိုလ်မှူးဝီလီယံကလည်း သူလည်း ချင်းပြည်ပြန်ပြီး တော်လှန်ရေးလုပ်ဖို့ ကြိုးစားနေတယ် .. ဒါပေမယ့် ငွေရေးကြေးရေး ဘက်မှာ အဆင်မပြေသေးတဲ့အကြောင်း သူပြေန်ပြောတယ် .. ဦးနုပါတီကနေ သူတို့ချင်းပါတီကို ထောက်ပံ့ခဲ့တဲ့လက်ကျန်ငွေ သူရှာနေတဲ့အကြောင်းပြောတယ်။ သူကအဲလိုပိုက်ဆံရှာပြီး ချင်းပြည်အတွက် တော်လှန်ရေး ဆက်လုပ်ဖို့ကြိုးစားနေတဲ့အကြောင်း ပြောတယ်။ ချင်းတွေထဲမှာ သူဘဲတော်လှန်ရေး လုပ်ဖို့ ကြိုးစားတယ်။ ဦးမန်တလင်းတို့ ဆိုရင် ဦးနုမရှိတဲ့အချိန်နောက်ပိုင်း တော်လှန်ရေးဘက် စိတ်မဝင်စားတော့ဘူး။ ဥက္ကဌကြီးကလည်း အခုလိုမျိုးကြုံဖို့ ဆုံဖို့ဆိုတာမလွယ်ဘူး .. ကျွန်တော်တို့ ကြုံတဲ့အချိန်မှာ ကျွန်တော်တို့ အတူသွားရအောင် .. ခင်ဗျားလိုအပ်တဲ့အရာတွေကို ကျွန်တော်တတ်နိုင်သဘောက် ပံ့ပိုးပေးမယ် .. ငွေရေးကြေးရေး လက်နက်တွေဖြစ်ဖြစ် ကျွန်တော်တို့ ပံ့ပိုးပေးမယ် လို့ပြောခဲ့တယ် .. နောက်ပြီးတော့ ချင်းလွတ်မြောက်ရေးတပ်မတော်ကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရစ်တစ်တပ်ပေါင်းစု (National Democratic Front) မှာအဖွဲ့ဝင်ဖြစ်နိုင်အောင် ကူညီမယ်” လို့ဥက္ကဌကြီးက ပြောခဲ့တယ်။ ဗိုလ်မှူးခိုင်မျိုးမင်းမှ ဆက်လက်ပြောကြားရာတွင် “အဲဒီချိန်တုန်းက တိုင်းရင်းသား နယ်မြေတိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ရှိတယ်။ ချင်းပြည်မှာဘဲ လက်နက်ကိုင်တပ်ဖွဲ့မရှိတာ။ ဥက္ကဌကြီးကလည်း ချင်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့ရှိလို့ရှိရင် ချင်းပြည်အတွက်ကော ရေရှည် ရခိုင့်တော်လှန်ရေးအတွက်ကော အထောက်အကူပြုမယ်လို့ သုံးသပ်ထားတယ်၊ အဲဒါကြောင့် ဗိုလ်မှူးဝီလီယံကို ချင်းပြည်မှာ အခြေချပြီး တော်လှန်ရေးလုပ်ဖို့ ပြောခဲ့တာ” ဟုပြောကြားခဲ့ပါသည်။
+++++++++++++++++++++++++++++++++++++
ဆက်လက်ဖော်ပြပါမည်။
အပိုင်း (၄) တွင် ဗိုလ်ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း ခေါင်းဆောင်သည့် ချင်းလွတ်မြောက်ရေးတပ်မတော်တို့၏ မိုးလင်းရာဇာစစ်ကြောင်းကြီး မိုင်နှစ်ထောင်ကျော် ရှည်လျားသောခရီးအား တော်လှန်ရေးအတွက် ချီတက်ခဲ့ကြသည့် အကြောင်း၊ ချင်းပြည်နယ်အတွင်း တိုက်ပွဲများဆင်နွဲခဲ့ကြပြီး သေမင်းတမာန်နှင့် ချိန်းတွေ့ခဲ့ကြသည့် ဝမ်းနည်းကြေကွဲဖွယ်ရာ အကြောင်းများ၊ ဗမာ့တပ်မတော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ာ၏ မြရတနာစစ်ဆင်ရေးအကြောင်းများ ဖော်ပြသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်